နိုင်ငံရေးခြေလှမ်း ရှေ့ဆက်လျှောက်လှမ်း

 ၁၄ ဇူလိုင်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ကုန်တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေလတွင် ကျင်းပခဲ့သည်။ ယခု တတိယအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် ကျင်းပနေပြီဖြစ်ရာ ပြည်ထောင်စု ငြိမ်းချမ်းရေး အတွက် အဓိကကျသည့်အစည်းအဝေးကြီး သုံးကြိမ်မြောက် ခရီးရောက်ခဲ့ပြီဖြစ်သည်။

 

 

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးကြီးကို ၂၀၁၈ ခုနှစ်အတွင်း၌ နောက်ထပ် ညီလာခံတစ်ကြိမ်နှင့် ၂၀၁၉ ခုနှစ်အတွင်း၌ နောက်ထပ် ညီလာခံနှစ်ကြိမ်ဖြင့် စုစုပေါင်း ညီလာခံ သုံးကြိမ် ထပ်မံကျင်းပပြီး ထိုညီလာခံ သုံးကြိမ်တွင် ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီး သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ အခြေခံမူများ အပြီးအပြတ်ချမှတ်၍ အနာဂတ်ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံအုတ်မြစ်များ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မျှော်မှန်းထားသည်။

 

 

ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အမြန်တည်ဆောက်နိုင်ရေးအတွက် (၂၁)ရာစုပင်လုံ တတိယအစည်းအဝေးဖွင့်ပွဲတွင် “နိုင်ငံရေးပြဿနာတွေကို ညှိနှိုင်းဖြေရှင်းကြရာမှာ အရေးအကြီးဆုံးက ကျွန်မတို့အားလုံး ရပ်တန့်မနေဘဲ ရှေ့ကိုဆက်ပြီးလျှောက်လှမ်းနေဖို့၊ ခြေတစ်လှမ်းနဲ့ တစ်လှမ်းအကြား အခက်အခဲအမျိုးမျိုး၊ စိန်ခေါ်မှုအဖုံဖုံ ဘယ်လိုပင် ကြုံတွေ့လာစေကာမူ စိတ်မပျက်၊ အားမလျှော့ဘဲ ရုန်းထရှင်သန်ပြီး ရှေ့ကို လျှောက်လှမ်းနေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို လျှောက်လှမ်းရာခရီးလမ်းပေါ်မှာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ ဆက်ပြီးလျှောက်လှမ်းနိုင်အောင် သန္နိဋ္ဌာန်နဲ့ အားထုတ်ကြိုးပမ်းနေကြဖို့” နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းထားသည်။

 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မျက်မှောက်ကာလ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ များအရ ငြိမ်းချမ်းရေးမှာ အထူးလိုအပ်နေသလို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးမှာလည်း မနှေးအမြန် ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်ကြရမည့်အချိန်ဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်း ဖြစ်သည့် NCA တွင် အင်အားစုများ ဆုံစည်းနိုင်အောင် ဆောင်ကြဉ်းပေးထားသလို NCA မှပေါ်ထွက်လာသည့် နိုင်ငံရေးဆွေးနွေးပွဲများမှ ပထမခြေလှမ်းဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း(၁)ကို(၂၁) ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ယခု ဒုတိယခြေလှမ်းအဖြစ် ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း(၂)ကို (၂၁)ရာစုပင်လုံ တတိယအစည်းအဝေး နောက်ဆုံးနေ့တွင် လက်မှတ်ရေးထိုးနိုင်အောင် ဆွေးနွေးညှိနှိုင်းနေကြပြီဖြစ်သည်။

 

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုများ ရရှိစေရေးအတွက် အရေးကြီးသောနိုင်ငံရေးဆွေးနွေးပွဲ (၂၁)ရာစု ပင်လုံညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပလာခဲ့ရာမှ ဆက်လက်၍ အရှိန်အဟုန်မြှင့် ကျင်းပနိုင်ရန်ကြိုးပမ်းမှုသည် လက်နက်ကိုင် ပဋိပက္ခ များကြောင့် ပြည်သူများကြုံတွေ့နေရသည့်ဘေးဒုက္ခများ ချုပ်ငြိမ်းရေး၊ အနာဂတ် တိုင်းရင်းသား ပြည်သူ မျိုးဆက်သစ်လူငယ်များ ရှေ့ရေးကောင်းမွန်ရေးတို့အတွက်ဖြစ်သည်ကို နှလုံးသွင်းဆင်ခြင်ကြရမည် ဖြစ်သည်။

 

 

သို့ဖြစ်ရာ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး အချိန်မဆိုင်းဘဲ နိုင်ငံရေးခြေလှမ်းများကိုခပ်သွက်သွက် ရှေ့ဆက်လှမ်းရမည်သာဖြစ်သည်။ ထိုသို့ ရှေ့ဆက်လှမ်းရာတွင် အစုအဖွဲ့အကျိုးစီးပွားထက် ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးစီးပွားကို မျက်မှောက်ပြုရေး၊ တိုင်းရင်းသားပြည်သူများ၊ နောင်လာမည့် မျိုးဆက်သစ်များ၏ မျက်နှာကို ထောက်ရှုကြရေး လေးစားစွာဖြင့်မေတ္တာရပ်ခံ အလေးအနက်တိုက်တွန်းအပ်ပါသည်။ ။