နိုင်ငံခြားခရီးသွားများဝင်ရောက်ရာ ရန်ကုန်ဗိုလ်တထောင်ဆိပ်ကမ်း သန့်ရှင်းသာယာလှပရန်အထူးလိုအပ်

ရန်ကုန် ၁၆ ဇူလိုင်

 

ရန်ကုန်မြို့ရှိ ဗုဒ္ဓဆံတော်တစ်ဆူကိန်းဝပ်စံပယ်တော်မှုရာ ဗိုလ်တထောင်စေတီတော်မြတ်သို့နေ့စဉ် ပြည်တွင်း၊ ပြည်ပမှ ဘုရားဖူးများဝင်ရောက်လျှက်ရှိပြီး ဘုရားဖူးပြီးပါက ဗိုလ်တထောင်ဆိပ်ကမ်းသို့ ကြည့်ရှုလည်ပတ်လေ့ရှိရာ ဆိပ်ကမ်းဗောတံတားအမှတ်(၃)၊ (၄)နှင့်(၅)အနီးဆိပ်ခံတွင် စွန့်ပစ်ဗော့ဗူးများနှင့် အမှိုက်သရိုက်များဖြင့် ပြန့်ကျဲနေသည့်အတွက် ဆိပ်ကမ်းသာယာသန့်ရှင်းသာယာလှပရေးအတွက် အထူးလိုအပ်လျှက်ရှိကြောင်း သိရသည်။

 

“ ရန်ကုန်ဆိပ်ကမ်းမှာ ဗိုလ်တထောင်ဆိပ်ကမ်းက အကျယ်ဆုံးပဲ။ ပြီးတော့ပြည်တွင်း၊ ပြည်ပခရီးသွားအများဆုံးလာတဲ့နေရာလည်းဖြစ်တယ်။ ဆိပ်ကမ်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပဖို့ လိုပါတယ်။ နိုင်ငံခြားခရီးသွားဆိုတာအာရှနိုင်ငံတွေကို ခြေဆန့်နေတဲ့ဧည့်သည်တွေ ဖြစ်တဲ့အတွက် ဘယ်နိုင်ငံကအသာယာဆုံးနဲ့ သန့်ရှင်းဆုံးဆိုတာ သူတို့ကသတိပြုမိကြတယ်။ ရန်ကုန်ဆိပ်ကမ်းကို ပြုပြင်မွမ်းမံနိုင်မယ်ဆိုရင် အာရှမှာဝင်ငွေကောင်းတဲ့အပန်းဖြေဆိပ်ကမ်းတစ်ခုဖြစ်နိုင်တယ်လို့ သူတို့အချင်းချင်းပြောဆိုတာကို ကြားရဖူးတယ်။ အထူးသဖြင့် ဗိုလ်တထောင်ဆိပ်ကမ်းကို ပြုပြင်မွမ်းမံသင့်ပါတယ်”ဟု ဗိုလ်တထောင်စေတီတော်သို့ နိုင်ငံခြားသားများကို လိုက်ပါပို့ဆောင်သည့် ဂျာမဏီနိုင်ငံသားဧည့်လမ်းညွှန်ဖြစ်သော ဦးသီဟဇော်က ပြောကြားသည်။

 

မြန်မာပြည်၏ စီးပွားရေးအချက်အချာကျရာ ပင်လယ်ထွက်ပေါက်မြို့တစ်မြို့ဖြစ်သော ရန်ကုန်မြို့တွင် ဗိုလ်တထောင်ဆိပ်ကမ်းသည် အကျယ်ဆုံးနှင့် ရန်ကုန်မြစ်ဝအလှကို အနီးဆုံးတွေ့မြင်ရသော နေရာတစ်ခုဖြစ်ပြီး နိုင်ငံခြားသားများနှင့်ပြည်တွင်း ဘုရားဖူးများသဘောကျနှစ်ခြိုက်သောနေရာဖြစ်သောကြောင့် ဆိပ်ကမ်းတွင် လမ်းပေါ်ဈေးသည်များ၊ ဗောတံတားပေါ်တွင် ဈေးသည်များနှင့် ညပိုင်းရောင်းချသော ဈေးသည်တို့ကြောင့် စွန့်ပစ်အမှိုက်များကို ဆိပ်ခံဗောကြားတွင် တွေ့မြင်ရမည့်အပြင် ဆိပ်ကမ်းနှင့် အနီးတွင် အမှိုက်များပျံ့ကျဲနေသောကြောင့်စွန့်ပစ်အမှိုက်ကင်းစင်သော နေရာတစ်ခုအဖြစ် ရှင်းလင်းဆောင်ရွက်နိုင်ပါက ဗိုလ်တထောင်ဆိပ်ကမ်းသည်ပြည်တွင်း၊ ပြည်ပခရီးသွားများ အပန်းဖြေနှစ်ခြိုက်ရာ နေရာတစ်ခုအဖြစ် ရန်ကုန်ဆိပ်ကမ်းတွင် တွေ့မြင်လာရမည်ဖြစ်ကြောင်း ဆိပ်ကမ်းတွင် လစဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သော အဖြူရောင်လူငယ်များအဖွဲ့ထံမှလည်း သိရသည်။

 

သန်းထိုက်

ဓာတ်ပုံ -သစ္စာ