နိုင်ငံတော်အစိုးရ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများ

၅ စက်တင်ဘာ

 

ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးသည် နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ချမှတ်ထားသည့် မျှော်မှန်းချက်တစ်ရပ်ဖြစ်ပါသည်။ အဆိုပါ မျှော်မှန်းချက်အား ဆုပ်ကိုင်အကောင်အထည်ဖော် နိုင်ရေးကို ဦးတည်လျက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်နိုင်မှုကြောင့် နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏသည် စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ လေးလတာကာလအတွင်း နိုင်ငံတော်၏ ကုန်သွယ်မှု ပမာဏသည် မူလလျာထားချက်၏ ၁၃၃ ရာခိုင်နှုန်းအထိ တိုးပွားမြင့်မား ခဲ့ပါသည်။ ဤသည်မှာ သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သည့် ယခင်နှစ် ကုန်သွယ်မှုပမာဏ၏ အောင်မြင်မှုအရှိန်အဟုန်ကို လက်ဆင့်ကမ်း မြှင့်တင်လိုက်ခြင်း ဖြစ်ပါသည်။

 

အထက်၌ တင်ပြထားသကဲ့သို့ နိုင်ငံတော်၏ ကုန်သွယ်မှုပမာဏကို စဉ်ဆက်မပြတ် တိုးမြှင့်နိုင်ခဲ့ခြင်းသည် ကုန်သွယ်ရေးကဏ္ဍ၏ လုပ်ငန်းစဉ်များအား နိုင်ငံတော်၏စီးပွားရေးမူဝါဒများနှင့် မျှတမှန်ကန်စွာ ချိတ်ဆက် ပေးနိုင်သည့် လုပ်ငန်းစဉ် (၂၆)ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ အဆိုပါလုပ်ငန်းစဉ် (၂၆) ရပ်ကို အကောင်အထည်ဖော်ရာ၌လည်း ကုန်သွယ်မှုမြှင့်တင်ရေး(Trade Promotion) ၊ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေး (Trade Facilitation) ၊ ကုန်သွယ်မှုစေ့စပ်ညှိနှိုင်းရေး (Trade Negotation) ၊ ကုန်သွယ်မှုဆိုင်ရာ ဖြေလျှော့ပေးရေး (Trade Liberalization) ၊ ကုန်သွယ်မှုပညာပေးရေး (Trade Education) နှင့် စားသုံးသူအကာအကွယ်ပေးရေး (Consumer Protection) ဟူသောကဏ္ဍကြီး (၆)ရပ် ခွဲခြားသတ်မှတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် မူလရည်မှန်းချက်များကို ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုများ ပိုမိုပေါ်လွင်စေရန် ကုန်သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ခြင်းလုပ်ငန်းစဉ်ကို ဥပမာပေး၍ တင်ပြလိုပါသည်။ ကမ္ဘာ့အကောက်အခွန်အဖွဲ့အစည်း (World Custom Organization)၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာ၌ ကုန်သွယ်ကြသည့် ကုန်ပစ္စည်းတို့ကို အမျိုးအမည်ခွဲခြားသတ်မှတ်သည့်စနစ်(The Harmonized Commodity Description and Coding System – HS Code ) ချမှတ်ထားပါသည်။ နိုင်ငံတော်၏ ကုန်သွယ်မှု၌ လိုင်စင်လျှောက်ရန်လိုအပ်သည့် ပို့ကုန်၊ သွင်းကုန်တို့၏ ကုန်ပစ္စည်းအမယ်စာရင်း (HS Code)ကို လျှော့ချသတ်မှတ်ထားပါသည်။ ကုန်ပစ္စည်းအမယ်စာရင်း (HS Code)လိုင်း ၁၂၄ လိုင်းအား အွန်လိုင်းမှ တစ်ဆင့်ပင် လျှောက်ထားထုတ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

 

နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ၏ ဟန်ချက်ညီညီ လက်တွဲဆောင်ရွက်မှုအား မြှင့်တင်နိုင်ရန် ဒုတိယသမ္မတ(၁)က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။ တစ်ဖက်၌လည်း နိုင်ငံတော်၏ ပို့ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရက အမျိုးသားအဆင့် ပို့ကုန်မဟာဗျူဟာဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များကိုလည်း ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်အစိုးရသည် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ကဏ္ဍပေါင်းစုံအား ခြုံငုံသုံးသပ်ချိတ်ဆက်လျက် ကြိုးပမ်းအကောင်အထည်ဖော်နေပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း