နိုင်ငံတော်အတွက်အင်အား

၂၆  ဒီဇင်ဘာ

တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းသည့်နေ့တွင် ဥပဒေအရ နိုင်ငံသားဖြစ်ပြီးသူဆိုသည့် အရည်အချင်းတစ်ရပ်ရပ်နှင့် ပြည့်စုံပါက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံသားဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ထို့အပြင် နိုင်ငံသားတို့၏ အခွင့်အရေးများနှင့် တာဝန်များကိုလည်း ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိ နိုင်သည်။

ဂရိအတွေးအခေါ်ပညာရှင်ကြီး အရစ္စတိုတယ်က နိုင်ငံသားဆိုသည်မှာ နိုင်ငံတော်၏တာဝန်ကို ဝေပုံကျ ထမ်းဆောင်၍ ၀တ္တရားအလိုက် ခံစားထိုက်သော အခွင့်အရေးတို့ကို ခံစားခွင့်ရှိသူဖြစ်သည်ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုထားရာ ယင်းအနက်အဓိပ္ပာယ်အရလည်း နိုင်ငံသားတစ်ဦးတွင် အခွင့်အရေးရှိသလို တာဝန်လည်း ရှိသည်ဟူ၍ မှတ်ယူရမည် ဖြစ်သည်။ နိုင်ငံသားတစ်ဦးချင်းစီက တာဝန်ဝတ္တရား ကျေပွန်ကြပြီး နိုင်ငံသားတို့၏ ဂုဏ်အင်္ဂါအဆင့်အတန်းမြင့်မားမှုက နိုင်ငံတော်ကို အဆင့်အတန်းမြင့်အောင် မြှင့်တင်နိုင်မည်ဖြစ်သည်။

နိုင်ငံသားတို့၏ ဂုဏ်အင်္ဂါတွင် အသိဉာဏ်ပညာနှင့် အတွေ့အကြုံ ဗဟုသုတပြည့်စုံမှုက အရေးကြီးဆုံးပင် ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားများအနေဖြင့် အကောင်းအဆိုး၊ အကြောင်းအကျိုးတို့ကို မှန်ကန်စွာ သိမြင်ဆင်ခြင် နိုင်သူများဖြစ်ကြဖို့လိုသည်။ ဝေဖန်ပိုင်းခြားမှုဉာဏ်နှင့် ပြည့်စုံကြဖို့ လိုသည်။

ထို့ပြင် နိုင်ငံသားတိုင်းက စည်းကမ်းကို ရိုသေလေးစားလိုက်နာ ကြဖို့လိုသည်။ ကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေစသည်တို့မှာ တစ်သဘောတည်းပင်ဖြစ်၍ လူ့အဖွဲ့အစည်းတစ်ရပ် တည်တံ့ခိုင်မြဲရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ထိပ်တန်းသို့ရောက်ရန် အခြေခံအချက်များပင် ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်းရှိ လူများ ကျင့်ဝတ်စောင့်ထိန်းမှု။ စည်းကမ်းလိုက်နာမှု၊ ဥပဒေကို ရိုသေလေးစားမှုတို့က ယင်းလူ့အဖွဲ့ အစည်းနှင့် ၎င်းတို့နေထိုင်ရာ တိုင်းပြည်နိုင်ငံ၏ အဆိုးအကောင်း၊ တိုးတက်မှု ဆုတ်ယုတ်မှုတို့ကို ပြဋ္ဌာန်းပေးသည်။ ။

နိုင်ငံသားတို့၏ နောက်ထပ်ဂုဏ်အင်္ဂါတွင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်ရေးနှင့် နိုင်ငံတော် ကာကွယ်ရေးတို့တွင် မိမိစွမ်းအားရှိသမျှ ပါဝင်ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည်။ မိမိတွင် စွမ်းဆောင်နိုင်သည့် အရည်အချင်းများ ရှိနေသည့်တိုင် အရေးကြုံလာပါက ခေါင်းရှောင်နေတတ်ခြင်း။

ဘာပဲလုပ်လုပ် လုပ်သမျှတွင် ကိုယ်ကျိုးရှာခြင်း၊ နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို ငဲ့ကွက်မှုမရှိခြင်းတို့သည် နိုင်ငံသားတို့၏ ဂုဏ်အင်္ဂါ ပျက်ယွင်းခြင်းပင်ဖြစ်သည်။

နိုင်ငံသားတို့တွင် လိုအပ်သော နောက်ဆုံးအရေးကြီးလိုအပ်ချက်မှာ စည်းလုံးညီညွတ်ခြင်းပင်ဖြစ်သည်။ မတူကွဲပြားသည့် တိုင်းရင်းသားများနှင့် နိုင်ငံသားများ စည်းလုံးညီညွတ်စွာ နေထိုင်ခြင်း၊ ဟန်ချက်ညီစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း၊ စုပေါင်းစွမ်းအားဖြင့် ဆောင်ရွက်ခြင်းတို့က နိုင်ငံတော်၏အင်အားကို ခိုင်မာတောင့်တင်းစေသည်။ နိုင်ငံငယ် ဖြစ်စေကာမူ ကျစ်လျစ်သိပ်သည်းစွာ စည်းလုံးညီညွတ်ကြသည့် နိုင်ငံများကို အခြားနိုင်ငံကြီးများကပါ လေးစားကြရသည်ကို မျက်မှောက်ကမ္ဘာတွင် တွေ့ရှိနိုင်သည်။

မိမိတို့နိုင်ငံသည် အလားအလာအင်မတန်ကောင်းသည့် နိုင်ငံဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသူ နိုင်ငံသားများကို ပိုပြီးတော်စေချင်ကြောင်း၊ ပိုပြီး ဖြစ်မြောက်စေချင်ကြောင်း၊ ပိုပြီး စိတ်ပိုင်းဆိုင်ရာရော ဦးနှောက်ပိုင်းဆိုင်ရာပါ အားလုံးအခြားသူတွေထက် သာစေချင်ကြောင်း၊ ပိုပြီး စည်းကမ်းရှိစေချင်ကြောင်း၊ ပိုပြီးစည်းလုံးညီညွတ် စေချင်ကြောင်းတို့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧရာဝတီတိုင်းဒေသကြီး လပွတ္တာ(ပင်လယ်လေး) တံတားဖွင့်ပွဲ အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းက နိုင်ငံသားကောင်း ဂုဏ်အင်္ဂါနှင့် ပြည့်စုံသူများ နိုင်ငံတော်အတွက် လိုအပ်မှုကို မီးမောင်းထိုးပြခဲ့ခြင်းပင် ဖြစ်သည်။ ။

နိုင်ငံသားဂုဏ်အင်္ဂါနှင့် ပြည့်စုံသည့် နိုင်ငံသားကောင်းများသည်သာ နိုင်ငံတော်အတွက် အင်အားဖြစ်သည့် အလျောက် နိုင်ငံသားမှန်သမျှတို့ မိမိကိုယ်ကိုယ် နိုင်ငံသားကောင်းဖြစ်ရေး ဖြည့်ကျင့်နိုင်ကြပါစေကြောင်း။ ။

မြန်မာ့အလင်း