နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ပြည်ပမှကျောင်းသား၊ ကျောင်းသူ (၃၅၀) ကျော် မြန်မာဘာသာစကား သင်ယူလျက်ရှိ

ရန်ကုန် ၃၀ ဇူလိုင်

 

ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံခြားဘာသာတက္ကသိုလ်တွင် နိုင်ငံပေါင်း(၁၁)နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၃၅၀)ကျော် မြန်မာစာဘာသာကို သင်ယူလျက်ရှိပြီး ယမန်နှစ်ထက် ကျောင်းသား(၂၀)ကျော် တိုးလာကြောင်း သိရသည်။

 

နိုင်ငံခြားဘာသာတက္ကသိုလ်တွင် နိုင်ငံခြားဘာသာ(၉)ဘာသာကို သင်ကြားပေးလျက်ရှိရာ ယခုနှစ်တွင် ကျောင်းသား (၈၅၀)ကျော်ကို လက်ခံမည်ဖြစ်သည်။ အထူးသဖြင့် ဂျပန်ဘာသာ(၁၅၀ဝ)ကျော်၊ အင်္ဂလိပ်စာ(၁၂၀ဝ)ခန့်နှင့် ကျန်သောဘာသာများမှာ (၅၀ဝ)ခန့်စီ လျှောက်ထားကြောင်း သိရသည်။

 

“ဆရာအင်အားနဲ့ ကျောင်းသားအင်အား မမျှဘူးလို့ပြောလို့ရပါတယ်။ ညနေသင်တန်း၊ စနေ ၊တနဂငေ်္နွသင်တန်းတွေ ဖွင့်ထားတယ်။ နံက်စောစောလည်း ပုံမှန်ဘွဲ့လွန် ဒီပလိုမာသင်တန်းလည်း ရှိတယ်။ ကျွန်တော်တို့ တက္ကသိုလ်ကြီးက ရှေးရှေးထဲက ဒီပလိုမာသင်တန်းတွေနဲ့ စလာတာလေ။ ဒါကြောင့်တန်ဖိုးလည်းထားတယ်။ အရေးလည်းကြီးတယ်။ မြို့ပေါ်ကနိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းအတော်များများက ကျောင်းမှာဘွဲ့လွန်ဒီပလိုမာ သင်တန်းတက်ပြီးမှ ဘဝအဆင့်မြင့်ဖို့၊ လုပ်ငန်းခွင့်အဆင်မြင့်ဖို့ကြိုးစားကြတာ များတယ်။ အဲ့ဒီသင်တန်းမှာလည်း လူ (၇၀ဝ) နီးပါးရှိနေတယ်။ (၄)နှစ်မှာ ဒီပလိုမာရတယ်ဆိုတော့ ခေတ်ကာလနဲ့ မဆီလျော်ပေမယ့် လိုချင်တဲ့သူတော့များတယ်။ ညနေ(၅)နာရီကနေ (၇)နာရီ မိနစ် ၂၀ ထိ အင်္ဂလိပ်စာ အပါအဝင် (၉)ဘာသာကို သင်တန်းဖွင့်ပေးထားသေးတယ်။ အဲ့ဒီသင်တန်းတွေကို တက်ချင်တဲ့သူ (၃)သောင်းနီးပါးရှိပေမယ့် သင်ပေးနိုင်တာက (၃)ထောင်နီးပါးပဲ ရှိတယ်။ ရုံးပိတ်ရက်ဆိုရင် (၅၀ဝ)ကျော် သာသင်ပေးနိုင်ပေမယ့် တက်ချင်တဲ့သူက သောင်းချီရှိနေတယ်။ ဆရာ၊ ဆရာမလည်း နည်းတယ်။ နိုင်ငံခြားဘာသာစကား သင်ကြားပေးဖို့၊ ခန့်ထားဖို့ မလွယ်ဘူးဖြစ်နေတယ်။ ဝန်ထမ်းအင်အား အခက်အခဲတော့ရှိနေတယ်” ဟု နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမေက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောသည်။

 

