နိုင်ငံ့ရထား ပြည်သူ့အား

 

ညီညီ(ရထား)

မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ် ပြေးဆွဲခြင်းနှင့်အတူ ရထားလုပ်ငန်းပေါ်ထွန်းခဲ့ပြီး  ယခုဆိုလျှင်  (၁၄၇)  နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။  သမိုင်းကြောင်း ရှည်လျားခဲ့သည့်ကာလအတွင်း ရထားပြေးဆွဲခြင်းလုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှု ပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခုဖြစ်သည်ဟုလည်း တင်စားလိုက်ရပါသည်။

မြန်မာနိုင်ငံ၏ ရထားပြေးဆွဲခြင်းလုပ်ငန်းသည် အရှေ့တောင်အာရှနိုင်ငံများ၏ ရထားပြေးဆွဲခြင်းများထက် သက်တမ်းအရင့်ဆုံးဖြစ်ကြောင်း သမိုင်းက သက်သေပြလျက်ရှိပါသည်။ မြန်မာနိုင်ငံတွင် ရထားပို့ဆောင်ရေး လုပ်ငန်းကို ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်းအစိုးရရထား လုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က ၁၈၇၇ ခုနှစ် ကတည်းက စတင်ထူထောင်လုပ်ကိုင်ခဲ့ ကြောင်း၊ ဆက်လက်၍ ၁၈၉၆ ခုနှစ်တွင် Burma Railway Company က လည်းကောင်း၊ ၁၉၂၈ ခုနှစ်တွင် အိန္ဒိယ မီးရထားဘုတ်အဖွဲ့ (Indian Railway Board) လက်အောက်သို့ ပြန်လည် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၁၉၃၇ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာ မီးရထားမင်းကြီး (Chief Railway Commissioner) က အုပ်ချုပ်ခဲ့ကြောင်းနှင့် ဒုတိယကမ္ဘာစစ်ကြီး ကူးစက်လာချိန် ၁၉၄၂ ခုနှစ် မတ်လ ၁၈ ရက်နေ့မှစ၍ မီးရထားအုပ်ချုပ်ရေးလုပ်ငန်းများကို ဗြိတိသျှ စစ်အာဏာပိုင် (British Governor) များထံသို့ လွှဲပြောင်း ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။

 

မြန်မာ့မီးရထားဟု ပြင်ဆင်ခေါ်ဝေါ်

 

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် မီးရထား အုပ်ချုပ်ရေးအဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၅၁ ခုနှစ်တွင်  ပြည်ထောင်စုမြန်မာနိုင်ငံ မီးရထားဘုတ်အဖွဲ့ (Union of Burma Railway) အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်တွင် ရထားပို့ဆောင်ရေးကော်ပိုရေးရှင်း (Burma Railway Corporation)အမည်ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးဆောင်ညွှန်ကြားရေးမှူးက ဦးဆောင်၍ စီမံခန့်ခွဲရေး ကော်မတီဖြင့် စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော် တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးနောက် ၁၉၈၉ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ရထား ပို့ဆောင်ရေးကော်ပိုရေးရှင်းအမည်အား မြန်မာ့မီးရထားဟု ပြင်ဆင်ခေါ်ဝေါ်၍ ယနေ့တိုင် အမည်နာမ တည်တံ့လျက် ရှိနေပါသည်။

ရထားလမ်း တိုးချဲ့ဖောက်လုပ်နိုင်ခဲ့မှုများအနေဖြင့် ရထားလုပ်ငန်းစတင်ခဲ့သည့် ၁၈၇၇ ခုနှစ်မှ လွတ်လပ်ရေးမရမီ ၁၉၄၈ ခုနှစ်အထိ ရထားလမ်းခရီးမိုင် ၁၉၂၄ မိုင်ခန့်နှင့် ဘူတာရုံပေါင်း ၄၇၆ ခု တည်ရှိခဲ့ရာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၈၈ ခုနှစ်ထိ ရထားလမ်းခရီးမိုင် ၅၄ မိုင်ခန့်နှင့် ဘူတာရုံ ၁၁ ခု တိုးတက် တည်ဆောက်နိုင်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှစ၍ ယနေ့ထိ ရထားလမ်းခရီးမိုင် ၁၈၂၂ မိုင် ခန့်နှင့် ဘူတာရုံ ၄၇၃ ခု ထပ်မံတိုးချဲ့ ဖောက်လုပ် တည်ဆောက်နိုင်ခဲ့သည့် အတွက် နိုင်ငံအတွင်း ရထားလမ်းခရီးမိုင် စုစုပေါင်း ၃၈၀၀ ကျော်ခန့်နှင့် ဘူတာ ရုံပေါင်း ၉၆၀ ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

