နိုင်ငံ့ရင်သွေး ကလေးစာပေအကြောင်း တစေ့တစောင်း

မြင့်မြတ်သီတာ

 

မြန်မာအဘိဓာန်တွင် ကလေးဆိုသည်မှာ ကလေး-န/ ကလေး/ ခလေး၁၊ အသေးအငယ်။ အသေးအဖွဲ။ ၂၊ သား ငယ်သမီးငယ်ဟူ၍လည်းကောင်း၊ ကလေးသူငယ်ဆိုသည်မှာ ငယ်ရွယ်သောသူဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

 

ထို့အပြင် ကလေးသူငယ် ဥပဒေပုဒ်မ ၂ (က) တွင် ကလေးသူငယ်ဆိုသည်မှာ အသက် ၁၆ နှစ် မပြည့်သေးသော သူကိုလည်းကောင်း၊ ၂ (ခ) တွင် လူငယ်ဆိုသည်မှာ အသက် ၁၆ နှစ်ပြည့်ပြီး အသက် ၁၈ နှစ် မပြည့်သေးသူ ကိုလည်းကောင်း ဆိုသည်ဟု ပြဋ္ဌာန်းထားသည်။

 

မြန်မာကလေးငယ်များသည် မိခင်တို့၏ သားချော့တေး၊ အိပ်ရာဝင်ပုံပြင်များမှတစ်ဆင့် စာပေ၊ ကဗျာလင်္ကာများနှင့် ရင်းနှီးခဲ့ကြသည်။ မြန်မာ့စွယ်စုံကျမ်းတွင် ကလေးစာပေနှင့် ပတ်သက်၍ စာရေးဆရာများသည် ကလေးတို့အတွက် ကလေးစာပေရေးမည်ဟု ရည်ရွယ်လိုက်သည့်အခါ သူတို့ကိုယ်တိုင် ကလေးများနှင့်အတူ ရောနှောပျော်ရွှင်နေ သကဲ့သို့ စိတ်ကူးပြီးမှ ကျေးငှက်ကလေးများအကြောင်း၊ သစ်ပင်၊ ရေမြေ၊ တောတောင် အာကာသ စသည့် ဩကာသ လောကကြီးအကြောင်းတို့ကို ကလေးတို့ ဉာဏ်အမြင်မီနိုင်သလောက် မျက်စိထဲတွင် ပေါ်လာအောင်၊ သာယာ ချိုအေးသော၊ နားဝင်ချို သော အသံဖြစ်လာအောင် ရေးစပ်လေ့ရှိသည်။

 

ကလေးစာပေပေါက်ဖွားရာ

ရှေးရိုးရာပုံပြင်များမှာ ကလေးစာပေပေါက်ဖွားရာ အရင်းမူလဖြစ်သည်ဟု ဆိုနိုင်သည်။ ယင်းတို့မှာလည်း ရှေးလူကြီး များ ပြောကြားလေ့ရှိသော ငလက်မပုံပြင်၊ ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွား၊ ကြက်မကြီးနှင့် ကြက်ကလေး၊ စင်ဒရဲလား၊ စနိုးဝှိုက်နှင့် လူပုခုနစ်ဖော် စသည်တို့ဖြစ်၏။ ဤပုံပြင်လေးများမှာ ဘယ်သောအခါမျှ မရိုးနိုင်ဘဲရှိ သည့်အပြင် ငယ်ရွယ်သော ကလေးသူငယ်များအဖို့ မှတ်သားအတုယူနိုင်သည့်သင်ခန်းစာများလည်း ပါဝင်သည်။ ကဗျာများမှာလည်း ကလေးစာပေတွင် အကျုံးဝင်လျက်ရှိသည်။ ယင်းတို့မှာ ဖိုးလမင်း၊ ကြောင်နှင့် ကြွက်၊ ကြောင်ကြီးမြီးတံတို၊ ဝါဆို ဝါခေါင်၊ ဥပုသ်စောင့်၊ တောက်တဲ့ အစရှိသည်တို့ ဖြစ်၏။ အင်္ဂလိပ် စာပေတွင်ကား ကလေးကဗျာများစွာရှိလေရာ 'ဂူစီ ဂူစီ ဂင်ဒါ'၊ 'ခြောက်ပဲနိသီချင်း'၊ 'မျက်မမြင် ကြွက်ကလေး သုံးကောင်' စသော ကဗျာကလေးများမှာ ကလေးတို့ နှုတ်ဖျားတွင် ရေပန်းစားခဲ့သော ကဗျာများဖြစ်သည်။

