ရန်ကုန် ဧပြီ ၂၉
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအပါအဝင် ကောင်စစ်ကိစ္စများ ဆောင်ရွက်ရန်အတွက် သံရုံးသို့ ကြိုတင်၍ Online Appointment ရယူရန်လိုအပ်ကြောင်း ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံး ထပ်မံအသိပေးကြေညာထားသည်။
မြန်မာသံရုံး အနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၏ အကျိုးစီးပွားနှင့် ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များကို ဥပဒေစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိရာ ကောင်စစ်ဆိုင်ရာကိစ္စရပ်များအတွက် သံရုံးသို့ လစဉ်လာရောက်သူ နိုင်ငံသားဦးရေထောင်နှင့်ချီရှိပြီး စာတိုက်မှတစ်ဆင့် ပေးပို့သက်တမ်းတိုး လျှောက်ထားမှုများသည်လည်း နေ့စဉ်အဆက်မပြတ် ဝင်ရောက်လျက်ရှိကြောင်းနှင့် အချို့ရက်များတွင် သံရုံးသို လာရောက်သူအရေအတွက်သည် ကောင်စစ်အဆောက်အဦး၌ လက်ခံနိုင်သည့် လူဦးရေထက် များစွာကျော်လွန်ခဲ့သည့်အတွက် လာရောက်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် အချိန်ပေးစောင့်ဆိုင်းရမှုများရှိလာခဲ့ကြောင်း သံရုံးက ရေးသားထားသည်။
ထို့ကြောင် မြန်မာနိုင်ငံသားများအား ပိုမိုထိရောက်ကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဧပြီ ၁ ရက် (တနင်္လာနေ့) မှစ၍ သံရုံးသို့ ကောင်စစ်ကိစ္စရပ်များ (ဗီဇာလျှောက်ထားမှုမပါ) ဆောင်ရွက်ရန်အတွက် လာရောက်ရာတွင် Online Appointment ကြိုတင်ရယူသည့်စနစ်သို ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ်လအတွင်းက သံရုံးက အသိပေးကြေညာခဲ့သည်။
အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ ဧပြီ ၂၆ ရက်တွင်လည်း မြန်မာသံရုံး၊ တိုကျိုမြိုအနေဖြင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအား ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ၂၀၂၄ခု ဧပြီ ၁ ရက်မှ စတင်၍ သံရုံးသို့လာရောက်ရာတွင် Online Appointment ကြိုတင်ရယူရသည့်စနစ်ကို ပြောင်းလဲကျင့်သုံးခဲ့ကြောင်း ထပ်မံအသိပေးလာပြီး Online Appointment စနစ်သို ပြောင်းလဲရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြသည့် မြန်မာနိုင်ငံသားများအား ကျေးဇူးတင်ရှိကြောင်းလည်း ပါရှိသည်။
ဆက်လက်၍ နိုင်ငံသားများအနေဖြင့် ကောင်စစ်ကိစ္စများ ဆောင်ရွက်ရန်အတွက် သံရုံးသို့ လာရောက်ရာတွင် Online Appointment ကြိုတင်ရယူပြီးမှသာ မိမိ appointment ရရှိသည့် နေ့ရက်နှင့် အချိန်တွင် လာရောက်ရန် လိုအပ်ကြောင်းလည်း ထပ်မံအသိပေးထားသည်။ Online Appointment ပြုလုပ်ခြင်းကို http://www.myanmar-embassy-tokyo.net/2024/onlineappointment/onlineappointment.htm လင့် (သိုမဟုတ်) QR Code တွင်ပြုလုပ်နိုင်ကြောင်းလည်း ဆိုထားသည်။
MT