ဖြတ်သန်းခဲ့ရသည့် ၁၄၇ နှစ်ကြာခရီး

 

မြန်မာ့မီးရထားအနေဖြင့် ဖြတ်သန်း ခဲ့ရသည့် ၁၄၇ နှစ်ကြာ ခရီးရှည် တစ်လျှောက်တွင် ခေတ်၊ စနစ်များအမျိုး မျိုးအဖုံဖုံပြောင်းလဲခဲ့သော်လည်း မြန်မာ့ မီးရထားသည်  ပြည်သူ့အကျိုးအား တစိုက်မတ်မတ် ဖော်ဆောင်ထမ်းရွက်ခဲ့ပြီး ယနေ့ထိတိုင် ဆက်လက်ရပ်တည်လျက် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါသည်။ မြန်မာ့မီးရထား၏ အဓိကလုပ်ငန်းတာဝန်မှာ ခရီးသည်နှင့် ကုန်စည်များကို လုံခြုံချောမွေ့စွာ သယ်ယူပို့ဆောင်ပေးခြင်းဖြင့် နိုင်ငံတော်၏ ဘက်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန်ပင် ဖြစ်ပါသည်။ တစ်ချိန်တည်းတွင် လူ၊ ပစ္စည်း၊ ငွေကြေးစသော သယံဇာတများကို လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ အကျိုးရှိစွာဖြင့် အထိရောက်ဆုံးအသုံးချနိုင်ရေး၊ ဈေးကွက်စီးပွားရေး  မူဝါဒနှင့်အညီ ယှဉ်ပြိုင်ရသောအခြေအနေတွင် စီးပွားရေးဆန်ဆန်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ နိုင်ငံတစ်ဝန်း ရထားလမ်းကွန်ရက်တစ်လျှောက် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်နိုင်မှု စွမ်းပကား မြှင့်တင်ရန်၊ လုံခြုံစိတ်ချစွာဖြင့် အချိန်တိုအတွင်းခရီးသည်နှင့် ကုန်စည်အများ အပြားကို လိုရာခရီးဆုံးအရောက် အထိ ရောက်ဆုံးသယ်ပို့နိုင်သည့် စွမ်းရည်မြင့်မားသော အဖွဲ့အစည်းဖြစ်လာစေရေး အတွက် ရည်မှန်းချက်တာဝန်များချမှတ် ထားရှိမှုနှင့်အတူ အဆိုပါရည်မှန်းချက် တာဝန်များ အောင်မြင်စွာအကောင် အထည်ဖော်စွမ်းဆောင်နိုင်ရေးကိုလည်း ရထားဝန်ထမ်းအားလုံးက ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်နေကြသည်ကိုလည်း မြင်တွေ့နေရပါသည်။

ပြည်သူလူထုကို ဝန်ဆောင်မှု ပေးလျက်ရှိသော သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်သည်နှင့်အညီ ခရီးသွား ပြည်သူများအပေါ် ကောင်းမွန်ပြည့်စုံ သည့် ဝန်ဆောင်မှုပေးနိုင်ရေးနှင့် ပါဆယ် ပစ္စည်းနှင့် ကုန်စည်အမျိုးမျိုးကို ရထား လမ်းတစ်လျှောက် ဒေသအသီးသီးသို့ ဈေးနှုန်းချိုသာစွာဖြင့် ဆောလျင်စွာ သယ်ပို့ပေးနိုင်ရေးတို့သည်  ပဓာနကျသည့် ရည်မှန်းချက်တာဝန်တစ်ရပ် ဖြစ်ကြောင်းကို မြန်မာ့မီးရထားဝန်ထမ်း အားလုံးက နှလုံးသွင်းခံယူထားရှိကြပြီး လည်းဖြစ်ပါသည်။

 

မြန်မာ့မီးရထား၏ ဌာနများ

 