 

ဥရောပတိုက်တွင် ပုံနှိပ်စက်မပေါ်မီကပင် ကလေးသူငယ်များအတွက် စာအုပ်စာတမ်းများအဖြစ် အဲလ်ရစ်နှင့် အဲလ်ကွင်တို့၏ ဂျက်စတာရိုမနိုရမ် ခေါ် စကားထာများ၊ အီစွပ်ဒဏ္ဍာရီပုံပြင်များ စသည်တို့ရှိခဲ့သည်။ ထို့ပြင် ဂရင်းညီနောင်ပုံပြင်များ၊ အင်ဒါဆင်ပုံပြင်များ၊ စနိုးဝှိုက်နှင့် လူပုကလေး ခုနစ်ဖော်ပုံပြင်များ၊ ဂူစီဂူစီဂင်ဒါ၊ ခြောက်ပဲနိ၊ မျက်မမြင် ကြွက်ကလေးသုံးကောင်စသည့် ကဗျာလေးများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဘာသာပြန်ဆိုခဲ့ကြသည်။ ထိုကဗျာလေးများကိုလည်း မြန်မာဘာသာသို့လည်း ပြန်ဆိုထားပြီ ဖြစ်သည်။ ဥရောပတိုက်၌ ဒဏ္ဍာရီပုံပြင်များကို ၁၆၉၇ ခုနှစ်တွင် အဦးဆုံးရေးသား၍ ထုတ်ဝေခဲ့သူမှာ ပြင်သစ်နိုင်ငံမှ ချားပဲရိုးဆိုသူ ဖြစ်သည်။ သူ၏ စင်ဒရဲလား၊ မုတ်ဆိတ်ပြာနှင့် ဖိနပ်ကြီး နှင့် ကြောင်ကလေးစသော ပုံပြင်တိုကလေးများကို ပြင်သစ်ဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခဲ့လေရာ အင်္ဂလိပ်စာတတ်ကလေးများပင် ပြင်သစ်ကလေးများနည်းတူ ထိုပုံပြင်များကို အသည်းစွဲ ဖြစ်နေကြ ၏။ အင်္ဂလန်၌ ကလေးစာအုပ်များကို ၁၇၄၄ ခုနှစ်တွင် အဦးဆုံး ထုတ်ဝေခဲ့သူမှာ ဂျွန်နျူဗဲရီဆိုသူ ဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာပြန်ဆို

၁၉ ရာစုခန့်တွင် အင်္ဂလန်၊ အမေရိကန်၊ ရုရှား၊ ဂျာမနီ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည်တို့တွင်လည်း ကလေးစာပေ ဖွံ့ဖြိုးလာခဲ့သည်။ အင်္ဂလိပ်စာရေးဆရာကြီး ဒင်နီယယ်ဒီဖိုး၊ ဂျော်နသန်ဆွစ်၊ အမေရိကန်စာရေးဆရာကြီး နသယ်နီယန်တော်သွန်း၊ ရုရှားစာရေးဆရာကြီး တော်လ်စတွိုင်း၊ ချက်ကော့၊ ဂေါ်ကီ၊ တရုတ်ခေတ်သစ် ဒဏ္ဍာရီဆရာ ဖန်ဂူဖန်၊ ဂျပန်စာရေးဆရာကြီး အိုဂါဝါမီမဲ့ စသည့် ဂန္ထဝင်စာရေးဆရာကြီးများကလည်း ကလေးစာပေများစွာကို ရေးသားခဲ့ကြသည်။ သူတို့၏လက်ရာများကို ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာပြန်ဆိုခဲ့ကြသည်။

 

