နိုင်ငံရေးအနှစ်သာရပြည့်ဝသော နိုင်ငံရေးသန္နိဋ္ဌာန်

၁၈  ဇူလိုင်

 

ခြောက်ရက်တာ ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး၌ အခြေခံမူ(၁၄)ချက်အား ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)အဖြစ် လက်မှတ်ရေးထိုး နိုင်ခဲ့ပါသည်။ သဘောတူညီမှု ရယူနိုင်ခဲ့သည့် အခြေခံမူတို့သည် (၁၄)ချက်သာ ရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထောက်ပြသကဲ့သို့ ဤအခြေခံမူ (၁၄)ချက်သည်ပင် ခြောက်ရက်တာညီလာခံ ကာလအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှု၊ အပြန်အလှန် နားလည်မှုတို့ဖြင့် ဆွေးနွေးလျက် ဘုံသဘောတူညီချက် ရှာဖွေနိုင်ခဲ့ခြင်းကို ထင်ထင်ရှားရှား ရည်ညွှန်းဖော်ပြနေပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတတိယအစည်း အဝေးဆဋ္ဌမနေ့၌ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင် စကားပြောကြားရာတွင် အဆိုပါအခြေခံမူ (၁၄)ချက်အပေါ် ခွဲခြမ်းစိတ်ဖြာ သုံးသပ်တင်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဤအခြေခံမူ(၁၄)ချက်အား အမျိုးအစားနှစ်ရပ်ဖြင့် ခွဲခြမ်းစိတ်ဖြာသုံးသပ်ခဲ့ပါသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါရှိပြီးအချက်များအပေါ် သဘောတူခြင်းနှင့် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၌ မပါရှိသော အချက်များအပေါ် သဘောတူခြင်းတို့ ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါရှိပြီးအချက်တို့ဖြစ်သော်လည်း တိုင်းရင်းသားတို့၏ ဆန္ဒနှင့်စိုးရိမ်မှုတို့အပေါ် အခြေခံလျက် ပိုမိုသေချာသော စကားလုံးအသုံးအနှုန်းတို့ဖြင့် ထည့်သွင်းဖော်ပြခဲ့ခြင်းကို အလေးအနက်ထား ထောက်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဤထောက်ပြချက်က ပြီးပြည့်စုံသော ပြည်ထောင်စုသဘောတူစာချုပ်ကြီး ချုပ်ဆိုနိုင်ရန်အတွက် အသစ်၊ အသစ်သော ခြေလှမ်းတို့ လျှောက်လှမ်းလျက်ရှိခြင်းကို မီးမောင်းထိုးတင်ပြလိုက်ခြင်း ဖြစ်ပါသည်။

 

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၏ ဒုတိယအကြိမ်နှင့် တတိယအကြိမ်အကြား(၁)နှစ်ကျော် ကြာမြင့်ခဲ့ခြင်းအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အခက်အခဲအမျိုးမျိုး၊ သဘောထား ကွဲပြားမှုအမျိုးမျိုး ရှိနေတဲ့ကြားမှာ အခုလိုရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကိုက ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကိုဆက်လက်ပြီး ရွေ့နေတယ်ဆိုတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ခြင်းအပေါ် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက အလေးအနက်ထား နှလုံးသွင်းရမည် ဖြစ်ပါသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)အား လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ ဤညီလာခံသို့ တက်ရောက်လျက် အစိုးရပိုင်း၊ တပ်မတော်ပိုင်းတို့နှင့် သီးခြားစီတွေ့ဆုံ၍ လွတ်လပ်ပွင့်လင်းရင်းနှီးစွာ ညှိနှိုင်းခဲ့ခြင်းကို ထောက်ပြခဲ့ပါသည်။ ဤကဲ့သို့ ညှိနှိုင်းနိုင်ခဲ့ခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်နိုင်မည့် အလားအလာကောင်း ဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သုံးသပ်ခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းတစ်ရပ် ဖြစ်ပါသည်။

