နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အမျိုးသမီးများကဏ္ဍတွင် မြှုပ်နှံပေး

ကျော်တင့်(ရွှေခရမ်း)

လူ့လောကသို့ လူသားတို့ မွေးဖွားလာရာတွင် မိမိကိုယ်ကိုယောကျ်ားလေးအဖြစ် မွေးဖွားချင်သည် (သို့မဟုတ်) မိန်းကလေးအဖြစ် မွေးဖွားချင်သည် ဟူ၍ ရွေးချယ်ပိုင်ခွင့်မရှိသည့်အတွက် မိမိ၏လိင်သတ်မှတ်ချက်ဖြစ်တည်မှုအား  ကျေနပ်နားလည် ရမည်ဖြစ်သည်။ လူတိုင်းသည် မွေးဖွားစဉ်ကတည်းက လွတ်လပ်စွာမွေးဖွားလာကြပြီး တူညီသည့် လူ့ဂုဏ်သိက္ခာများနှင့် စွမ်းရည်များရှိကြသည်ဖြစ်၍ အမျိုးသားများနည်းတူ အမျိုးသမီးများသည်လည်း တန်းတူအခွင့်အရေးများ ရရှိသင့်ပေသည်။

မိသားစု၏ နေ့စဉ်ဘဝတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေရသူများ

အမျိုးသမီးများသည် သဘာဝလောကတရားအရ လူသားတစ်ယောက် မွေးဖွားလာရန်အတွက် အရေးကြီးသောတာဝန်ကို ထမ်းဆောင်ပေးနေရ သောသူများ ဖြစ်ကြပါသည်။ မည်မျှပင်ထက်မြက် ကြီးကျယ်သော အမျိုးသားများဖြစ်ပါစေ ထိုသူတို့အား မွေးထုတ်ပေးခဲ့ပြီး ပြုစုပျိုးထောင်ပေးခဲ့သူသည် မိခင် ဟူသောအမျိုးသမီးများသာ ဖြစ်ကြပါသည်။ ထို့အပြင် အမျိုးသမီးများသည် မိသားစုတစ်စု၏ နေ့စဉ်ဘဝ စားဝတ်နေရေးနှင့် ကျန်းမာရေးကို ဦးစားပေးစဉ်းစားရသူ၊ သားသမီးများ၏ ပညာရေးအတွက် စဉ်းစားဆောင်ရွက်ပေးရသူ၊ သားသမီးများကို ဆုံးမပဲ့ပြင်ပြုစုပျိုးထောင်ပေးရသူ၊ မိသားစု၏ အသုံးစရိတ်များကို ခြိုးခြံချွေတာသုံးစွဲရသူ စသည့် မိသားစုအတွက် အနစ်နာခံရသူများအဖြစ် မိသားစု၏ နေ့စဉ်ဘဝတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နေရသူများ ဖြစ်ကြသည်။

‘‘မောင်တစ်ထမ်း မယ်တစ်ရွက်’’ ဟူသော မြန်မာဆိုရိုးစကားနှင့် ‘‘စီးတဲ့ရေဆည်တဲ့ကန်သင်း’’ ဟူသော မြန်မာစကားပုံတို့သည် အိမ်ထောင်စုတစ်စုတွင် အမျိုးသားရော အမျိုးသမီးပါနှစ်ဦးစလုံး သူ့နေရာနှင့်သူ အရေးပါအရာရောက်ကြောင်းနှင့် နှစ်ဦးစလုံးတွင် ကိုယ်ပိုင်အရည်အချင်း စွမ်းရည် အပြည့်ရှိကြောင်းကို ဖော်ညွှန်းနေခြင်းဖြစ်သည်။ တစ်နည်းဆိုရသော် မိသားစုတစ်စုတွင် အမျိုးသားများသည် အရေးပါသောသူများဟု သတ်မှတ်နိုင်သလို  အမျိုးသမီးများသည်လည်း အရာရောက်သူများဖြစ်သည်ဟု ဆိုနိုင်ပေသည်။

“မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက်ကျော်ကို ကိုယ်စားပြုတဲ့ အမျိုးသမီးများဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့  ပြည်ထောင်စု တည်ဆောက်ရေးမှာ အရေးပါတဲ့အင်အားစု တစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက် အလွန်အဖိုးတန်တဲ့ လူသားအရင်းအမြစ်တွေ ဖြစ်ကြပါတယ်။ မြန်မာအမျိုးသမီးများဟာ လောကကို တစ်ဖက်တစ်လမ်းက တာဝန်ယူသူများ၊ လူငယ်လူရွယ်များရဲ့ အနာဂတ်ကို လှပအောင်ဖန်တီးသူ ဥယျာဉ်မှူးများ ဖြစ်ကြပါတယ်။ တစ်နည်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေကို ပုံသွင်းထုဆစ်ပေးကြတဲ့ ဗိသုကာပညာရှင်များ ဖြစ်ကြပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ပေးပို့သည့် မိန့်ခွန်း၌ ဖော်ပြထားသည်။

 အရှက်အကြောက်တရားဖြင့် ထိန်းကျောင်း

အမျိုးသမီးများသည် မကောင်းမှုဟူသမျှကို မကျူးလွန်မိစေရန် အရှက်အကြောက်တရားဖြင့် ထိန်းကျောင်းနိုင်ကြသူများဖြစ်သလို ကောင်းမှုဟူ သမျှကိုလည်း ပြုလုပ်ရန်ဝန်မလေး၊ လက်မနှေးကြသူများ ဖြစ်ကြသည်။ ဟီရိဟူသော ‘‘မကောင်းမှု ကျူးလွန်ရန်ရှက်ခြင်း’’ နှင့် ဩတ္တပ္ပဟူသော ‘‘မကောင်း မှုကျူးလွန်ရန်ကြောက်ခြင်း’’ စသည့် ဟီရိ ဩတ္တပ္ပတရားနှင့် ကြီးပြင်းလာကြသူများ ဖြစ်ကြ သည်။ ထိုကဲ့သို့ အမူအကျင့်များကြောင့် အမျိုးသားများထက် အမျိုးသမီးများက နတ်ပြည်ပိုရောက်ကြသဖြင့် နတ်သားတစ်ပါးလျှင် နတ်သမီးငါးရာ ခြံရံသည်ဟု အရပ်ထဲတွင်ရယ်စရာဟာသအဖြစ် ပြောကြသည်ကို ကြားဖူးကြမည်ဖြစ်သည်။

ယခင်က အမျိုးသမီးများသည် မှီခိုဟူသော အမည်နာမဖြင့် ရပ်တည်ခဲ့ကြသော်လည်း ယခုအခါ နေထိုင်သည့်အရပ်၊ အလုပ်လုပ်ကိုင်သည့် နေရာပေါ် မူတည်၍ အကျိုးပြုပုံစံများ ကွဲပြားလာကြသည်။ ယနေ့အချိန်တွင် အမျိုးသမီးများသည် ဆုံးဖြတ်ချက် ချမှတ်နိုင်သူ ပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တတ်သိပညာရှင်များ၊ စာပေပညာရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ သာမန်အောက်ခြေဝန်ထမ်းများ စသဖြင့် နယ်ပယ်အသီးသီး၊ ကဏ္ဍအစုံစုံတွင် လုပ်သားအင်အားစုများအဖြစ် ရပ်တည်ဆောင်ရွက်လျက်ရှိသည်။ မျက်မှောက်ကာလတွင် အမျိုးသမီးများသည် မောင်တစ်ထမ်းမယ်တစ်ရွက်အဖြစ် အိမ်ထောင့် တာဝန်ကိုသာမက အမျိုးသားများနှင့်ရင်ပေါင်တန်း၍ မိမိအကျိုးနှင့် အများအကျိုးကို သယ်ပိုးထမ်းဆောင် နေကြပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထူးချွန်အမျိုးသမီးများ၊ အားကစားကဏ္ဍထူးချွန်အမျိုးသမီးများ၊ ပညာရေး ကဏ္ဍမှ ထူးချွန်အမျိုးသမီးများ စသည့်နယ်ပယ်ကဏ္ဍ အသီးသီးမှ ထူးချွန်အမျိုးသမီးများအား နှစ်စဉ် ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်ကို တွေ့ရှိရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