ကလေးများအတွက် မြန်မာနိုင်ငံတွင် အစောဆုံးတွေ့ရှိခဲ့ရသော မြန်မာဖတ်စာအုပ်မှာ 'မောင်နုကော" ပြုစုရေးသားသော Burmese Pictorial Reader ဟု မှတ်တမ်းပြုခဲ့ကြပြီး ၁၈၆၅ ခုနှစ်တွင် မော်လမြိုင်မြို့ အေဘီအမ် ပုံနှိပ်တိုက်တွင် ပုံနှိပ်ခဲ့သည်။

 

ကလေးစာပေနှင့် ပတ်သက်၍ မလိခ မြန်မာစာပေ အဘိဓာန်တွင် စာဖတ်တတ်စအရွယ် ကလေးငယ်များ ဖတ်ရှုနိုင်ရန် ရည်ရွယ်ပြုစုသော စာပေအမျိုးအစားဖြစ်သည်ဟု ဖော်ပြထားသည်။ ရှေးခေတ်မြန်မာစာပေသမိုင်း၌ 'ကလေးစာပေ'ဟူ၍ သီးသန့်သတ်မှတ်ပြုစုထားခြင်းမျိုး မရှိခဲ့ပါ။ သို့သော် ကလေးများ အလိမ္မာတိုးစေရန်နှင့် ပျော်ရွှင်မှုရစေရန်ရည်ရွယ်ပြောဆိုသော ပုံပြင်များ၊ ကလေးဆို သီချင်းများ၊ တေးကဗျာများသည် လူကြီးမိဘအစဉ် အဆက်၊ ကလေး အဆက်ဆက် နှစ်သက်မြတ်နိုးကြသည်။ 'ရွှေယုန် ရွှေကျား' ပုံပြင်များ၊ 'လေတွေမိုးတွေ လာပါပေါ့ ကဆုန်လပြည့်ကျော်' အစရှိသော တေးကဗျာများ 'ရွှေစွန်ညို' ကစားနည်းကဲ့သို့ ကစားနည်းများ၌ ကလေးတို့ သီဆိုမြဲဖြစ်သော တေးကဗျာများသည် မြန်မာကလေးစာပေ၏ အခြေအမြစ်များဖြစ်သည်ဟု ဆိုနိုင်ပါသည်။

 

၁၉၃၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် မြန်မာစာပေ၌ ကလေးများအတွက်သီးသန့်ရည်ရွယ်ရေးသားသော စာပေများ အစပြုထွန်းကားလာသည်။ မင်းသုဝဏ်၏ "ဝါဆို ဝါခေါင်ရေတွေကြီးလို့'၊ 'ဆွမ်းအုပ်နီနီ အမေရွက်လို့' အစ ချီသော ကဗျာကလေးများသည် ၁၉၃၁ ခုနှစ်တွင် ကလေးများအတွက် သီးသန့်ရည်ရွယ်ရေးသားပြုစုသော ကဗျာများ ဖြစ်၏။ ထိုအခါမှစ၍ မြန်မာစာပေ၌ ကလေးများအတွက် စာပေသီးသန့်ပြုစုသင့်သည်ဟူသော အယူအဆထွန်းကားလာ၏။ ကလေးစာပေနှင့်ပတ်သက်သော လှုံ့ဆော်မှုများ ပေါ်လာ၏။ ဤသို့ဖြင့် ၁၉၃၅ ခုနှစ်လောက်တွင် ကလေးစာပေ၏ အင်အားသည် ကြီးမားစပြုလာ၏။ မောင်ဖြူး၏ ဒဏ္ဍာရီပြဇာတ်များ၊ စလေအညာက ပလွေဆရာ စသည်တို့သည် ထိုကာလတွင် ထွန်းကားလာသောကလေးစာပေများ ဖြစ်သည်။ ဒေါက်တာ မောင်ဖြူးအမည်ခံ ဒေါက်တာ တန်ဂွမ်လျောင်သည် ကလေးစာပေထွန်းကားရေးကို လှုံ့ဆော်သူ၊ ကိုယ်တိုင်လည်း ရေးသားသူတစ်ယောက်အဖြစ် ထင်ရှားခဲ့သည်။

 

