နိုင်ငံရေးကို ညစ်ထေးစေသူများ

မောင်မောင်ဟိန်း (အင်းတိုင်)

နိုင်ငံရေးဟုဆိုရာတွင် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြကုန်သော နိုင်ငံသားအားလုံး၏အရေးကိစ္စများ အားလုံးနှင့် ဆက်စပ်လျက်ရှိသည်ဟု ဆိုရမည်ဖြစ်သည်။

ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်

နိုင်ငံသားများတစ်နည်းအားဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေးစသည့်ကဏ္ဍစုံကို နိုင်ငံတစ်နိုင်ငံချင်းအလိုက်ဆိုင်ရာ အစိုးရကစီမံခန့်ခွဲပြီး ပြည်သူများက ပါဝင်ဆောင်ရွက်ကြရသည်။ အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းပါက ပြည်သူများနှင့် သဟဇာတမဖြစ်ဘဲ နိုင်ငံတိုးတက်ရန်များစွာသော အခက်အခဲများနှင့် ရင်ဆိုင်ကြရမည်ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံများတွင် အစိုးရတစ်ရပ်ကို ပြည်သူများ၏ဆန္ဒဖြင့် ရွေးချယ်တင်မြှောက်ကြသည်။ ပြည်သူအများစု၏ ဆန္ဒဖြင့်ရွေးချယ်ရသောကြောင့်ရွေးချယ်ပေးရမည့် ပြည်သူတစ်ဦးချင်းသည် တော်တည့်မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းရှိသူများဖြစ်ရန် အထူးလိုအပ်သည်။

အစိုးရကောင်းတစ်ရပ် ရရှိနိုင်မည်မဟုတ်

ပါတီနိုင်ငံရေးသမားများ၏ မဲဆွယ်စည်းရုံးစဉ် မစားရဝခမန်းပြောဆိုစည်းရုံးခြင်းကို အဟုတ်မှတ်ပြီး ဖြစ်နိုင်၊ မဖြစ်နိုင်ကို သုံးသပ်ပိုင်းခြားနိုင်စွမ်းမရှိဘဲ မိမိနိုင်ငံ၏ သမိုင်းအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာသာသနာတို့၏ တန်ဖိုးကိုမသိသူများ၊ သူများယောင်လို့ လိုက်ယောင်ကြသူများ၊ စိတ်ဆန္ဒကိုဦးစားပေးကြသူများ၊ ဆွယ်တရားကောင်း၍ပါသွားသူများ အားကောင်းနေသရွေ့အစိုးရကောင်းတစ်ရပ် မည်သို့မျှရရှိနိုင်မည်မဟုတ်ပါ။ ဆန္ဒမဲပေးသူ အများစုနှင့်ထိုက်တန်သော အစိုးရတစ်ရပ်သာ ရရှိမည်ဖြစ်သည်။

နိုင်ငံနှင့်ပြည်သူအတွက် အလွန်အန္တရာယ်ကြီးသူများ

ပါတီနိုင်ငံရေးလုပ်ဆောင်နေသည့် နိုင်ငံရေးသမားများသည် နိုင်ငံနှင့်ပြည်သူအပေါ် အမှန်တကယ်စေတနာထားသူဖြစ်ပါက အာဏာရရေးတစ်ခုတည်းကို ဦးမတည်ဘဲ မိမိနှင့် မိမိပါတီ အာဏာရသည်ဖြစ်စေ မရသည်ဖြစ်စေ ပြည်သူများ၏ အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ကြရမည်ဖြစ်သည်။ အာဏာမရရှိသေးသည့်ကာလတွင်လည်း အတိုက်အခံပါတီကောင်းတစ်ရပ်အနေဖြင့် တည်ဆဲအစိုးရ၏ အားနည်းချက်၊ လစ်ဟာချက်များကို ထောက်ပြပြီး ပြည်သူများ၏ အကျိုးစီးပွားအတွက် တောင်းဆိုပေးရမည်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မိမိနှင့်မိမိပါတီအာဏာရရှိရေးအတွက် တည်ဆဲဥပဒေများကို ချိုးဖောက်ဆောင်ရွက်ခြင်း၊ ဥပဒေကို လိုရာဆွဲပုံဖော်ပြီးအသာစီးရယူခြင်း၊ မတတ်သာ၍ အာဏာမရတော့သည့်အခါ ထိပ်တိုက်ရင်ဆိုင်ပြီး တန်ပြန်တိုက်ခိုက်ခြင်းတို့ ပြုမူဆောင်ရွက်ခြင်းသည် ထောက်ခံသည့်ပြည်သူများကို ချနင်းကာ မရိုးမသားဆောင်ရွက်ကြခြင်းပင်ဖြစ်သည်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းပါ ပေးထားချက်များဖြင့်သာ ချဉ်းကပ်ကြရမည်ကို သိလျက်နှင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို မကြည့်ဘဲ မိမိနှင့်မိမိပါတီအကျိုးကိုသာကြည့်ကြသော နိုင်ငံရေးသမားများသည် နိုင်ငံနှင့်ပြည်သူအတွက် အလွန်အန္တရာယ်ကြီးသူများဖြစ်သည်။

