နီပေါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု စတင်ဆောင်ရွက်

ခတ္တမန္ဒူ ၊ ၂၇ ဇန်နဝါရီ 

 

နီပေါအစိုးရသည် နိုင်ငံအတွင်း ပထမအဆင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ယနေ့မှစ၍ ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

နီပေါအစိုးရသည် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးစင်တာ ၁၂၀ ခု ဖွင့်လှစ်ထားပြီး ထိုစင်တာများတွင် ပြည်သူများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။ 

 

ပထမအဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများနှင့် ဘိုးဘွားရိပ်သာများတွင် နေထိုင်သော သက်ကြီးရွယ်အိုင်များကို ပထမဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးရန် ရွေးချယ်သတ်မှတ်ထားကြောင်း သိရသည်။ 

 

နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအခမ်းအနားကို ဝန်ကြီးချုပ်ကေပီရှာမာအိုလီက ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ပြီး မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနယ်ပယ်တွင် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံအများအပြားနှင့် နှိုင်းယှဉ်ကြည့်ပါက ကာကွယ်ဆေးထိုးနှံမှု စောစောစီးစီး စတင်နိုင်ခဲ့သည့်နိုင်ငံဖြစ်လာကြောင်း ပြောကြားခဲ့သည်။

 

နီပေါအစိုးရသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လိုအပ်သောပြည်သူအားလုံးကို လာမည့်သုံးလအတွင်း အခမဲ့ထိုးနှံပေးရန် စီစဉ်ထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

 

တစ်ချိန်တည်းမှာပင် နီပေါကျန်းမာရေးဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေးထိုးနှံရန်စီစဉ်ထားပြီး ပြည်သူအားလုံးကို ဦးစားပေးစာရင်းအပေါ် မူတည်၍ အဆင့်ဆင့် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