မြန်မာပြန်ရေးသား

ယင်းသို့ ကလေးစာပေထွန်းကားရေးကို လှုံ့ဆော်သူများတွင် ဗိုလ်ချုပ်အောင်ဆန်းသည်လည်း တစ်ယောက် အပါအဝင်ဖြစ်ခဲ့သည်။ ဒေါက်တာ တန်ဂွမ်လျောင်၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားလှုံ့ဆော်သော ကလေးစာပေ ထွန်းကားရေးဆောင်းပါးကို ဗိုလ်ချုပ်အောင်ဆန်းက မြန်မာပြန်ရေးသားခဲ့သလို စစ်ကြိုခေတ်ထုတ် မျိုးညွန့် မဂ္ဂဇင်း "လောကဝိဟာ" ဆောင်းပါးတွင် "အတတ်ပညာ ဗဟုသုတ စသည်များကို သင်ကြားလေ့လာရန်အတွက် လူအဖြစ်သို့ ရောက်ရှိခိုက်တွင် လောကဝိဟာခေါ်လာက တက္ကသိုလ်ကြီး၌ သင်ကြားလေ့လာရန် ရှိသမျှကို မိမိရရ နာယူသင့် ကြောင်း" ရေးသားခဲ့သည်။

 

၁၉၃၇ ခုနှစ်တွင် ထုတ်ဝေသည့် မန္တလေး သူရိယ အမျိုးသားနေ့ အထူးစာစောင်၌ “ကျောင်းသား ဝတ္တရား" ဆောင်းပါးကို ရေးသားခဲ့သည်။ ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင်" မြန်မာစာသင်ကျောင်း တွင် နေရစဉ်က ကျွန်တော်မပျော်ပိုက်သည့် အချက်တစ်ချက် ရှိလေသည်။ ထိုအချက်မှာကစားခုန်စားခြင်း၊ ကလေး သဘာဝသစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာကျင်လည်မှုကို လေ့လာခွင့်မရ၊ သစ်ပင် တက်သည်ကိုမြင်လျှင် အဆိုအမြည်ခံရ၏။ ရေကူးသည်ကိုသိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော့်မှာ ဉာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာချို့ယွင်းနေပေသည်" ဟု ရေးသား ဖော်ပြခဲ့သည်။

 

ထိုစဉ်က ကလေးစာပေ လှုံ့ဆော်ကြသူများတွင် ကွန်မြူနစ်ပါတီခေါင်းဆောင်တစ်ဦးဖြစ်သော သခင်ဗဟိန်းလည်း ပါသည်။

 

ကလေးစာပေကာတွန်းများ

ကလေးများဖတ်ရှုကြည်နူးနိုင်စေရန် ရေးသားပြုစုကြရာတွင် ကာတွန်းဦးဘဂျမ်းသည်လည်း အရေးပါသူ တစ်ယောက်ဖြစ်သည်။ သူ၏ ကိုပြူးမပြုံး ကာတွန်းများသည် ကလေးများနှစ်သက်ကြသော ကလေးစာပေ ကာတွန်းများ ဖြစ်ကြသည်။

 

မင်းသုဝဏ်သည် သူ၏ကလေးကဗျာများကို စုစည်း၍ ၁၉၄၁ ခုနှစ်တွင် မောင်ခွေးဘို့ အမည်ရှိ ကဗျာစာအုပ်ကို ထုတ်ခဲ့သည်။ ၁၉၄၅ ခုနှစ်နောက်ပိုင်းတွင်ကား ကလေးစာပေ၏ အင်အားသည် ပိုမိုကြီးထွားလာ၏။ ကလေးများ အတွက် သီးသန့်ရည်ရွယ်ထုတ်ဝေသော ကလေးသတင်းစာအမည်ရှိ သတင်းစာတစ်စောင်ပေါ်လာ၏။ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် ရှုမဝကဲ့သို့သော မဂ္ဂဇင်းများ၌ ကလေးများအတွက် ပုံပြင်များကို ဦးဘဂျမ်း၏ ရောင်စုံကာတွန်း များနှင့် ပူးတွဲဖော်ပြလာ၏။ ထို့နောက် ကလေးများအတွက် သီးသန့်ထုတ်ဝေသော မြတ်ပုလင်စာစောင်း ခလေးဂျာနယ် စသည့် စာစောင်များ၊ မော်ဒန်၊ မောင်ကမ္ဘာစသော ကာတွန်းစာအုပ်များ ထွက်လာ၏။ မဂ္ဂဇင်းအချို့တွင် ကလေးကဏ္ဍကို သီးခြားထည့်သွင်းလာ၏။

