ငါးတို့၏ အဆန်လမ်း သို့မဟုတ် မျိုးဆက်၏တာဝန်ထမ်းကြသူများ


ဆန်းဝင်း (ငါးဦးစီး)

ငါးတို့သည် တစ်နေရာတည်းတွင် နေထိုင်လေ့မရှိဘဲ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းသွားလာလျက်ရှိပေသည်၊၊ အဓိကအားဖြင့် မိတ်လိုက်ဥချသားပေါက်ရန် ရွှေ့ပြောင်းသွားလာခြင်း (Spawning migration)၊ အစားအစာရှာဖွေ စားသောက်ရန် ရွှေ့ပြောင်းခြင်း (Feeding migration)၊ ၎င်းတို့အတွက်လုံခြုံသည့် နေရာရှာဖွေရန် ရွှေ့ပြောင်းသွားလာခြင်း (Overwintering migration) စသည့်အကြောင်းရင်းများကြောင့် ရာသီအလိုက် တစ်နေရာမှ အခြားတစ်နေရာသို့ ရွှေ့ပြောင်းသွားလာကြပေသည်။

ယခုလို မိုးဦးကာလရောက်လျှင်ဖြင့် ၎င်းတို့၏ မျိုးဆက်တာဝန်ထမ်းဆောင်ကြရန်အတွက် မိတ်လိုက် ဥချသားပေါက်ရန် ရွှေ့ပြောင်းသွားလာကြပြီ ဖြစ်သည်၊၊ ငါးတို့တွင် ငါးရံ့၊ ငါးခူ၊ ငါးကျည်း၊ ငါးပြေမ၊ ငါးဘတ်၊ ငါးကြင်းစသည့် ရေချိုမှာ တစ်သက်လုံး နေထိုင်ကြသည့် (Potamodromous) ငါးမျိုးများ၊ ငါးလင်ပန်းကဲ့သို့သော ရေချိုတွင်နေထိုင်ပြီး မျိုးပွားရန်အတွက် ရေငန်ကိုပြန်ကြသည့် (Catad- romous) ငါးမျိုးများ၊ ဆယ်လ်မွန်ငါးများကဲ့သို့ ပင်လယ်တွင်နေထိုင်ပြီး မျိုးပွားရန်အတွက် ရေချိုကိုပြန်လာကြသည့် (Anadromous) ငါးမျိုးများစသည်ဖြင့် မတူကွဲပြားသော ရေပြင်များကို သွားလာကြပြီး လောကဓမ္မတာအရ၎င်းတို့၏ မျိုးဆက်ပြန့်ပွားရန် တာဝန်ထမ်းဆောင်ကြပါသည်။

ကျွန်တော်ရေးခဲ့သည့် ငါးတို့၏ အပြန်လမ်း(သို့) ရေချိုငါးလုပ်ငန်းတွင် ဖော်ပြသကဲ့သို့ ယခင်နှစ် မိုးနှောင်းရာသီက လူတို့ဖမ်းယူ စားသောက်ခြင်းမှ လွတ်မြောက်ပြီး မြစ်များ၊ ချောင်းမကြီးသို့ ပြန်လည်ရောက်ရှိသည့်ငါးများသည် ယခုလို မိုးဖြိုင်ဖြိုင် ရွာချိန်တွင် ငါးအထီး၊ အမကြီးများ (Breeders) များအဖြစ် ရောက်ရှိနေကြပြီဖြစ်သည်၊၊ ၎င်းတို့ မျိုးဆက်တာဝန် ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေပေသည်။

ရေချိုငါးများ သားပေါက်ရာတွင် ဧရာဝတီလင်းပိုင်ကဲ့သို့ ရေနေနို့တိုက်သတ္တဝါမှလွဲ၍ ခန္ဓာကိုယ်ပြင်ပတွင် သန္ဓေအောင်ကြသည်။ အရွယ်ရောက် ငါးအမကြီး၏ဗိုက်ထဲရှိ ဥများမှာ မိုးဦးရာသီ ရောက်လျှင် ဥများ ကြီးထွားရင့်မှည့်လာသော်လည်း ငါးအထီးနှင့် တွေ့ဆုံမိတ်လိုက်မှသာ ဥချလေ့ရှိသည်။ မိတ်လိုက်ဥချရာတွင် ငါးအမက ဥကို ညှစ်ထုတ်ပြီး ငါးအထီးက သုက်ရည်ဖျန်းပေးကာ ပြင်ပတွင် သန္ဓေအောင်စေပါသည်။

 

mdn

 

