နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံး ရင်းနှီးမြှုပ်နှံ

၁၇ ဧပြီ

 

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံကြကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၄ ခုရှိပြီး ယင်းအနက် ကုန်ထုတ် လုပ်မှုကဏ္ဍတွင် ၁၂၁ ခုရှိကြောင်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ၁၂ ခုရှိပြီး ဒုတိယအများဆုံးဖြစ်ကာ Power ကဏ္ဍတွင် ခြောက်ခုဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

 

ပြီးခဲ့သည့်  ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၀ ခုရှိပြီး ယင်းအနက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၁၁၅ ခုရှိကြောင်း၊ အခြားဝန်ဆောင်မှာကဏ္ဍတွင် ၁၃ ခုရှိပြီး ဒုတိယအများဆုံးဖြစ်ကာ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ခုနှစ်ခုဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)ထံ တင်ပြလာသည့် လုပ်ငန်းများတွင် အထည်ချုပ် လုပ်ငန်းများ၊ CMP စနစ်ဖြင့် လက်ခစားလုပ်ငန်းများ ပါဝင်ကြောင်း၊ လက်ရှိ ယင်းလုပ်ငန်းအချို့တွင်  အလုပ်ရှင် အလုပ်သမား အဆင်မပြေမှုများကြောင့် ဆန္ဒပြခြင်း၊ လုပ်ငန်းပိတ်သိမ်းခြင်းများ ရှိသော်လည်း တွန့်ဆုတ်ခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

 

ယင်းတင်ပြလာသည့် လုပ်ငန်းများအနက် စက်မှုလက်မှုလုပ်ငန်းများ၊ လုပ်သားအခြေပြုလုပ်ငန်းများကို ဦးစားပေး ခွင့်ပြုပေးလျှက်ရှိကြောင်း၊ အဆိုပါ ခွင့်ပြုပေးသည့် လုပ်ငန်းများသည်လည်း COVID 19 အလွန် ကာလတွင် စတင်အကောင်အထည်ဖော်နိုင်ရန်အတွက် ရည်ရွယ်၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)က အမြန်ဆုံး ခွင့်ပြုပေးနေကြောင်း ၎င်းက ဆက်ပြောသည်။

 

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)အနေဖြင့် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပြုစေနိုင်သည့် ကျန်းမာရေး အထောက်အကူပြု နေ့စဉ်သုံး Mask ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းနှင့် ကျန်းမာရေးနှင့်ဆိုင်သည့် အထောက်အပံ့ဖြစ်မည့် လုပ်ငန်းများ တင်ပြလာပါက လျင်မြန်စွာ ခွင့်ပြုနိုင်ရေး ကြိုတင်ပြင်ဆင် ထားရှိထားကြောင်း သိရသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၅၄ ခုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၃၅၉ ဒသမ ၆၆၂ သန်းဖြစ်ပြီး ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခြင်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၇၅ ဒသမ ၂၈၁ သန်း ဖြစ်ကြောင်း၊ အထူးစီးပွားရေးဇုန် ဥပဒေအရ  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ရင်းနှီးမြုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်း ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၈၅၇ သန်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃၃၆၇ ဒသမ ၁၃၈ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လက်ရှိဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသည်။

 

ငြိမ်းငြိမ်း