 

မကြာမီကာလအတွင်းမှာပင် ကလေးများအတွက် ပုံပြင်စာအုပ်များ အမြောက်အမြား ထွက်လာသည်။ လူထု ဦးလှ၏တိုင်းရင်းသားပုံပြင် စာအုပ်များသည်လည်း ကလေးစာပေနှင့် တိုင်းရင်းသား ချစ်ကြည်ရေးအခန်းကဏ္ဍတွင် အရေးပါလာ၏။ ထိုအခါမှစ၍ ကလေးများအတွက် ကဗျာ၊ စကားပြေပုံစံအမျိုးမျိုးနှင့် ရေးသားပြုစုကြသော ကလေးစာပေ အမြောက်အမြား ထွက်လာ၏။

 

၁၉၅၃-၅၅ ခုနှစ်ဝန်းကျင်သည် ကလေးစာပေလှုပ်ရှားမှု အရှိန်အဟုန်ကြီးမားသော အချိန်ဖြစ်ပြီး စာပေ ဗိမာန်က ပုံဝတ္ထုစာစဉ်များ၊ နိုင်ငံတကာ ကလေးပုံပြင်များကို ထုတ်ဝေသကဲ့သို့ မြဝတီပုံနှိပ်တိုက်မှ ကလေးဂျာနယ်၊ မြတ်လုလင်ဂျာနယ်နှင့် ပုဂ္ဂလိကပိုင်းမှ ကာတွန်းအောင်ရှိန်၏ ပေါ်ပြူလာ၊ မော်ဒန်ကာတွန်းစာအုပ်များ ပေါ်ထွက် လာသည်။ ၁၉၅၂ ခုနှစ် စာပေဗိမာန်မဂ္ဂဇင်း ထုတ်ဝေသည့်အခါ အတွဲ ၁၊ အမှတ် ၁ တွင် ကလေးရိပ်သာကဏ္ဍတစ်ခု ဖွင့်လှစ်နိုင်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်းတွင် ရှေ့ဆောင် လူငယ်ဂျာနယ်၊ ဒို့ကျောင်းသား၊ တေဇရုပ်စုံ၊ မိုးသောက် ပန်း၊ ရွှေသွေးဂျာနယ် ရွှင်ပြုံးစသည့်ဂျာနယ်များ ထွက်ရှိသည်။

 

ကလေးစာပေစာတမ်းဖတ်ပွဲများ

စာပေဗိမာန်သည် ကလေးစာပေ ဖွံ့ဖြိုးရေးအတွက် ကလေးစာပေစာတမ်းဖတ်ပွဲများကို သုံးကြိမ် ကျင်းပခဲ့သည်။ ကလေးစာပေနှီးနှောဖလှယ်ပွဲကို ၁၉၆၅ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၀ ရက်နေ့အထိ စာပေဗိမာန်ခန်းမ ဆောင်တွင် ကျင်းပခဲ့သည်။ ထိုနှီးနှောဖလှယ်ပွဲ၌ ဒေါက်တာမောင်ဖြူး က 'ကလေး စာပေ-ကမ္ဘာနှင့် မြန်မာ့အခြေ' အမည်ရှိစာတမ်း ကိုလည်းကောင်း၊ ဦးဝန်က 'မြန်မာကလေး စာပေသမိုင်း" ' အမည်ရှိ စာတမ်းကိုလည်းကောင်း၊ လူထုဦးလှက 'ယနေ့ မြန်မာကလေးစာပေ' အမည်ရှိ စာတမ်းကိုလည်းကောင်း တင်သွင်းပြီး နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ကြသူများက ထိုစာတမ်းများကို အခြေပြု၍ ဆွေးနွေးဝေဖန်အကြံပေးကြသည်။

