နိုင်ငံရေးစားပွဲဝိုင်းများနှင့် လွတ်လပ်ရေး

၂၉ ဒီဇင်ဘာ

 

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရခါနီး နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲ နောက်ဆုံးအချိန်များဟာ တော်လှန်ရေး တိုက်ပွဲဝင် ရဲဘော်ရဲဘက်များအကြား ဆုံးဖြတ်စရာများ၊ အငြင်းပွားစရာများအစုံစုံဖြင့် ရွေးချယ်စရာ လမ်းဆုံ လမ်းခွများနှင့် ကြုံကြရသည်။

 

လွန်ခဲ့သော အနှစ် ခုနစ်ဆယ်ကျော်ကာလ။ 

ဝင်ရိုးတန်းနိုင်ငံများဖြစ်သော ဂျာမနီ၊ အီတလီနှင့် ဂျပန်တို့ကို မဟာမိတ်တို့ကနိုင်ခဲ့သည့် ကမ္ဘာ့အခြေအနေ တွင်းကာလ။ မြန်မာနိုင်ငံမှာလည်း မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်တို့ကိုတိုက်ထုတ်ခဲ့သည့် ဖက်ဆစ် တော်လှန်ရေးကို နိုင်ခဲ့ပြီ။

 

ဗြိတိသျှနယ်ချဲ့တို့နှင့် လွတ်လပ်ရေးကိစ္စက ရေရေရာရာမဖြစ်သေး။ သို့သော်လည်း လက်တွေ့အားဖြင့်မူ ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်းက ကိုလိုနီနိုင်ငံများကို လွတ်လပ်ရေးပေးမှ ရတော့မည်ဆိုသည်ကို ဗြိတိသျှတို့က နားလည်ပြီးဖြစ်နေပြီ။ အင်္ဂလိပ်ပါလီမန်ထဲတွင် ၎င်းတို့၏ လက်အောက်ခံ ကိုလိုနီနိုင်ငံများကို မည်သို့ လွတ်လပ်ရေးပေးရမည်ဆိုသည်ကို ဆွေးနွေးနေရပြီ။ လွတ်လပ်ရေးမပေးချင်ကြသည့် နိုင်ငံရေး ခေါင်းဆောင် များရှိသော်လည်း လွတ်လပ်ရေးပေးမှဖြစ်တော့မည်ဆိုတာကို နားလည်သော နိုင်ငံရေးခေါင်းဆောင်များက အသာစီးရနေသည့်အချိန်။ သို့သော်လည်း လွတ်လပ်ရေးကို ပေးကိုပေးမည် ဟူ၍တော့မဖြစ်သေး။

 

သည်လိုအခြေအနေက ဗြိတိသျှနိုင်ငံတွင်းမှာ ဖြစ်နေသကဲ့သို့ မြန်မာနိုင်ငံတွင်းမှာလည်း ဓနသဟာယ နိုင်ငံအဖြစ် ဆက်လက်နေမည်လော၊ လုံးဝလွတ်လပ်ရေး ရယူကြမည်လောဟူသည့် သဘောထားကိုလည်း ဆွေးနွေးနေကြသည့်အချိန်။

 

ဗိုလ်ချုပ်အောင်ဆန်းတို့ကို လန်ဒန်ဆွေးနွေးပွဲအတွက် ဖိတ်ခေါ်ထားပြီးဖြစ်သည်။ လွတ်လပ်ရေးအတွက် ဆွေးနွေးကြမည်။ စစ်တိုက်စရာမလိုတော့ဘဲ စားပွဲဝိုင်းပေါ်မှာ ပြောဆိုဆွေးနွေးညှိနှိုင်းကြပြီး လွတ်လပ်ရေး ရယူနိုင်တော့မည်လား ဆိုသည့်အချိန်။

 