ငါးများသားပေါက်ရာတွင် မိဘစောင့်ရှောက်သောငါးများ (Parental care) နှင့် မိဘစောင့်ရှောက်မှု မရသောငါးများ (Non parental care) ဟူ၍ ရှိသည်၊၊ ငါးရံ့ကဲ့သို့ငါးမျိုးတွင် ငါးငယ်ကလေးများကို ငါးအထီးက လိုက်လံစောင့်ရှောက်သဖြင့် အခြားအသားစား သတ္တဝါများရန်မှ ကင်းဝေး၍ ရှင်သန်နှုန်း (Survival) မြင့်မားပါသည်။ သို့သော် ရေချိုငါးအများစုမှာ မိဘစောင့်ရှောက်လေ့မရှိဘဲ သင့်တော်သည့်နေရာတွင် မိတ်လိုက်ဥချပြီး ထွက်ခွာသွားလေ့ရှိကြသည်။

သို့ရာတွင် မျိုးဆက်ရှင်သန်ရန်အတွက် သဘာဝကပေးသော အသိရှိသည်။ ဥမှပေါက်ခါစ ငါးငယ်ကလေးများသည် ရေတစ်တောင်ထက်ကျော်၍ နက်လျှင်ရေနစ်သေကြသည်။ ငါးတို့မှာ နို့တိုက်သတ္တဝါကဲ့သို့ သားသမီးကို ကျွေးမွေးရန် မရှိကြသဖြင့် အစာရှိသည့်နေရာ၊ ရေတိမ်သည့်နေရာများကို ရှာဖွေကြသည်။

ယခုလို မိုးဖြိုင်ဖြိုင်ရွာချိန် ကွင်းရေအနည်းငယ် တက်ပြီဆိုသည်နှင့် ရိုးချောင်းငယ်လေးများ၊ လယ်ကွင်းကိုင်းကွင်းများ၊ မြက်တောကြီးများသည် ရေလျှံကွင်းဖြစ်လာပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးခဲ့သော ဓာတ်မြေသြဇာများ၊ ရိုးပြတ်များ၊ အပင်သေများ၊ နွားချေး၊ ကြက်ချေးများ ရေတွင်ပျော်ဝင်ကာ ငါးတို့၏သဘာဝအစာဖြစ်သော အပင်မျောလှေး (phytoplankton)၊ အပင်မျောလှေး (zooplan- kton) များ ပေါက်ပွားလာကာ အစာများဖြင့် ပြည့်ဝနေသော မိတ်လိုက်ဥချ သားပေါက်ရန်နေရာ (spawning ground) နှင့် အစာရှာဖွေကွင်း (feeding ground) စသည်ဖြင့် ငါးတို့အတွက် နတ်ဘုံနတ်နန်းသဖွယ် ပေါ်ပေါက်လာပါတော့သည်။

ငါးတို့သည် မြစ်မချောင်းမကြီးမှ ၎င်းတို့ ဥချသားပေါက်မည့် ရေလျှံကွင်းများသို့ လာရာလမ်းကြောင်းသည် အနှောင့်အယှက်များစွာ ရှိပါသည်၊၊ ထိုအချိန်တွင် လူတို့၏ ဖမ်းယူစားသောက်ခြင်းကို ခံရသဖြင့် မိတ်လိုက်ဥချခွင့် မရတော့ဘဲ သေဆုံးကြရသည်။ ယခုအချိန်တွင် မိတ်လိုက်ဥချသားပေါက်ကြမည့် ငါးများကိုမဖမ်းကြဘဲ ခေတ္တစောင့်ဆိုင်းခြင်းဖြင့် သန်းပေါင်းများစွာသော ငါးများပေါက်ပွားလာမည်ဖြစ်သည်။ ထိုငါးများသည် မည်သူကမျှ အစာကျွေးစရာမလိုဘဲ၊ ငါးကန်တူးဖော် စရာမလိုဘဲ သဘာဝရေ၊ သဘာဝအစာဖြင့် အခမဲ့ ငါးရိက္ခာရရှိကြမည် ဖြစ်သည်။

သဘာဝတိုင်းရင်းငါးများသည် ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေးအတွက် လိုအပ်သော အခွန်အခ ငါးရိက္ခာ ငါးအာဟာရ အလုပ်အကိုင် အခွင့်အလမ်းများ နှစ်စဉ်ရရှိနေမည်ဖြစ်သောကြောင့် ငါးရစ်ငါးသန် ရာသီချိန် မေလ၊ ဇွန်လ၊ ဇူလိုင်လများတွင် ငါးဖမ်းဆီးခြင်းကို တားဆီးရန်မှာ ဌာနဆိုင်ရာများသာမက ငါးစားသုံးသူများအားလုံးတွင် တာဝန်ရှိသည်။ ကျွန်တော်တို့၏ တိုင်းရင်းငါးများသည် သက်ရှိ သတ္တဝါများဖြစ်သည့်အတွက် ၎င်းတို့ဘဝတစ်လျှောက် တစ်ကြိမ်လောက် ဥချသားပေါက်ခွင့်ရရှိရေး ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။