 

(၂၁)ရာစုပင်လုံညီလာခံကြီးအား ၂၀၁၈ခုနှစ်တွင် (၁)ကြိမ်၊ ၂၀၁၉ ခုနှစ်တွင် (၂)ကြိမ် စုစုပေါင်း ညီလာခံ (၃) ကြိမ်ကျင်းပ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတို့အား အခြေခံအုတ်မြစ်အဖြစ် ချမှတ်နိုင်ရေးကို ညီလာခံ၏ သန္နိဋ္ဌာန်အဖြစ် ချမှတ်မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းသည် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအတွက် စိတ်ဓာတ်အားမာန်ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “ဘယ်လို အခက်အခဲတွေပဲကြုံကြုံ ကျွန်မတို့အားလုံး လက်မလျှော့ဘူး ပိုမိုခိုင်မာတဲ့ခြေလှမ်းတွေကို ဆက်လက်ပြီး လျှောက်လှမ်း သွားမယ်ဆိုတာကို တစည်းတလုံးတည်း၊ တစ်စိတ်တစ်ဝမ်းတည်း ပြသလိုက်တာပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့ခြင်းသည် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စိတ်ဓာတ်အားမာန်ကို လှုပ်နှိုးလိုက်ခြင်း ဖြစ်ပါသည်။ မတူညီသော နောက်ခံသမိုင်းအပေါ် အခြေခံ၍ မတူညီသောအမြင်တို့ဖြစ် ပေါ်လျက်ရှိသော လက်ရှိအနေအထား၌ ပြီးပြည့်စုံသော ပြည်ထောင်စု ငြိမ်းချမ်းရေးသဘောတူညီမှု ရရှိနိုင်ရေးအတွက် လုံခြုံရေးကဏ္ဍဆိုင်ရာ သဘောတူညီချက်များ ရရှိနိုင်ရန် နိုင်ငံရေးဆွေးနွေးမှု မူဘောင်၊ အဖွဲ့အစည်း တည်ဆောက်မှုနှင့် ဒီဇိုင်းတို့အပေါ် ရဲရဲတင်းတင်း ပြန်လည်သုံးသပ်ရမည် ဟူသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ စကားသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ လက်တွေ့အလုပ် လမ်းညွှန်ပင် ဖြစ်ပါသည်။ တိကျပြတ်သားသော အနာဂတ်ဆိုင်ရာ ဘုံရည်မှန်းချက်၏ အရေးကြီးပုံကို ထောက်ပြလျက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါ အနာဂတ်ဆိုင်ရာ ဘုံရည်မှန်းချက်အားအခြေခံလျက် ငြိမ်းချမ်းရေး မဟာဗျူဟာတစ်ရပ် ရေးဆွဲရမည်ဟု ပြောကြားခဲ့ခြင်းအပေါ် သက်ဆိုင်သူ အင်အားစုအားလုံးက အလေးအနက်ထား နှလုံးသွင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိ်မ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်များအကြား အလွတ်သဘော သီးသန့်ဆွေးနွေးပွဲတို့ကို လေးလေးနက်နက် ဦးစားပေး ပြောကြားသွားသကဲ့သို့ ပဋိပက္ခဖြစ်ပွားရာဒေသတို့ရှိ တိုင်းရင်းသား ပြည်သူတို့၏ လူမှုဘဝအပြောင်းအလဲ ဖြစ်ပေါ်ရေးကိုလည်း ပဓာနထား ပြောကြားခဲ့ပါသည်။ နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ကျေးဇူးတင်စကားသည် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းမှုတည်ဆောက်ရေး ဖြစ်စဉ်၏ နိုင်ငံရေးအနှစ်သာရ ပြည့်ဝသော နိုင်ငံရေး သန္နိဋ္ဌာန်ကို ပေါ်လွင်ထင်ရှားစွာ ဖော်ပြလျက်ရှိပါကြောင်း လေးနက်စွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း