ဦးသန့်၏ ဗမာသစ်နှင့်ပညာသစ်ဆောင်းပါး (ရန်ကုန်ဝိဇ္ဇာစာအုပ်တိုက် ၁၉၄၅)တွင် “တိုင်းပြည်အုပ်ချုပ်ရေးစနစ်များအနက် ဒီမိုကရေစီသည် အခက်အခဲဆုံးဖြစ်ကြောင်း၊ ခက်လွန်းအားကြီးသောကြောင့် ဒုတိယကမ္ဘာစစ်မဖြစ်မီက ဂျာမနီနှင့်အီတလီနိုင်ငံတို့သည် ဒီမိုကရေစီကိုစွန့်၍ အာဏာရှင်နိုင်ငံများ တည်ထောင်ကြကြောင်း၊ ဒီမိုကရေစီအောင်မြင်ရန် ပြည်သူပြည်သားတို့သည် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားလုံလောက်အောင်ရှိကြရမည်ဖြစ်ကြောင်း၊ အသိဉာဏ်ကင်းမဲ့သောနိုင်ငံတွင် ဒီမိုကရေစီစနစ်သည် ဗရုတ်သုတ်ခကိုသာ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မဲဆန္ဒရှင်တိုင်းသည် ပညာတတ်ကြရမည်၊ ဆင်ခြင်တုံတရားကို သုံးနိုင်ကြရမည်ဖြစ်ကြောင်း” ဒီမိုကရေစီစနစ်အတွက် ပြည်သူများ၏ လိုအပ်ချက်ကို ပွင့်လင်းမြင်သာစွာ ထောက်ပြရေးသားခဲ့သည်။

အကျိုးထက်အပြစ်ပိုများ

နိုင်ငံသားတိုင်းသည် မျိုးချစ်စိတ်ဓာတ်ရှိရန်လိုသည်။ မျိုးချစ်စိတ်ဓာတ်ဆိုသည်မှာ မိမိနိုင်ငံနှင့် မိမိလူမျိုးတိုင်းရင်းသားအားလုံး ကောင်းစားရေးကို မြင်တွေ့ခံစားလိုသောစိတ်ဟု ဆိုချင်ပါသည်။ တိုင်းပြည်နှင့်လူမျိုးကို ဘက်ပေါင်းစုံမှ နှောင့်ယှက်ဖျက်ဆီးပြီး ဒုက္ခမျိုးစုံပေးနေသူများအား ကာကွယ်တွန်းလှန်ခြင်းကို မျိုးချစ်စိတ်ရှိသည့် ပြည်သူများကသာ လုပ်ဆောင်ကြမည်ဖြစ်သည်။ မျိုးချစ်စိတ် ခေါင်းပါးသောသူများသည် အတ္တအကျိုးစီးပွားအတွက် ပုဆိန်ရိုးများအဖြစ် မိမိတိုင်းပြည်နှင့်လူမျိုးကို အကျိုးယုတ်စေမည့်သူများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်ကြသည်။ မျိုးချစ်စိတ်ရှိသော်လည်း ဆင်ခြင်တုံတရားမရှိ၍မရပေ။ ဆင်ခြင်တုံတရားရှိရန် အသိဉာဏ်ပညာဝမ်းစာ ပြည့်ဝရန်လည်းလိုသည်။ မျိုးချစ်စိတ်တည်းဟူသော လှေကိုပဲ့နှင့်တူသော ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်နိုင်မှသာ လိုရာပန်းတိုင်ကို ကောင်းစွာဆိုက်ရောက်နိုင်မည်ဖြစ်သည်။ ယခုခေတ်စားနေသော စကားဖြစ်သည့် မျက်ကန်းမျိုးချစ်စိတ်နှင့် ဆောင်ရွက်ပါက အကျိုးထက်အပြစ်ပိုများမည်ဖြစ်သည်ကိုလည်း သတိချပ်သင့်သည်။

“နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည်မဟုတ်၊ နိုင်ငံရေးကို ညစ်ထေးအောင်လုပ်သူတို့သာလျှင် ယုတ်မာခြင်းဖြစ်၏”ဟု ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပခဲ့သည့် နိုင်ငံလုံးဆိုင်ရာညီလာခံပြုလုပ်စဉ် ထိုစဉ်က ဖဆပလ အဖွဲ့ချုပ်ဥက္ကဋ္ဌ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်းပြောကြားခဲ့သည်။

