နိုင်ငံတော်အကျိုးစီးပွား ရှေးရှုပြင်ဆင်

နေပြည်တော် ၃ ဇူလိုင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) တွင် ခြွင်းချက်၊ အားနည်းချက်များ၊ ခေတ်ကာလနှင့်ဆီလျော်မှု မရှိတော့သည့်အချက်များ ပါဝင်နေသဖြင့် နိုင်ငံတော်နှင့်နိုင်ငံသားများ အကျိုးစီးပွားအလို့ငှာ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို မြင်တွေ့ကြားသိရမည် ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ဝိုင်းဝန်းဆွေးနွေး ညှိနှိုင်းသည့် အစီရင်ခံစာတွင် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် အကြံပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင်သည်။ အဆိုပါ အချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ ဆွေးနွေးနေကြရာ အတော်အတန် ခရီးရောက်နေပြီဖြစ်ပြီး နိုင်ငံတစ်နိုင်ငံအတွက် အရေးအကြီးဆုံး အသက်ဝိညာဉ်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တည့်မတ်မှန်ကန်လာမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီးများ တည့်မတ်မှန်ကန် ခိုင်မာစွာ လည်ပတ်ရေးအတွက် အရေးကြီးသော လမ်းညွှန်ချက်များ ဖြစ်သည်မှန်သော်လည်း နိုင်ငံတော်၏ လိုအပ်ချက်အရ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရသည်။ ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀ဝ၈)ကို ဒုတိယအကြိမ်ပြင်ဆင်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကောင်းဆုံး ပြင်ဆင်နိုင်လိမ့်မည် ဟု မျှော်လင့်ပါသည်။

မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေး အမြန်ရရှိရေးအတွက် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေကို အလျင်အမြန်ရေးဆွဲကာ ၁၉၄၇ ခုနှစ်စက်တင်ဘာလ ၂၄ ရက်နေ့တွင် တိုင်းပြုပြည်ပြုလွှတ်တော်က အတည်ပြုပြီး လွတ်လပ်ရေးရသောအခါ ပါလီမန်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကျင့်သုံးခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် တစ်ပါတီစနစ်ကို အခြေခံလျက်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲပြီး ဆိုရှယ်လစ် ဒီမိုကရေစီနိုင်ငံတော်တ ည်ထောင်ခဲ့ပြန်သည်။ သို့သော် ၁၉၈၈ ခုနှစ်တွင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေသည် ရပ်ဆိုင်းသွားခဲ့သည်။

၁၉၉၃ ခုနှစ်တွင် တပ်မတော်အစိုးရက စီစဉ်ပေးသည့် အမျိုးသားညီလာခံကို ၂၀ဝ၇ ခုနှစ်အထိ ကျင်းပပြီးနောက် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်လာခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၄ နှစ်ကြာ ရေးဆွဲခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈) ပေါ်ပေါက်ပြီး ယင်းဥပဒေနှင့်အညီ နိုင်ငံတော်ကိုတည်ဆောက်ရာ၌ ၁၀ နှစ်ကျော်ကာလအတွင်း ဥပဒေ၏ အကျိုးသက်ရောက်မှု အားသာချက်၊ အားနည်းချက်တို့ကို မြင်တွေ့နိုင်မည်ဖြစ်သလို ထိုဥပဒေစတင်သည့် နှစ်ပေါင်း ၂၅ နှစ်ခန့်ကာလအတွင်း ခေတ်ကာလအခြေအနေနှင့် ဆီလျော်လိုက်ဖက်မှုရှိ၊ မရှိဆန်း စစ်ကြည့်ရမည်ဖြစ်သည်။

အခြေခံဥပဒေပြင်ဆင်ရေးကို ကြိုးပမ်းရာတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၊ သားစဉ်မြေးဆက်များ၏ နောင်အနာဂတ်အရေး ယခုထက်ပိုမိုထွန်းလင်း တောက်ပလာအောင် မျှော်မှန်းပြီး ဖြူစင်သောမေတ္တာ၊ နိုင်ငံသူ နိုင်ငံသားများအပေါ် ထားရှိသည့် သစ္စာတရားများအပေါ် မမှိတ်မသုန် အရင်းတည်ကာ စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးမှ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာရေးကို ရှေးရှုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ပေါ်လာအောင် ဝိုင်းဝန်းပြင်ဆင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ စစ်မှန်သော ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသော နိုင်ငံဖြစ်သည်နှင့်အညီ အချုပ်အခြာအာဏာ၏ မူရင်းပိုင်ရှင်များ ဖြစ်သည့် မိဘပြည်သူများ၏ဆန္ဒ သဘောထားများကို ထင်ဟပ်လျက် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရာတွင် အထောက်အပံ့ကောင်းဖြစ်စေမည့် ပြင်သင့်ပြင်ထိုက်သော အချက်များကို အမြင်ကျယ်ကျယ်၊ စိတ်ရင်းသဘောထားမှန်ကန်စွာဖြင့် အပြန်အလှန်ညှိနှိုင်းဆောင်ရွက်သွားနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း။ ။

ကြေးမုံ