နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံသွားမည်

မန္တလေး  ၂၀  အောက်တိုဘာ

 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းလုပ်ငန်းအား အသက်(၉)လ မှ အသက်(၅)နှစ်ခွဲအရွယ် ကလေးငယ်တိုင်းကို  ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၅ ရက် မှ ၂၉ ရက် အတွင်း (ပထမအကြိမ်)နှင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆  ရက် မှ ၂၈ ရက်အတွင်း (ဒုတိယအကြိမ်) အပိုဆောင်း ကာကွယ်ဆေးထိုးနှံသွားမည်ဖြစ်ကြောင်း မန္တလေးမြို့၊ Hilton ဟိုတယ်တွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သော နိုင်ငံတစ်ဝန်းလုံးတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းနှင့်ပတ်သက်သော ရှင်းလင်းပွဲမှ သိရသည်။

 

ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးခြင်းကို မြန်မာနိုင်ငံအတွင်းရှိ အသက်ငါးနှစ်အောက် ကလေးသေးဆုံးမှုကို ထပ်မံလျှော့ချနိုင်ရန်နှင့် ၂၀၂၃ ခုနှစ် တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါကင်းစင်ပပျောက်ရေး ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အပိုဆောင်းထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ၂၀၁၉ ခုနှစ် အောက်တိုဘာလနှင့်နိုဝင်ဘာလများတွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို တစ်နိုင်ငံလုံးရှိ အသက်ကိုးလမှ ငါးနှစ်ခွဲ အတွင်းရှိသော ကလေးငယ်များကို ယခင်က ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊မထိုးဖူးသူဖြစ်စေ၊ ဝက်သက်(သို့) ဂျိုက်သိုးပေါက်ဖူးသည်ဖြစ်စေ၊ မပေါက်ဖူးသည်ဖြစ်စေ၊ ကလေးအားလုံးကို အပိုဆောင်း တစ်ကြိမ်ထိုးပေးသွားမည်ဖြစ်ကြောင်း၊ အောက်တိုဘာ ၂၅ ရက် မှ ၂၉ ရက်အတွင်းတွင် တိုးနှင့်ပြည်နယ်(၁၄)ခုရှိ သွားလာရခက်ခဲဒေသ(၉၆)မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို ပိုလီယိုကာကွယ်ဆေးနှင့်အတူ ထိုးနှံတိုက်ကျွေးသွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆  ရက် မှ ၂၈ ရက်အတွင်းတွင် တိုင်းနှင့်ပြည်နယ်အားလုံးရှိ ကျန်မြို့နယ်(၂၃၄)မြို့နယ်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေဖြင့် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းမှ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို အသက်ကိုးလတွင် ပထမအကြိမ်၊ အသက် ၁၈ လတွင် ဒုတိယအကြိမ် (၂)ကြိမ်ထိုးပေးခြင်းဖြင့် ရောဂါကာကွယ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးကို အပိုဆောင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယင်းရှင်းလင်းပွဲမှ သိရသည်။

 

ရှင်းလင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်း ကျော်၊ PHM မှ General Director ဒေါက်တာစိုးဦး၊Disease Control မှ General Deputy Director ဒေါက်တာသန္တာလွင်၊NITAG မှ Professor ခင်ညိုသိန်း ၊ WHO မှ Dr. Stephan Paul Jost ၊ UNICEF မှ Mrs. June Kunugiနှင့် Gavi မှ Mr. Dirk Gehl တို့က ဦးဆောင် ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ၂၀၁၉ ခုနှစ်တွင် ဝက်သက်-ဂျိုက်သိုးရောဂါ ဖြစ်ပွားသူ (၃၇၂၈) ဦးရှိပြီး သေဆုံးသူ(၂၃)ဦးရှိကြောင်း အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)