အကြမ်းဖက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရ

ထိုကဲ့သို့ အမျိုးသမီးများအနေဖြင့် အမျိုးသားများနှင့် ရင်ပေါင်တန်း၍ ဆောင်ရွက်နေသော်လည်း အခြားတစ်ဖက်တွင်လည်း လုပ်ငန်းခွင်အတွင်း အမျိုးသမီးများအား  ခွဲခြားဆက်ဆံခံရမှုများ၊ အိမ်တွင်းအကြမ်းဖက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်ခံရခြင်းများ၊ နည်းပညာပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများနှင့် ငွေကြေးပိုင်း ဆိုင်ရာ အကြမ်းဖက်ခြင်းများကို ရင်ဆိုင်ကြုံတွေ့နေရပါသည်။ အထူးသဖြင့် အိမ်ခြေရာမဲ့အမျိုးသမီးများ၊ လိင်လုပ်သားအမျိုးသမီးများ၊ မသန်စွမ်းသူ အမျိုးသမီး များနှင့် မိသားစုမှပစ်ပယ်ခံထားရသူ အမျိုးသမီးများသည် ခေါင်းပုံဖြတ်ခြင်းနှင့် မဖွယ်မရာပြုမူခံရခြင်းများကို ပိုမိုခံစားရလျက်ရှိပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂကြေညာစာတမ်းတွင် ‘‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟူသော ဝေါဟာရသည် အမျိုးသမီးများအား ခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်း သို့မဟုတ် လွတ်လပ်ခွင့်များ မတရားဆုံးရှုံးခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ဖွယ်ရှိသော သို့မဟုတ် ဖြစ်ပေါ်လာနိုင်သည့် ကျား/ မ ကွဲပြားမှုကိုအရင်းခံသည့် အကြမ်းဖက်မှုကို ဆိုလိုသည်’’ ဟု ဖော်ပြပါရှိပါသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုသည် ကမ္ဘာလုံးဆိုင်ရာပြဿနာ တစ်ခုဖြစ်ပြီး  လူ့ဘောင်အဖွဲ့အစည်းအားလုံးက လက်ခံနိုင်ဖွယ်ရာမရှိသော၊ လက်သင့်မခံနိုင်သော၊ ခွင့်လွှတ်နိုင်ဖွယ်မရှိသော  အကြမ်းဖက်မှုပင် ဖြစ်ပါသည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်သလို ဥပဒေအရ အရေးယူနိုင်သည့် ရာဇဝတ်မှုလည်း ဖြစ်သည်။ အမျိုးသမီးများ အကြမ်းဖက်မှုအဆုံးသတ်ခြင်းသည် အမျိုးသမီးများအတွက်သာ အကျိုးရှိမည်မဟုတ်ဘဲ တစ်မိသားစုလုံး၊ ရပ်ရွာတစ်ခုလုံးအတွက် အကျိုးရှိမည်ဖြစ်သည့်အပြင် ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် တည်ဆောက် နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ကာကွယ်တားဆီး နိုင်ရန်အတွက် နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလအဖြစ် သတ်မှတ်ပြီး အကြမ်းဖက်မှုများပပျောက်ရေးအတွက် ရည်ရွယ်ဆောင်ရွက် လျက်ရှိသည်။

မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ အသက် (၁၅ )နှစ်နှင့်အထက် အမျိုးသမီးစာတတ်မြောက်မှုနှုန်းသည် အမျိုးသားစာ တတ်မြောက်မှုနှုန်းထက် ခြောက်ရာခိုင်နှုန်း လျော့နည်းပြီး အသက် (၁၅) နှစ်နှင့်အထက် လူဦးရေ၏ လုပ်သားအင်အားပါဝင်မှုနှုန်းတွင်လည်း အမျိုးသမီးလုပ်သားပါဝင်မှုနှုန်းသည် အမျိုးသား လုပ်သားပါဝင်မှုနှုန်းထက် အနည်းငယ်လျော့နည်းနေသည်ကို တွေ့ရှိရသည်။ 

အမျိုးသမီးများ၏စွမ်းရည်များကို မြှင့်တင်

ကိုဗစ်-၁၉ အလွန်ကာလ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် အိမ်ခြေရာမဲ့အမျိုးသမီးများ၊ လိင်လုပ်သားအမျိုးသမီးများ၊ ပညာကိုဆက်လက် သင်ယူရန် အခွင့်အရေးမရရှိသည့် အမျိုးသမီးငယ်များ ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပေသည်။ အဆိုပါ အချက်အလက်များအရ အမျိုးသမီးများ အထူးသဖြင့် အမျိုးသမီးငယ်များ၏ လူမှုစီးပွား ဘဝအခြေအနေမြင့်မားရေးအတွက် ပညာသင်ကြားတတ်မြောက်ရေးကို မြှင့်တင်ပေးရန် လိုအပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ရေးအတွက် အလုပ်လုပ်နိုင်သည့်အရွယ် အမျိုးသမီးများ၏စွမ်းရည်များကို မြှင့်တင်ပေးရန် လိုအပ်သည်။ 

အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲ၊ အတားအဆီးများ၊ တွေ့ကြုံရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် လိုအပ်နေသော မူဝါဒ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေအသစ်များကို ရေးဆွဲရန်လိုအပ်သလို တည်ဆဲဥပဒေများအနေဖြင့် အမျိုးသမီးများအတွက် ဥပဒေအရ ပိုမိုထိရောက်စွာ ကာကွယ်ပေးရန် လိုအပ်ချက်များရှိပါက လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင် မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပေသည်။

ယခုခေတ်ကာလတွင် အမျိုးသမီးများအပေါ် နည်းပညာဆိုင်ရာ အကြမ်းဖက်မှုအဖြစ် ကွန်ပျူတာနှင့် ဆော့ဖ်ဝဲများကို အသုံးပြု၍ သော်လည်းကောင်း၊ အီလက်ထရွန်နစ်ဆက်သွယ်ရေး ပစ္စည်းကိရိယာတစ်ခုခုကို အသုံးပြု၍သော် လည်းကောင်း သတင်းအချက်အလက်များနှင့် ဓာတ်ပုံ၊ ဗီဒီယိုများကိုဖြန့်ဝေခြင်းနှင့် ဖလှယ်ခြင်းများကိုပြုလုပ်၍  အွန်လိုင်းအကြမ်းဖက်ခြင်းများ ပြုလုပ်လာကြသည် ကိုလည်းတွေ့ရသည်။ လူမှုမီဒီယာသုံးစွဲမှုများ လျင်မြန်စွာပျံ့နှံ့လာမှုနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှု ပုံစံအသစ်များလည်း ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။

အွန်လိုင်းမှတစ်ဆင့် ဟန်ဆောင်လိမ်ညာ ဖမ်းဆီးခေါ်ဆောင်ပြီး အလုပ်သမားများအဖြစ် ခေါင်းပုံဖြတ်စေခိုင်းခြင်း၊ ပြည်ပနိုင်ငံများသို့ ဇနီးမယားအဖြစ် ရောင်းစားခြင်းကဲ့သို့သော အကြမ်းဖက်မှုများကိုလည်း တွေ့ရှိနေရပေသည်။ နိုင်ငံပေါင်း ၅၁ နိုင်ငံတွင် လေ့လာမှုအရ အမျိုးသမီး ၃၈ ရာခိုင်နှုန်းသည် အွန်လိုင်းအကြမ်းဖက်မှုများကို ကိုယ်တိုင်ကြုံတွေ့နေရပြီး ကိုဗစ်-၁၉ ကာလအတွင်း အွန်လိုင်းပေါ်တွင် အချိန်ပိုမိုသုံးစွဲခဲ့သည့် အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရမှု ပိုမိုများပြားကြောင်း လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ 

ယခုခေတ်တွင် ကျောင်းနေအရွယ်မှစပြီး ကလေးတိုင်းလက်ကိုင်ဖုန်းကို ကိုင်တွယ်ရင်းနှီး နေသည့်အတွက် အမျိုးသမီးငယ်အများစုသည် လက်ကိုင်ဖုန်းအသုံးပြုရာတွင် ကောင်းမွန်သည့် အကျိုးရလဒ်များရရှိနိုင်သလို အန္တရာယ်ရှိနိုင် သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။ အမျိုးသမီး ငယ်များအား ဖုန်းအသုံးပြုခြင်းမှတစ်ဆင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အသိပညာဗဟုသုတများရှာဖွေ ရာတွင် လမ်းကြောင်းမမှားစေရန် မိဘ၊ ဆရာများနှင့် အုပ်ထိန်းသူလူကြီးသူမများတွင် တာဝန်ရှိသလို သတင်းမီဒီယာများမှတစ်ဆင့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ရန် လိုပေသည်။

အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး
ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ရှိသည့် အမျိုးသမီးများ၏အခွင့်အရေးနှင့် စွမ်းဆောင်နိုင်မှုများကို ပိုမိုအာရုံစိုက်မိလာစေရန်နှင့် အမျိုးသမီးများ၏ အခွင့်အရေးများကိုအလေးထား အကောင်အထည်ဖော်နိုင်စေရန်ရည်ရွယ်ပြီး အပြည်ပြည် ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်း အနားများကို ကမ္ဘာတစ်ဝန်း နှစ်စဉ်ကျင်းပလျက် ရှိသည်။ ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ‘‘အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး’’ ဆိုသည့် ခေါင်းစဉ် သတ်မှတ်ထားပြီး အမျိုးသမီးများ၏ အခွင့်အရေးကို ကာကွယ်ခြင်း၊ ကျား/မ တန်းတူညီမျှမှုကို မြှင့်တင်ခြင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ 

ကျား/မ တန်းတူညီမျှရေးအတွက် နိုင်ငံအလိုက် အမျိုးသမီးအခွင့်အရေးများ အပြည့်အဝ ရရှိအောင် မည်သို့ပင်ဆောင်ရွက်ပေးနေပါစေ နိုင်ငံအလိုက် သတ်မှတ်ထားသည့် ယဉ်ကျေးမှု၊ ကျင့်သုံးနေကြသည့် အစဉ်အလာရိုးရာဓလေ့ထုံးစံများအရ ကျား/ မ တန်းတူညီမျှရေးတွင် ပြောင်းလဲခြင်း မပြုနိုင်သေးသည့် အတားအဆီးလိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။ အမျိုးသမီးများ ဂုဏ်သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်ရေးအတွက် အခက်အခဲ ပြဿနာများကို နည်းလမ်းမျိုးစုံဖြင့် ကူညီဖြေရှင်း ပေးခြင်း၊ အကြမ်းဖက်ခံရသူများ၏ ကိုယ်ရောစိတ်ပါ စွဲကပ်နေသည့် ဒဏ်ရာဒဏ်ချက်များကို ကုသပေး ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ညှိနှိုင်း နှစ်သိမ့် ဆွေးနွေးပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်များကို ရှုတ်ချခြင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများဘက်မှ ရပ်တည်ပေးခြင်းတို့ကို ဆောင်ရွက်ရမည် ဖြစ်သည်။ အမျိုးသမီးများ၏ စွမ်းဆောင်ရည်နှင့် ရပိုင်ခွင့်များကို မြှင့်တင်ပေးခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအတွက် အခွင့်အရေးများရှာဖွေဖော်ထုတ်ပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ဥပဒေကြောင်းအရ ကာကွယ်ပေးခြင်းများ ဆောင်ရွက်ပေးရမည် ဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေး

အမျိုးသမီးများ၏ နေ့စဉ်ဘဝတွင် ထိပါးနှောင့်ယှက်ခံရမှု၊ အကြမ်းဖက်မှုများ ကြုံတွေ့နေရမှု အပေါ်ကျူးလွန်ခံရသူကို မိဘဆွေမျိုး၊ အိမ်နီးချင်းနှင့် ပတ်ဝန်းကျင်တို့က အပြစ်တင်ရှုတ်ချခြင်း၊ ပစ်ပယ်ခြင်းများမပြုလုပ်ဘဲ ကာကွယ်ဖေးမပေးခြင်း၊ စာနာနား လည်ပေးခြင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးတိုင်းအတွက်လိုအပ်သည့် လူမှုရေးအထောက် အပံ့ကောင်းများကို လွယ်လင့်တကူရရှိစေရန် ပံ့ပိုးပေးခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုများ ဖြစ်ပေါ်လာပါက ရပ်တည်ကူညီပေးမည့် မိသားစု၊ အိမ်နီးချင်း အသိုင်းအဝိုင်းများ ဖြစ်လာစေရေး၊ အကြမ်းဖက်မှု ကျူးလွန်သူများကို ပြစ်မှုနှင့်လျော်ညီ ထိုက်တန်သည့် ပြစ်ဒဏ်ချမှတ်ခြင်းစသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ လျော့နည်းပပျောက်ရေး လုပ်ငန်းစဉ်များကို ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်ကို ကိုယ်စားပြုသည့် အမျိုးသမီးများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အရေးပါသည့် အင်အားစု တစ်ရပ်ဖြစ်ပြီး နိုင်ငံအတွက်အလွန်အဖိုးတန်သော လူသားအရင်းအမြစ်များပင် ဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် အမျိုးသမီးများဘဝ ကာကွယ် စောင့်ရှောက်ရေးနှင့် အမျိုးသမီးများအား ပြုစုပျိုးထောင် ရေးလုပ်ငန်းများကို သက်ဆိုင်ရာအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ကျား/ မ တန်းတူမခွဲခြားဘဲ မည်သည့်ကဏ္ဍတွင်မဆို ပါဝင်ခွင့်ပြုထားပြီး နိုင်ငံ၏အကျိုးစီးပွား ကာကွယ် စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်အသီးသီးတွင် အမျိုးသမီးများအနေဖြင့် လွတ်လပ်စွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်။ 