အောက်တိုဘာလတွင် စာသင်ဆောင်များ တိုးချဲ့တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး စာသင်ခန်းပေါင်း(၄၀)ခန်း တိုးလာမည်ဖြစ်ရာ ကျောင်းသားဦးရေ တိုးချဲ့ရန် ရည်ရွယ်မထားသော်လည်း လက်ရှိစာသင်ခန်းအတွင်းရှိ ကျောင်းသားဦးရေကို လျော့ချကာ အရည်အသွေးတိုးမြှင့်ရန်၊ ဘာသာစကားသင်တန်းဖြစ်သောကြောင့် ထိရောက်သော သင်ကြားမှုဖြစ်စေရန် ဆရာနှင့်ကျောင်းသားအချိုးညီမျှမှုသည် အရေးကြီးကြောင်း၊ စာသင်ခန်းများများ၊ ကျောင်းသားနဲနဲဖြင့် ထိရောက်စွာသင်ကြားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

လက်ရှိနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဆရာအင်အား(၂၀ဝ)ကျော်ဖြင့် ကျောင်းသား(၃၅၀ဝ) ကိုသင်ကြားပေးလျက်ရှိပြီး အင်္ဂလိပ်၊ ဂျာမန်၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ အီတာလျန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်းဘာသာစကားတို့ကို သင်ကြားပေးလျက်ရှိကာ ပြည်ပမှ လာရောက်သင်ကြားသော ကျောင်းသား၊ ကျောင်းသူတို့အတွက် မြန်မာဘာသာစကားတို့ကို သင်ကြားပေးလျက်ရှိသည်။

 

“သင်ထောက်ကူပစ္စည်းအတွက် လိုအပ်ချက်မရှိဘူး။ နောက်တစ်ခုက စာကြည့်တိုက်ကောင်းကောင်းလိုပါတယ်။ ကျောင်းမှာ စာကြည်တိုက်က အရေးကြီးတယ်။ စာကြည့်တိုက်မှာ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းအတွက် လိုအပ်ချက်ကြီးမားနေတယ်။ LRC အဆောင်ကို စာကြည့်တိုက် ပြုလုပ်ဖို့ရှိပါတယ်။ အဓိကစာကြည့်တိုက် ဝန်ထမ်း ခက်ခဲနေတာပါ။ စာအုပ်နဲ့စာကြည့်တိုက်ဝန်ထမ်းရှိမယ်ဆိုရင် ကျောင်းက တော်တော်ထိရောက်မှာပါ” ဟု ဒေါက်တာ ကြည့်ရွှင်က ကျောင်း၏စာကြည့်တိုက်နှင့် ဝန်ထမ်းလိုအပ်ချက်ကို ဆက်လက်ဖြည့်စွက် ပြောကြားသည်။

 

ပြင်သစ်ဘာသာစကားကို  သင်ကြားနေသော ဒုတိယနှစ်ကျောင်းသူ  တစ်ဦးကလည်း “သမီးတို့သင်တန်းက လူနည်းတော့ (၂)ခန်းပဲရှိတယ်။ ဆရာလုံလောက်တယ်။ ဒါပေမယ့်တစ်ခန်းကို ကျောင်းသား(၅၀)ကျော်ရှိတယ်။ ကျောင်းမှာ ဂျပန်ဘာသာစကား သင်ယူတာတော့ အများဆုံးပဲ။ ပြီးတော့ အင်္ဂလိပ်နဲ့ကိုရီးယားများတယ်။ သမီးတို့အခန်းထဲမှာ လူများတော့ သင်ရတာကျပ်တယ်။ ပျော်ဖို့တော့ ကောင်းပါတယ်” ဟု သင်ကြားနေမှုအပိုင်းကို ပြောကြားသည်။

 

ယမန်နှစ်က ပြည်ပမှ ကျောင်းသား၊ ကျောင်းသူများ မြန်မာဘာသာစကားသင်တန်းကို (၂၅၀)ကျော် တက်ရောက် သင်ကြားခဲ့ပြီး ယခုနှစ်တွင်(၃၅၀)ကျော် တိုးမြှင့်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက် 

ဓာတ်ပုံ-သန်းစိုး