နိုင်ငံရေးအခြေအနေက ဗြိတိသျှတို့အနေဖြင့် ဖက်ဆစ်တော်လှန်ရေးတွင် ပါဝင်တိ်ုက်ပွဲဝင်ခဲ့သည့်မြန်မာနိုင်ငံကို အသိအမှတ်ပြုရန်ရှိသလို ကမ္ဘာ့နိုင်ငံရေးအရ လွတ်လပ်ရေးပေးရမည်ကဲ့သို့ ရှိသည်ဆိုသော်လည်း မြန်မာနိုင်ငံသားတို့အတွက်မူ မည်သည်ကမှ သေချာသည်မဟုတ်သေး။ ကာယကံရှင်များက ဘာကိုမှ လွယ်လွယ်ရလိမ့်မည်ဟုတော့ ယတိပြတ်သဘောမထားနိုင်သေး။

 

နယ်ချဲ့အရင်းရှင်စနစ်ကို ဆုပ်ကိုင်ထားသော အင်အားကြီးနိုင်ငံတစ်ခုက မြန်မာနိုင်ငံကို အလွယ်တကူ လက်လျှော့ကာ လွတ်လပ်ရေးပေးပါမည်တဲ့လား၊ လွတ်လပ်ရေး ပေးသည်ဆိုသော်လည်း နိုင်ငံတွင်းက အရေးပါသော သယံဇာတများနှင့် စီးပွားရေးလွတ်လပ်ခွင့်တို့ကို ဆက်လက်ချုပ်ကိုင်ထားလေမည်လား အစရှိသည့် ဆွေးနွေးစရာများ အငြင်းပွားစရာများက နိုင်ငံရေးခေါင်းဆောင်များကြားတွင် ခေါင်းစဉ်အမျိုးမျိုးနှင့် ရှိနေကြသည်။

 

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် သည်ပင်လျှင် ‘လမ်းဆုံလမ်းခွ ရောက်နေသည့် မြန်မာပြည် ဘယ်လမ်း လိုက်မည်မသိ။ လုံးဝလွတ်လပ်ရေးကို တစ်နည်းနည်းနဲ့ ရအောင်ယူမည်ဟု ကြေညာပြီး ကျုပ်တို့ဟာ လုံးဝ လွတ်လပ်ရေးကို အေးအေးချမ်းချမ်းနှင့် ရအောင်ကြိုးစားနေကြတယ်၊ လန်ဒန်ဆွေးနွေးပွဲမှာ မပြီးပြတ်ရင် ရှေ့အဖို့ ကျုပ်တို့ ဘာဖြစ်မယ်ဆိုတာ မပြောနိုင်သေးဘူး’ ဟူ၍ လန်ဒန်အသွား ပြောဆိုခဲ့ဖူးသည်။ အေးအေး ချမ်းချမ်းနည်းနဲ့မရရင်တော့ လွတ်လပ်ရေးကို မရရအောင်လုပ်ရလိမ့်မည်ဟုလည်း သန္နိဋ္ဌာန်ချထားပြီး ဖြစ်ကြောင်း ပြော၏။

 

သည်လိုနှင့် လွတ်လပ်ရေးဆွေးနွေးမှုကို ဆက်လက်ညှိနှိုင်းပြီး လွတ်လပ်ရေးအတွက် အတော်ပင် သေချာသွားသည့် အောင်ဆန်း- အက်တလီစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

 

လွတ်လပ်ရေးတိုက်ပွဲဝင် ခေါင်းဆောင်များသည် နိုင်ငံရေးနည်းလမ်းကို အသေအချာဆုပ်ကိုင်ပြီး လိုအပ်ပါက တစ်ပြည်လုံး ပုန်ကန်ထကြွရန်လည်း ပြင်ဆင်ခဲ့ကြသည်။ သည်လိုနှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည်မှာ အနှစ်ခုနစ်ဆယ်ကျော်ခဲ့ပါပြီ။

 

နယ်ချဲ့အရင်းရှင်စနစ်ကြီးနှင့် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြရာတွင်ပင် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြသည်။ တိုင်းရင်းသားညီနောင်များကြားတွင် စစ်ရေးနည်းသက်သက်ကိုသာ အားကိုးကြခြင်းမဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရင်း အဖြေရှာနိုင်ကြမည်ဟူသော ယုံကြည်စိတ်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးပန်းတိုင်သို့ ချီတက်နိုင်ကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ။(မြန်မာ့အလင်း)