နိုင်ငံတကာတွင်  အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးကို ကုလသမဂ္ဂ ကွန်ဗင်းရှင်းတွင် ပြဋ္ဌာန်းထားပြီး အဆိုပါ ကွန်ဗင်းရှင်းတွင် မြန်မာနိုင်ငံအနေဖြင့် ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုလက်မှတ် ရေးထိုးထားသလို အာဆီယံအမျိုးသမီးကော်မတီ၊ ကလေးသူငယ်အခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်ပါသည်။ ထို့အပြင် အမျိုးသမီး များ၏ အခွင့်အရေးများနှင့် ဘဝများကို ထိန်းသိမ်း စောင့်ရှောက်မြှင့်တင်ပေးလျက်ရှိသလို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဝလုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်ပေးခြင်း၊  ဥပဒေများ ရေးဆွဲခြင်းနှင့် မူဝါဒချမှတ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ နှင့်ဒေသဆိုင်ရာ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကဏ္ဍစုံတွင် အမျိုးသမီးများသည် အမျိုးသားများနှင့်တန်းတူ ပါဝင်ခွင့်ရရှိရေးအတွက် ကဏ္ဍပေါင်းစုံပါဝင်သည့် “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း’’ (၂၀၁၃-၂၀၂၂)ကိုရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ သည်။ မဟာဗျူဟာစီမံကိန်းသည် ၂၀၂၂ ခုနှစ်တွင် သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်သည့်အတွက် (၂၀၂၃-၂၀၃၂) မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင် အထည်ဖော်လျက်ရှိသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့သည့် ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် နိုင်ငံတော်က သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၈ ခုနှစ်မှ စ၍ မြန်မာအမျိုးသမီးများ၏ ထူးချွန်ထက်မြက်သော စွမ်းဆောင်ရည်များနှင့် လေးစားဂုဏ်ယူဖွယ် ဂုဏ်ဒြပ်များကို ဂုဏ်ပြုသောအားဖြင့်  မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား ကိုလည်း နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။

ယနေ့ခေတ်သည် အသိပညာအခြေပြုသည့် ခေတ်ဖြစ်သလို နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန် အတွက် အသိပညာကြွယ်ဝသည့် လူသား အရင်းအမြစ်များ၏ အခန်းကဏ္ဍသည်လည်း အဓိကကျပေသည်။ အမျိုးသမီးများသည် သားသမီးများ၏ မိခင်များဖြစ်ကြသလို ပညာရေး ကဏ္ဍတွင်လည်း အမျိုးသမီးပါဝင်မှုနှုန်းက ပိုမို များသဖြင့် ကျောင်းသား ကျောင်းသူများ၏ လက်ဦး ဆရာလည်းဖြစ်ကြသည့်အတွက် နိုင်ငံတိုင်း၏ အနာဂတ်လူငယ်များ ပြုစုပျိုးထောင်ရာတွင် အလွန်အရေးပါသူများ၊ အဓိကကျသူများ ဖြစ်ကြ ပါသည်။ အမျိုးသမီးများ ကိုယ်၊ စိတ်ကျန်းမာ လုံခြုံစွာဖြင့် တာဝန်များ ထမ်းဆောင်နိုင်မှသာ ၎င်းတို့နှင့်ဆက်စပ်နေသည့် မိသားစု၊ မိသားစုမှ သည် လူမှုအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းမှသည် နိုင်ငံတော်အထိ သာယာဝပြောစေမည် ဖြစ်သည်။ ကဏ္ဍစုံတွင် အမျိုးသမီးများအား ပစ်ပယ်ထားမည် ဆိုပါက လူမှုစီးပွားဘဝများကို ဖွံ့ဖြိုးတိုးတက်မှုနောက်ကျစေမည်ဖြစ်၍ ကျား/ မ တန်းတူညီမျှမှုကို မြှင့်တင်ကာ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး နှင့်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံတိုင်းက အဓိကတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါသည်။     ။

ရည်ညွှန်း
Internet
မြန်မာ့အလင်း၊ ကြေးမုံ