နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းဖြင့်ဖြေရှင်း

မြန်မာနိုင်ငံသည် မျက်မှောက်ကာလတွင် အလွန်လိုအပ်နေသော ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်နေသည်။ နှစ်ပေါင်း ရှည်ကြာခဲ့သော မငြိမ်းချမ်းသည့် ပဋိပက္ခများကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုဘက်တွင် နောက်ကျခဲ့ပြီး အဖိုးတန်သော အရင်းအမြစ်များ ပျက်စီးဆုံးရှုံးခဲ့ရသည်။ လက်ရှိတွင် ပြဿနာများကို အဖြေရှာဖြေရှင်းကြရာ၌ နောင်အနာဂတ် မျိုးဆက်သစ် များအတွက် ငြိမ်းချမ်းသောအမွေအနှစ်များ ကျန်ရစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ငြိမ်းချမ်းသောအမွေထားခဲ့နိုင်ရေးတွင် လက်ရှိအခင်းအကျင်းအရ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းသော နိုင်ငံရေးနည်းဖြင့် အဖြေရှာကြရမည် ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများ ရပ်ဆိုင်းရေးအတွက် အဖြေရှာရာ၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးသည့် နည်းလမ်းသည် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ NCA သည် နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို လျှော့ချနိုင်ပြီး အပြီးတိုင်ချုပ်ငြိမ်းရေးသို့ ဦးတည်စေသည်။

 

NCA သည်သာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် တွေ့ဆုံဆွေးနွေးခြင်းဖြစ်သည့် နိုင်ငံရေးယဉ်ကျေးမှုကို ဖန်တီးနိုင်ပေသည်။ NCA သည်သာ တိုင်းရင်းသားပြည်သူအားလုံးလိုလားသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်ပေးနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့သည် ထိုသဘောထားကိုလက်ခံပြီးဖြစ်၍ NCA လမ်းကြောင်းပေါ်တွင် လျှောက်လှမ်း နေပြီဖြစ်သည်။ ကျန်ရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း နည်းမှန်လမ်းမှန် NCA လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်ရန် လမ်းဖွင့်ပေးထားပြီး ဖြစ်သည်။

 

ပြည်တွင်းနိုင်ငံရေးပြဿနာကို လက်နက်စွဲကိုင်အဖြေရှာခြင်းသည် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင်လည်းကောင်း၊ ကမ္ဘာ့နိုင်ငံရေးသမိုင်းကြောင်းတွင်လည်းကောင်း မည်သည့်နေရာ၊ မည်သည့်အခါမှ အောင်မြင်မှုရရှိခဲ့သည် မရှိပေ။ နောက်ဆုံး တွင် နှစ်ဖက်စလုံးသာ ဆုံးရှုံးနစ်နာမှုများဖြင့် နိဂုံးချုပ်ခဲ့ကြသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးသမိုင်း ကြောင်းတွင် လက်နက်ကိုင်ပဋိပက္ခများသည် မည်သည့်အခါမှ အောင်မြင်မှုမရနိုင်ဘဲ အဆုံးသတ်ခဲ့ကြသည်။ ကမ္ဘာ့သမိုင်းတွင် လက်ရှိဖြစ်ပွားဆဲ၊ နိုင်ငံများ၏ ပြည်တွင်းပဋိပက္ခများမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။

 

အီရတ်၊ ဆီးရီးယား၊ လစ်ဗျား၊ အာဖဂန်နစ္စတန်ပြည်တွင်းစစ်ပွဲများကို ကြည့်လျှင် ပြဿနာကိုအဖြေရှာမရနိုင်ဘဲ မဆုံးနိုင်သော ပဋိပက္ခသံသရာ တွင်ကျင်လည်နေရပြီး ပြည်သူပြည်သားများသာ ဆင်းရဲဒုက္ခရောက်ခဲ့ကြသည်ကို မြင်တွေ့ရမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်က စတင်ခဲ့သည့် အာဖဂန်ပြည်တွင်းစစ်ကြောင့် အာဖဂန်နစ္စတန်ပြည်သူ နှစ်သန်းခန့် အသက်ဆုံးရှုံးခဲ့ရသည်။ အာဖဂန်နစ္စတန်ပြည်သူ ခုနစ်သန်းခန့် အိုးမဲ့အိမ်မဲ့ စစ်ဘေးဒုက္ခသည်ဘဝ ရောက်ခဲ့ကြသည်။ ပြည်ပကျူးကျော်မှု၏ နောက်ဆက်တွဲအကျိုးဆက်ဖြစ်သည့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ထက်တိုင် အဆုံးမသတ်နိုင်ဘဲ ဖြစ်ပွားနေဆဲဖြစ်သည်။ ၁၈ နှစ်ကြာ ပြည်တွင်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ကုလသမဂ္ဂက ထပ်မံ ကြိုးပမ်းနေစဉ် ပြီးခဲ့သည့် ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် အာဖဂန်နစ္စတန်ပြည်သူ တစ်သိန်းကျော် သေဆုံးထိခိုက် ဒဏ်ရာများရခဲ့ကြောင်း ဒီဇင်ဘာလ ၂၆ ရက်နေ့က ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

သို့ဖြစ်ရာ နိုင်ငံရေးပြဿနာများကို လက်နက်ကိုင်ဖြေရှင်းခြင်းသည် မည်သည့်နည်းနှင့်မျှ အောင်မြင်မှုမရနိုင်သကဲ့သို့ တိုင်းပြည်နှင့် ပြည်သူ ပြည်သားများသာ ဆုံးရှုံးနစ်နာမှုဖြစ်ရသည်ကို သက်သေသာဓကများဖြင့် မြင်တွေ့ရပြီဖြစ်၍ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီး ပြည်သူပြည်သားအားလုံး၏ အနာဂတ်ကောင်းကျိုးအတွက် ရှေးရှုဖော်ဆောင်ပေး ကြရမည်ဖြစ်ပါကြောင်း။  ။