အကောင်းအဆိုးကို မစွမ်းနိုင်အောင် လုပ်ခြင်းမျှသာဖြစ်

ယင်းညီလာခံမိန့်ခွန်းတွင် “နိုင်ငံရေးသဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်းမဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်းမဟုတ်၊ အဂ္ဂိရတ်လည်းမဟုတ်၊ ကြောက်မက်ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်ဇောနှင့် လုပ်သောအရေး ကိစ္စလည်းမဟုတ်၊ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်နေသော ဖြစ်ပွားလျက်ရှိသောအခြေပေါ်တွင် မျှော်ခေါ်၍ ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။ နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေရသောကိစ္စပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော်နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟုဆိုရပေမည်။ ကျွန်ုပ်တို့၏ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုသည်နိုင်ငံရေးပင်ဖြစ်၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင်မတွေးတောမိစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေဆက်သွယ်နေ၏။ ကျွန်ုပ်တို့သည် နိုင်ငံရေးကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည် ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံစသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏။ ဤဌာနများ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။ လူတိုင်းလူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင်ဖြစ်၏။ လွတ်လပ်မှု ရယူလိုမှုသည်ပင်လျှင် နိုင်ငံရေးဖြစ်၏။ နိုင်ငံရေးကို ဘာသာတရားဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာ ညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။ ထိုသူတို့၏ ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီး ကျယ်ကျယ်လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူတို့၏ စိတ်ကိုရှုပ်ထွေးစေ၍ အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာမစွမ်းနိုင်အောင် လုပ်ခြင်းမျှသာဖြစ်၏။ အမှန်မှာ ထိုသူတို့ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်၊ မိမိတို့အကောက်ဉာဏ်ကိုသုံး၍ မိမိတို့ကြီးပွားရေး တစ်နပ်စားနိုင်ငံရေးပင်ဖြစ်ပေ၏”ဟု ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးနှင့်ပတ်သက်၍ ပြည်သူသို့ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်ကို မှတ်သားခဲ့ဖူးပါသည်။

အာဏာဟူသမျှ ဖီဆန်

ဒီမိုကရေစီ၏အနှစ်သာရတစ်ရပ်မှာ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိခြင်းပင်ဖြစ်သည်။ ငါနှင့်မတူ ငါ့ရန်သူဟူသော အယူအဆဝါဒမှိုင်းသွတ်သွင်းသူများသည် မရိုးမဖြောင့်သော အတ္တဝါဒီစွဲကိုင် ကြသူများဖြစ်ပေသည်။ နိုင်ငံနှင့်လူမျိုး အကျိုးစီးပွားကို ဦးတည်ဆောင်ရွက်ခြင်းမပြုဘဲ မိမိအာဏာမရလျှင် အာဏာဟူသမျှ ဖီဆန်ကြရန် တိုက်တွန်း ပြောဆို စည်းရုံးခြင်းပြုသူများသည် နိုင်ငံရေးအရေခြုံပြီး ပြည်သူလူထု၏ ထောက်ခံအားပေးမှုကို အသုံးချကာ ပြည်သူအပေါ်စေတနာမှန်မရှိကြသူ များပင်ဖြစ်သည်။ တည်ဆဲအစိုးရနှင့် ပြည်သူအကြား ထိပ်တိုက်ရင်ဆိုင်နေကြပါက အစိုးရလည်း အစိုးရအလုပ်မလုပ်နိုင်၊ ပြည်သူလည်း ပြည်သူ အလုပ်မလုပ်နိုင်ဘဲ တိုင်းပြည်ပျက်စီးယိုယွင်းမည်ကို သိလျက်နှင့်မရိုးမဖြောင့်သော အကြံအစည်ဖြင့် ကိုယ်ကျိုးစီးပွားကိုသာ ဦးတည်လုပ်ဆောင်နေသော ညစ်ထေးသည့် နိုင်ငံရေးသမားများ ရှိနေသည်ကို အထူးသတိထားကြရပေမည်။ နိုင်ငံရေးကိုညစ်ထေးစေသော နိုင်ငံရေးသမားများကို ပြည်သူများက ဆင်ခြင်တုံတရားဖြင့် သတိထားကြဉ်ဖယ်ကြရမည်ဖြစ်သည်။ ထိုသို့ ဆင်ခြင်တုံတရားထားရှိနိုင် ရေး ပြည်သူများအနေဖြင့် နိုင်ငံရေးရေချိန်မြင့်မားရန် လေ့လာဆည်းပူးကြရပေမည်။ နိုင်ငံရေးသည် နိုင်ငံသားအားလုံး၏ အရေးကိစ္စတစ်ရပ်ဖြစ်သောကြောင့် နိုင်ငံရေးနှင့်ကင်းကွာ၍မရကြောင်း သတိချပ်သင့်ပေသည်။ သို့မှသာ နိုင်ငံရေးကို ညစ်ထေးစေသူများ၏ ဘေးဆိုးမှ လွတ်ကင်းနိုင်မည်ဖြစ်သည်။ ဆန္ဒမဲပိုင်ရှင်ပြည်သူများ၏ အသိပညာနှင့် ဆင်ခြင်တုံတရားပြည့်ဝစွာဖြင့် ဆန္ဒပြုရွေးချယ်နိုင်မှသာ ဒီမိုကရေစီအနှစ်သာရ ပြည့်ဝသော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။