နိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်

နေပြည်တော် ၁၀ နိုဝင်ဘာ

 

တိုင်းပြည်၏ဖြတ်သန်းခဲ့ရသော သမိုင်းကြောင်းအရ နိုင်ငံတော်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟူသော သမိုင်းရေးတောင်းဆိုချက်နှစ်ရပ်ကို ဖြည့်ဆည်းပေးနိုင်ရန် တစ်ပြိုင်တည်း ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိပါသည်။ ဤသမိုင်းရေး တောင်းဆိုချက်နှစ်ရပ်ကို တစ်ပြိုင်တည်းဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာ၌ လူတိုင်းအတွက် လွတ်လပ်မျှတစွာ ယှဉ်ပြိုင်ခွင့်ရှိသော ဈေးကွက်ဖန်တီးပေးရေးသည် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ အဆိုပါ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဆိုပါက အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းတို့အတွက် ချေးငွေရရှိနိုင်မှု အခြေခံကို ကျယ်ပြန့်တောင့်တင်းမှုရှိစေရန် ဖန်တီးဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

 

 

ချေးငွေရရှိနိုင်မှုအခြေခံကျယ်ပြန့်တောင့်တင်းရေးဟု ဆိုလိုက်သည် နှင့် ဘဏ်များနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ အဖွဲ့အစည်းတို့၏ အခန်းကဏ္ဍက အခရာကျသည်မှာ ပေါ်လွင်ထင်ရှားပြီး ဖြစ်ပါသည်။ တိုင်းပြည်၌ ၁၉၆၂ ခုနှစ်မှစ၍ ၁၉၈၈ ခုနှစ်အထိ ဗဟိုချုပ်ကိုင်သော ဆိုရှယ်လစ်စီမံကိန်း စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သည်ဖြစ်၍ ပုဂ္ဂလိကဘဏ်တို့၏အခန်းကဏ္ဍ ကွယ်ပျောက်ခဲ့ရပါသည်။ တိုင်းပြည်အတွင်း ဈေးကွက်စီးပွားရေးစနစ် ပြန်လည်ကျင့်သုံးခဲ့သည့် ၁၉၈၈ ခုနှစ်မှစ၍ ပုဂ္ဂလိကဘဏ်များ ပြန်လည် ရှင်သန်လှုပ်ရှားခဲ့ပါသည်။ သို့သော် တခြားသောအာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်ပါက တိုင်းပြည်၏ပုဂ္ဂလိကဘဏ်ကဏ္ဍသည် တောင့်တင်းခိုင်မာမှု အားနည်းခဲ့ရပါသည်။ ယခုအခါ နိုင်ငံအတွင်း ပုဂ္ဂလိကဘဏ်တို့၏ ရပ်တည်လည်ပတ်မှုသည် နှစ်ပေါင်း ၃၀ ကာလရှိပြီဖြစ်၍ တောင့်တင်းခိုင်မာမှု ရှိသော အနေအထားတစ်ရပ်သို့ ရောက်ရှိလာပြီ ဖြစ်ပါသည်။

 

 

သို့သော် တစ်ဖက်၌ တိုင်းပြည်၏ဖွံ့ ဖြိုးတိုးတက်မှုအရှိန်အဟုန်မြှင့် တင်ရေးအတွက် ပုဂ္ဂလိကဘဏ်များက ချေးငွေအလုံအလောက် ဖြည့်ဆည်းပေးရန် အတိုင်းအတာတစ်ခုအထိ လိုအပ်ချက်များ ရင်ဆိုင်ကြုံတွေ့ရ လျက်ရှိပါသည်။ အဆိုပါလိုအပ်ချက်များ ဖြည့်ဆည်းပေးရာ၌ တိုင်းပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲများက တစ်စုံတစ်ရာပါဝင်ဖြည့်ဆည်းပေးနိုင်သော အခန်းကဏ္ဍရှိနေပါသည်။ ဤအခန်းကဏ္ဍအား လက်တွေ့ဖော် ဆောင်နိုင်ရေးအတွက် ဗဟိုဘဏ်က ပြည်တွင်းရှိ နိုင်ငံခြားဘဏ်ခွဲအားလုံးအား ပြည်တွင်းဘဏ်များနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ ချေးငွေဖြည့်ဆည်းမှုဆောင်ရွက်ခြင်းနှင့် အခြားဘဏ်လုပ်ငန်းဝန်ဆောင် မှုများဆောင်ရွက်ခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ဤထုတ်ပြန်ချက် ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

 

 

နိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၁၅ ခုနှစ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲကိုးခုနှင့် ၂၀၁၆ ခုနှစ်တွင် နိုင်ငံခြားဘဏ်ခွဲလေးခု ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ ထိုမှတစ်ဆင့် နိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်မှစ၍ နိုင်ငံခြားဘဏ်များအား ပို့ကုန်ချေးငွေဖြည့်ဆည်းခြင်း အပါအဝင် ပို့ကုန်လုပ်ငန်းနှင့်ဆက်စပ်နေသော ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို တိုးချဲ့ခွင့်ပြုခဲ့ပါသည်။ နိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အပါအဝင် နိုင်ငံခြားဘဏ်များဆိုင်ရာ ခွင့်ပြုချက်တို့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အထောက်အပံ့ကောင်းတို့ဖြစ်စေမည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြ အပ်ပါသည်။ ။

 

မြန်မာ့အလင်း