 

ကလေးလူငယ်စာပေနှီးနှောဖလှယ်ပွဲကို စာပေဗိမာန်က ကြီးမှူး၍ ၁၉၇၃ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသည်။ နှီးနှောဖလှယ်ပွဲတွင် မောင်ကျော်သာက 'ကလေးလူငယ် စာပေလှုပ်ရှားမှု'၊ တင်မိုးက 'ကလေးလူငယ်ကဗျာ'၊ ဦးဘကြည်က 'ကလေးစာပေ သရုပ်ဖော်နှင့် ကာတွန်း'၊ အောင်သင်းက 'ကလေးလူငယ် စာပေတွင် ပုံပြင်၏ကဏ္ဍ'၊ တက္ကသိုလ် မောင်အောင်ဆွေက 'ခေတ်သစ်ဟန် ပုံဝတ္ထု'၊ မောင်ကောင်းမြင့်က 'ကလေးလူငယ် သုတစာပေ'၊ ဒေါ်မြတ်မွန်က'ကလေးလူငယ်နှင့် စာပေစိတ်'၊ မင်းယုဝေ က 'နိုင်ငံခြားကလေးလူငယ် စာပေလေ့လာချက် စာတမ်းများကို အသီးသီးဖတ်ကြား တင်သွင်းခဲ့သည်။

 

စာပေဗိမာန်က ကြီးမှူး၍ 'စာပေဗိမာန် စာပေဟောပြောပွဲ (ကလေးစာပေ)ကို ၂၀၁၅ ခုနှစ် စက်တင် ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင်သံ စတူဒီယို (A) ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ဒေါက်တာဦးခင်အေး (မောင်ခင်မင်( ဓနုဖြူ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး စာရေးဆရာ၊ ကဗျာဆရာ၊ သီချင်းရေးဆရာ မောင်ယဉ်မှူးက'တိမ်ကောနေတဲ့ ကလေးကဗျာများ'၊ စာရေးဆရာ တက္ကသိုလ် မောင်အောင်ဆွေက 'ကလေးဝတ္ထု ဘယ်လိုရေးမလဲ'၊ ကဗျာဆရာ၊ စာရေးဆရာ သူရဇော်က'ရွှေရတုတိုင်ခဲ့ပြီ ဖြစ်သည့်ကလေးစာပေ လမ်းကြောင်း'ကို ဟောပြောခဲ့ကြသည်။ ကလေးစာပေဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားစာပေဆုတွင် ကလေး စာပေဆု ထည့်သွင်းချီးမြှင့်ခဲ့သည်။ စာပေဗိမာန်စာမူဆုတွင် ကလေးစာပေဆုကို ပထမ၊ ဒုတိယ၊ တတိယ ချီးမြှင့်ခဲ့သည်။ ထို့အပြင် ကလေးများအတွက် ရည်ရွယ်သည့် ရွှေသွေးစာစောင်ကို အပတ်စဉ် ထုတ်ဝေလျက်ရှိရာ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီး ရွှေရတု ကာလသို့တိုင်ခဲ့ပြီ ဖြစ်သည်။

 

ကလေးစာပေပွဲတော်

ပြန်ကြားရေးဝန်ကြီးဌာနကကြီးမှူးပြီး အခြားဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ကလေးစာပေဖွံ့ဖြိုး တိုးတက်ရေး၊ ကလေးများ စာဖတ်ခြင်းအလေ့အထကို မွေ့လျော်စေရေးတို့အတွက် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့မှ စတင်ပြီး ၂၀၁၉ ခုနှစ်အထိ "ကလေးစာပေပွဲတော်"များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကျင်းပပေးလျက် ရှိသည်။ နိုင်ငံတော်အဆင့် ကိုးကြိမ်၊ ခရိုင်အဆင့် (၄၃) ကြိမ်၊ ဒေသအစီအစဉ်ဖြင့် (၂၆) ကြိမ် စုစုပေါင်း (၇၈) ကြိမ် ကျင်းပနိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ဆက်လက်၍ ကျင်းပလျက်ရှိသည်။ ထို့ပြင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်များ ကိုလည်း ရန်ကုန်တက္ကသိုလ် (၂၀၁၇ ခုနှစ်)၊ မန္တလေးတက္ကသိုလ် (၂၀၁၈ ခုနှစ်)၊ မကွေးတက္ကသိုလ် (၂၀၁၉ ခုနှစ်) တို့တွင် ကျင်းပနိုင်ခဲ့သည်။ ထိုပွဲတော်များတွင် စာပေဆိုင်ရာ လှုပ်ရှားမှုများအဖြစ် ပုံဆွဲ၊ ပန်းချီပြိုင်ပွဲများ၊ စာပေစကားဝိုင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများ၊ စာအုပ်များ ခင်းကျင်းရောင်းချခြင်းများကိုပါ ထည့်သွင်းကျင်းပခဲ့သည်။