လက်ရှိ မြန်မာ့မီးရထား၏ ဌာနများ ဖြန့်ခွဲဖွဲ့စည်းမှုအနေဖြင့် စစ်ဆေးရေး ဌာန၊ စီမံကိန်းနှင့် အုပ်ချုပ်ရေးဌာန၊ သွားလာပို့ဆောင်ရေးဌာန၊ စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာဌာန၊ မြို့ပြအင်ဂျင်နီယာဌာန၊ စီးပွားရေးဌာန၊ ဘဏ္ဍာရေးဌာန စသည့်ဌာနကြီး ခုနစ်ခုအပြင် အထောက်အကူပြုဌာနခွဲများ အနေဖြင့် အချက်ပြနှင့် ဆက်သွယ်ရေးဌာန၊ ထောက်ပံ့ဌာန၊ ဆေးဌာနများပါဝင် ဖွဲ့စည်းထားရှိပါသည်။ ရထားသွားလာမှု လုပ်ငန်းများနှင့် အုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများအား ဖြန့်ခွဲဆောင်ရွက်နိုင်ရန်အတွက် အထက်မြန်မာပြည် အုပ်ချုပ်ရေးဌာနနှင့် အောက်မြန်မာပြည် အုပ်ချုပ်ရေးဌာနတို့အား မန္တလေးနှင့် ရန်ကုန်တို့၌ထားရှိပြီး ရထားလမ်း တစ်လျှောက် တိုင်းနယ်မြေ ၁၁ ခု ခွဲခြား၍ တိုင်းတာဝန်ခံနှင့် တိုင်းအရာရှိများ ဖြန့်ခွဲ တာဝန်ပေးအပ်ထားရှိပါသည်။ စက်ခေါင်းနှင့်တွဲများ ကြံ့ခိုင်ရေးအတွက် ပြုပြင်မွမ်းမံသည့် စက်ရုံကြီးများအနေဖြင့် အင်းစိန်စက်ခေါင်းစက်ရုံ၊ ရွာထောင်စက်ခေါင်းစက်ရုံနှင့် မြစ်ငယ်လူစီးတွဲနှင့် ကုန်တွဲပြင်စက်ရုံကြီးများ တည်ရှိသည့်အပြင် နေပြည်တော်၌ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခုကိုလည်း တည်ဆောက်လည်ပတ်နေပြီ ဖြစ်ပါသည်။ ရထားလမ်းပေါ် ပြေးဆွဲနေ သည့် စက်ခေါင်းနှင့် တွဲများကြံ့ခိုင်မှု စစ်ဆေးခြင်း၊ ကနဦးပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စက်ခေါင်းပြင်ရုံများနှင့် တွဲပြင်ရုံများ ထားရှိပါသည်။ မြို့ပြအင်ဂျင်နီယာ ဆိုင်ရာလုပ်ငန်းများကို အထောက်အကူ ပြုနိုင်ရေးအတွက် ဒေသအသီးသီးတွင် ကွန်ကရစ်ဇလီဖား ထုတ်လုပ်ရေးစက်ရုံများ ထူထောင် ထားရှိခြင်း၊ တံတားပေါင် အလုပ်ရုံ၊ စက်ယန္တရားပစ္စည်းများ ကြံ့ခိုင်မှုထိန်းသိမ်းခြင်း အလုပ်ရုံများကိုလည်း တည်ဆောက် ထားရှိပြီး ဖြစ်ပါသည်။ ထို့အပြင်ရထားပေါ်နှင့် ဘူတာရုံများ၊ ရထားနယ်မြေများအတွင်း မှုခင်း ကာကွယ် တားဆီးနှိမ်နင်းနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုအောက် ရထားရဲတပ်ဖွဲ့တစ်ဖွဲ့ ကိုလည်း တွဲဖက်ထားရှိပါသည်။

မြန်မာ့မီးရထား၏ ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ခြင်း လုပ်ငန်းအနေဖြင့် ၂၀၂၃ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ် မတ်လ အထိ ခရီးသည်ဦးရေ ၇ ဒသမ ၈၀၁ သန်း၊ ခရီးသည်မိုင် ၅၄၁ ဒသမ ၃၄၂ သန်းနှင့် ခရီးသည်ဝင်ငွေကျပ်သန်းပေါင်း ၁၅၉၀၁ ဒသမ ၀၃၀ သန်း စွမ်းဆောင်နိုင်ခဲ့ပါသည်။ ကုန်စည်ပို့ဆောင်ရေး အနေဖြင့် ကုန်တန်ချိန် ၁ ဒသမ ၇၆၁ သန်း၊ ကုန် တန်မိုင် ၃၅၃ ဒသမ ၉၃၂ သန်းနှင့် ကုန်ဝင်ငွေ ၁၃၅၇၈ ဒသမ ၁၉၀သန်း စွမ်းဆောင်နိုင်ခဲ့ပါသည်။

 

ရထားပြေးဆွဲမှု

 

ရထားပြေးဆွဲမှုအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်စဉ်များဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှစ၍ လက်ရှိနေ့စဉ်လူစီးအမြန်ရထား ၁၂ စင်း၊ စာပို့ရထား ရှစ်စင်း၊ လူစီး/ ကုန်တင် ရထားခြောက်စင်း၊ ခရီးတိုရထား နှစ်စင်း၊ မြို့ပတ်နှင့် ဆင်ခြေဖုံးရထား ၃၅ စင်း စုစုပေါင်း ၆၃ စင်း၊ ရိုးရိုးကုန်ရထား၊ ကုန်သေတ္တာရထား၊ ကျောက်ရထား၊ အင်ဂျင်နီယာရထား စုစုပေါင်း ၂၄ စင်း ပြေးဆွဲပေးလျက်ရှိနေပါသည်။ ထူးခြားမှု အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီး-ရွှေညောင် ရထားလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များကို ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်သည့်အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၏ သဘာဝ အလှအပများ အများပြည်သူ ကြည့်ရှု ခံစားနိုင်စေရန်အတွက် စနေ၊ တနင်္ဂနွေ အများပြည်သူ ရုံးပိတ်ရက်နှင့် ကျောင်း ပိတ်ရက်များတွင် တောင်ကြီးဘူတာမှ ပေါမူဘူတာအထိ Sight-seeing ရထားကို စီစဉ်ပြေးဆွဲပေးလျက်ရှိပါသည်။

 

mdn

 

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက်လုပ်ငန်းများ ထူးခြား အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု များတွင် စက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာ ဌာနအနေဖြင့် DEMU စက်ခေါင်းသုတေ သနပြုတည်ဆောက်ခြင်း၊ မြင်းကောင် ရေ ၁၂၀၀ ဒီဇယ်လျှပ်စစ်စက်ခေါင်းသစ် သုံးခေါင်းတည်ဆောက်ထုတ်လုပ်ခြင်း၊ ရထားစက်ခေါင်းနှင့် တွဲများအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို စက်ခေါင်းစက်ရုံ(အင်းစိန်)၊ ဒီဇယ်စက် ခေါင်းစက်ရုံ (ရွာထောင်)နှင့် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်)တို့၌ ထုတ်လုပ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ တွဲများ ထုတ်လုပ် တည်ဆောက်မှုအနေဖြင့် ကုန်သေတ္တာတင်တွဲ ၁၀ တွဲ တည်ဆောက်နိုင်ခဲ့ပြီး တွဲချိတ်ဆက်ကိရိယာလဲလှယ် တပ်ဆင်မှုအနေဖြင့် တွဲချိတ်ဆက် ကိရိယာအမျိုးအစား ABC Coupler မှ AAR Coupler သို့ ၃၆ တွဲ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ထို့အပြင် ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင်ပြေးဆွဲရန် စပိန်နိုင်ငံမှရောက်ရှိလာသော ခေတ်မီလူစီး ရထားတွဲ DEMU ခြောက်တွဲပါ တွဲဆိုင်း သစ်အား ၂၀၂၄ ခုနှစ် မတ်လ ၂၅ ရက် နေ့တွင် စမ်းသပ်ပြေးဆွဲခြင်းများ ဆောင် ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

 

မြို့ပြအင်ဂျင်နီယာဌာန

 

မြို့ပြ အင်ဂျင်နီယာဌာနအနေဖြင့် လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအဆောက်အအုံ ၇၄ခု၊ ဝန်ထမ်း နေအိမ်အဆောက်အအုံ ငါးလုံး၊ တံတား ၁၇ စင်း တည်ဆောက်ပြီးစီးခဲ့ပါသည်။ ထို့အပြင် ပင်းပက်-နောင်ကားလမ်းခွဲ ၁၀ ဒသမ ၇၈ မိုင် ရထားလမ်းအသစ် ဖောက်လုပ်ခြင်း၊ တောင်ကြီး-ရွှေညောင်- သာစည်- မြင်းခြံရထား လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဂျပန်နိုင်ငံ၏ ODA ချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းအဆင့်(၁)၏ ရန်ကုန်- တောင်ငူလမ်းပိုင်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ၈၈ ဒသမ ၅၅ ရာခိုင်နှုန်းပြီးစီးနေပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် အပြီးသတ်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။