 

ယနေ့ခေတ်တွင် နိုင်ငံတကာစံနှုန်းမီ ကလေးစာအုပ်များ၊ ကလေးဂျာနယ်၊ မဂ္ဂဇင်းများအပြင် မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့်ဖော်ပြသောကလေးစာအုပ်များလည်း ထွက်ရှိနေပြီဖြစ်သည်။ ယဉ်ကျေးလိမ္မာ၊ ပုတက်၊ တတိုင်းမွှေး၊ ဇော်ကလေးဂျာနယ်၊ မိုးသောက်ပန်း၊ တေဇရုပ်စုံ၊ ပလုတ်တုတ်၊ Happy Times မဂ္ဂဇင်း၊ အလိမ္မာကလေးမဂ္ဂဇင်း၊ ရတနာပန်းခင်းမဂ္ဂဇင်း စသည့် စာစောင်များ ထွက်ရှိနေသည်။

 

ယခုအခါ ပုံနှိပ်ထုတ်ဝေလျက်ရှိသော စာအုပ်များသာမက အွန်လိုင်းပေါ်တွင်ပါ အဆမတန် မြောက်မြားစွာသော စာအုပ်စာပေများ မှိုပေါက်သလို ပေါ်ထွက်ဖြန့်ချိ နေကြပြီဖြစ်ရာ စာကောင်းပေကောင်းများ ပေါ်ပေါက်လာသကဲ့သို့ တစ်ဖက်မှလည်း ညစ်ညမ်းသောစာပေ၊ အတွေးအခေါ် မှားစေနိုင်သော စာပေများ၊ ရက်စက်ကြမ်းကြုတ်သော စာပေများလည်း ရောနှောလျက်ရှိသည်။ အထူးသဖြင့် ကလေးများသည် တွေ့မိဖတ်မိ မှတ်မိသောစာများကို သူတို့၏ နုနယ်ကြည်လင်လျက် ရှိနေသေးသော စိတ်ထဲ၌ အမှန်တကယ်ကိစ္စများဟု ယူဆပြီး ဦးနှောက်ထဲတွင် တစ်သက်တာလုံး မြဲမြံစွာ စွဲကပ်နေလေ့ရှိသည်။ ထို့ကြောင့် ကလေးများ အရွယ်မရောက်မီသော်လည်းကောင်း၊ ဝေဖန်တတ်သော အရည်အချင်း မပြည့်မီသော်လည်းကောင်း၊ အတွေးအခေါ် မရှိသေးမီသော်လည်းကောင်း အဆိုပါ မသင့်တော်သော စာပေများ၏ ဘေးအန္တရာယ်မှ ကင်းလွတ်စေခြင်းငှာ ကလေးစာပေကို စာရေးဆရာ၊ ထုတ်ဝေသူ များက ဂရုပြု၍ သီးခြားရေးသားထုတ်ဝေနိုင်မည်ဆိုလျှင် နိုင်ငံ့ရင်သွေး ကလေးသူငယ်များအတွက် အထူးကောင်းကျိုး သက်ရောက်မည်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ပါသည်။ ။

ကျမ်းကိုး

(၁) မြန်မာ့စွယ်စုံကျမ်း

(၂) ကလေးလူငယ်စာပေ (စာတမ်း)

(၃) မလိခ မြန်မာအဘိဓာန်