မြန်မာ့မီးရထားအနေဖြင့် နိုင်ငံအနှံ့အပြား ပြည်သူများ၏ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေ့ မြန်ဆန်စေရေး၊ ရထားလမ်းအခြေခံ အဆောက်အအုံများ ပိုမိုကောင်းမွန်လာ စေရေးတို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း မသမာသူ၊ အကြမ်းဖက် သောင်းကျန်းသူများက နိုင်ငံတော်ပိုင် ရထားစက်ခေါင်းနှင့်တွဲများ၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များ ထိခိုက်ပျက်စီးစေရေး ပြည်သူအများရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင်ခြိမ်းခြောက်ခြင်း၊ ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရန် ရည်ရွယ်၍ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ယနေ့ အချိန်ထိ မြန်မာ့မီးရထား၏ ရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာနယ်မြေ ဗုံးထောင်မိုင်းခွဲ ဖျက်ဆီးခြင်း အကြိမ် ၁၃၀၊ ရထား တံတားများ မိုင်းခွဲဖျက်ဆီးခြင်း ၅၂ ကြိမ် ဆောင်ရွက်ခဲ့ကြောင်း မှတ်တမ်း များ အရ သိရှိရပါသည်။ ထိုကဲ့သို့သော အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ခဲ့မှုများကြောင့် ရထားလမ်း/ တံတားများ ထိခိုက်ပျက်စီးခြင်း၊ စက်ခေါင်းနှင့် ရထားတွဲများ လမ်းချော်တိမ်းမှောက်၍ ပျက်စီးဆုံးရှုံးရခြင်းနှင့် ရထားလမ်းပိုင်း ပိတ်ဆို့မှုများ ကြုံတွေ့ခဲ့ရမှုများအပေါ် မြန်မာ့မီးရထားမှ အရာထမ်း၊ အမှုထမ်းများက ဘေးအန္တရာယ်အခက်အခဲများ ကြားမှ အမြန်ဆုံးလမ်းပိုင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး နေ့နေ့ညည တာဝန်ကျေပွန်စွာပြုပြင်မွမ်းမံခြင်း ဆောင်ရွက် ပေးနိုင်ခဲ့ကြသည်ကိုလည်း ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။

 

မြန်မာ့မီးရထားဆေးဌာန

 

မြန်မာ့မီးရထား ဆေးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တစ်နှစ်တာ ကာလအတွင်း ဝန်ထမ်းနှင့် မှီခိုသူ မိသားစုများ၊ နီးစပ်ရာအရပ်သားပြည်သူ များအား မြန်မာ့မီးရထားဆေးရုံ၊ ဆေးပေးခန်းများ၌ ပြင်ပလူနာ ၆၆၂၇၃ ဦး၊ အတွင်းလူနာ ၆၇၇ ဦး စုစုပေါင်း ၆၆၉၅၀ အား မြန်မာ့မီးရထားမှ ဆရာဝန်ကြီးများ၊ သူနာပြုများ၊ အမှုထမ်းများက ဆေးကုသစောင့်ရှောက်မှုများ ပေးနိုင် ခဲ့ပြီး ယင်းတို့အနက် မျက်စိခွဲစိတ်လူနာ ၃၇၁ ဦး၊ ခွဲစိတ်လူနာ ၂၄၀၊ မွေးလူနာ ၃၀၇ ဦး၊ သွားလူနာ ၆၂၄ ဦး တို့အား မြန်မာ့မီးရထား အထူးကုဆရာဝန်ကြီး များက ကုသပေးနိုင်ခဲ့ခြင်းများအပေါ် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

နိုင်ငံတော်အနေဖြင့်လည်း ထူးချွန် စွာ တာဝန်ထမ်းဆောင်ခဲ့ကြသူများ၊ နိုင်ငံတာဝန်ထမ်းဆောင်ရင်း သေဆုံး၊ ထိခိုက်ဒဏ်ရာရသည့် ဝန်ထမ်းများကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ချီးမြှင့်ငွေများအား ပေးအပ်ခဲ့ ရာ ၁၉၈၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ စက်မှုစီးပွားထူးချွန်တံဆိပ် ပထမအဆင့် တစ် ဦး၊ ဒုတိယအဆင့် ကိုးဦး၊ တတိယအဆင့် ၂၈ ဦး၊ စီမံထူးချွန်တံဆိပ် ပထမအဆင့် ၁၁ဦး၊ ဒုတိယအဆင့် သုံးဦး၊ တတိယ အဆင့် ခုနစ်ဦး၊ လူမှုထူးချွန်တံဆိပ် ပထမအဆင့် ၁၂ ဦး၊ ဒုတိယအဆင့် ၂၃ ဦး၊ တတိယအဆင့် ၇၅ ဦး ထူးချွန်တံဆိပ် ရရှိသူ စုစုပေါင်း ၁၆၉ ဦးရှိခဲ့ပြီး ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်း ၄၃၃၆ ဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ရဲဗလတံဆိပ် ချီးမြှင့်ခံရသူ ရှစ်ဦး၊ ၂၀၂၃ ခုနှစ်တွင် ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/ အမှု ထမ်း ၁၃၇ ဦး၊ ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်း ၂၀၉ ဦးရှိသည့် အတွက် ၁၉၈၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခံရသူ အရာထမ်း/အမှုထမ်းစုစုပေါင်း ၄၆၈၂ ဦးရှိကြောင်းကိုလည်း မှတ်တမ်း တင် ဖော်ပြအပ်ပါသည်။

ခေတ်အဆက်ဆက် ပခုံးပြောင် တာဝန်များကို ထမ်းဆောင်ခဲ့ကြသည့် မြန်မာ့မီးရထား ဝန်ထမ်းများအနေဖြင့် ခရီးသွားပြည်သူများ၏ ယုံကြည်မှုပိုမိုရရှိလာစေရေး၊ ဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်စေရေး၊ ရထားများ လုံခြုံစိတ်ချစွာပြေးဆွဲနိုင်ရေး၊ ရထားအချိန်မှန်ကန်စေရေး၊ သယ်ပို့ပေးရသည့် ကုန်ပစ္စည်းများ ကြန့်ကြာမှုမရှိဘဲ လိုရာ ခရီးသို့ရောက်ရှိစေရေး စသည်တို့ကို ဦးလည်မသုန် ထမ်းရွက်သွားကြရမည်လည်း ဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာ့ မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ် လည်နေ့နှင့်အတူ ခေတ်အဆက်ဆက်က ရထားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကျရာတာဝန်ကို ဦးလည်မသုန် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသူ ဝန်ထမ်း များအားလုံးကိုလည်း ဂုဏ်ပြုမှတ်တမ်း တင်အပ်ပါသည်။

သယ်ယူပို့ဆောင်ရေး ကဏ္ဍသည် ပြည်သူတစ်ဦးချင်း၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေးတို့နှင့် ဆက်စပ်လျက်ရှိသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွတ်မှု၊ ငြိမ်ချမ်း သာယာ ဝပြောမှုများအပါအဝင် ကဏ္ဍအသီးသီးနှင့် ဆက်စပ်လျက်ရှိသည်ကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါသည်။ ထို့ကြောင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ အားနည်းလျှင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအပါ အဝင် ကျန်ကဏ္ဍ အားလုံး ထိခိုက်နိုင်စေပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အဘက်ဘက်မှ အားနည်းသွားစေနိုင် သည်ကိုလည်း သတိချပ်သင့်ပါသည်။

 

မရှိမဖြစ်လိုအပ်

 

ရထားပို့ဆောင်ရေးလုပ်ငန်းသည် နိုင်ငံတစ်ဝန်းလုံး၏ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သည် ဖြစ်ရာ မြန်မာ့မီးရထားဝန်ထမ်းများ အနေဖြင့် ရထားပြေးဆွဲမှုလုပ်ငန်းတွင် အဓိကကျသည့် လုံခြုံစိတ်ချရမှု၊ အချိန် မှန်ကန်မှု၊ ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာခရီးသွားလာနိုင်မှု စသည့်အချက်များကို အထူးအလေးထားပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်သွားကြစေလိုပါကြောင်းနှင့် ခေတ်စနစ်နှင့်အညီ ခေတ်မီတိုးတက်ပြောင်းလဲလာသည့် ရထားလုပ်ငန်းများကိုလည်း မျက်ခြည်မပြတ်လေ့လာ၍ ရထား ပို့ဆောင်ရေးလုပ်ငန်းဖြင့် မိဘပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အစွမ်းကုန်ကြိုးပမ်း ထမ်းဆောင်လျက် မြန်မာ့မီးရထားဂုဏ်၊ နိုင်ငံ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်း မြှင့်တင်နိုင်ကြပါစေကြောင်း တိုက်တွန်းရင်း ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာ့မီးရထား၏ (၁၄၇) နှစ်မြောက် နှစ်ပတ်လည်နေ့အား ဂုဏ်ပြုအပ်ပါသည်။