နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စီးပွားရေးရာကော်မတီအစည်းအဝေးအမှတ်စဉ်(၁/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၂၃ ဖေဖော်ဝါရီ

အစည်းအဝေးတွင် စီးပွားရေးရာကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က စီးပွားရေးကဏ္ဍသည် အလွန်ကျယ်ပြန့်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏အဓိက မောင်းနှင်အားတစ်ခုဖြစ်သည့် စီးပွားရေးမောင်းနှင်အားမှာ အရေးကြီးသည့်အတွက် ယခု ကော်မတီသည် နိုင်ငံ၏စီးပွားရေးဖြစ်ပေါ်ပြောင်းလဲမှုကို သက်ရောက်မှုရှိသည့် ကော်မတီ ဖြစ်ပါကြောင်း၊ စီးပွားရေးကောင်းမွန်ရေးအတွက် ဆောင်ရွက်ရန် မည်သည့်ကဏ္ဍကို အခြေခံစဉ်းစားရမည်ဆိုသည်မှာလည်း အရေးကြီးကြောင်း၊ တိုင်းပြည်၏စီးပွားရေး ကောင်းမွန်ရန် အခြေခံကောင်းများရှိရန်လိုအပ်ကြောင်း၊ စီးပွားရေးကောင်းမွန်ရန်အတွက် ဆောင်ရွက်သူများ၏ မူဝါဒချမှတ်မှုနှင့် စွမ်းဆောင်မှုအပေါ်မူတည်ကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် တစ်ဦးတစ်ဖွဲ့တည်းဖြင့်ဆောင်ရွက်၍မရပါကြောင်း၊ ဝိုင်းဝန်းပူး ပေါင်းညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနတို့၏အချက် အလက်များကို ကြည့်ရှုရာတွင် ကုန်သွယ်မှုလိုငွေပြမှုများရှိကြောင်း၊ ထို့အတူ ပြည်ထောင်စု၏စုစုပေါင်း လိုငွေလည်းပြနေကြောင်း၊ သို့ဖြစ်၍ ကုန်ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်စီးပွားရေးကောင်းမွန်ရေးတွက် ဝိုင်ဝန်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူဦးရေ ၅၄ သန်းကျော်ရှိကြောင်း၊ မြေ၊ လူသားအရင်းအမြစ်နှင့် သယံဇာတများစွာရှိသည့်အတွက် အလုပ်လုပ်နိုင်သည့်အခြေခံ ကောင်းများရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် မည်သည့်အချက်အပေါ် အခြေခံမည် ဆိုသည်ကိုလည်း စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ရေရှည်အတွက် သဘာဝသယံဇာတများကို လွယ်လွယ်ကူကူထုတ်ယူရောင်းချ၍မရကြောင်း၊ တိုင်းပြည် အနာဂတ်အတွက် ထိန်းသိမ်းသိုလှောင်ပြီး အရေးပေါ်အတွက် အရန်ထားရန်လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် သယံဇာတထုတ်လုပ်မှုကို လျှော့ချသွားရန်လိုအပ်ကြောင်း။

တစ်ဖက်ကလည်း သွင်းကုန်အစားထိုးလုပ်ငန်းများကို ကြိုးစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားသောက်ကုန်ပစ္စည်း တင်သွင်းမှုကို လျှော့ချသွားရန်လိုအပ်ပြီး မိမိတို့နိုင်ငံ၌ပင်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် အဓိကလိုအပ်ချက်မှာ လျှပ်စစ်စွမ်းအင်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားတိုးမြှင့် ထုတ်လုပ် နိုင်ရေးအတွက် ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာလူမှုစီးပွားဘဝတိုးတက်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်လာမည်ဖြစ်ကြောင်း၊ လူဦးရေ ၅၄ သန်းတွင် အခြေခံပညာနှင့် တက္ကသိုလ်ပညာ ပြီးမြောက်သူတို့၏ လုပ်အားများကို ကဏ္ဍအလိုက် အသုံးချနိုင်ရေးအတွက် နည်းလမ်းရှာရမည်ဖြစ်ကြောင်း၊ အလုပ်သမားများနှင့် အလုပ်ရှင်များအတွက်လည်း ထည့်သွင်းစဉ်းစားပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်သူများအတွက်လည်း အာမခံချက်နှင့် ဆွဲဆောင်မှုများ ပေးရမည်ဖြစ်သကဲ့သို့ ယုံကြည်မှုရှိရန်လည်း လိုအပ်ကြောင်း။

 စီးပွားရေးသည် အပြောကျယ်ပြီး ငွေကြေးနှင့်ပတ်သက်နေကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုခွင့်ပြုရာတွင် လိုအပ်သည့် အကျိုးအမြတ်ရရှိမည်ဟုဆိုသည့် မက်လုံးဖြင့် ကျေနပ်မနေသင့်ကြောင်း၊ အခွန်ကောက်ခံမှုအပိုင်းတွင်လည်း အခွန်တိုးမြှင့်ရရှိရေးထက် အခွန်ပေးဆောင်သူ  ဦးရေတိုးတက်မှုရရှိအောင် ကြိုးစားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်ရရှိရန်လိုကြောင်း၊ စက်ရုံ၊ အလုပ်ရုံကဏ္ဍတွင်လည်း လုပ်ငန်းများ ပုံမှန်လည်ပတ်နေရေးအတွက် အားပေးရမည်ဖြစ်ကြောင်း၊ ၎င်းတို့၏ အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ ထို့အပြင် လည်ပတ်နေသည့်စက်ရုံများမှ ထွက်ရှိလာသည့် ကုန်ပစ္စည်းများ၏ အရည်အသွေးမြင့်မားရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများက မူဝါဒများချမှတ်ပြီး ကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

စက်မှုဝန်ကြီးဌာနသည် နိုင်ငံတကာတွင်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံသူ နိုင်ငံသားများက အဓိကဖန်တီးနိုင်သည့်ကဏ္ဍတွင် ပါဝင်နေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြုရာတွင် ကော်မတီအနေဖြင့် သဘောကောင်းရန်မလိုအပ်ဘဲ စေတနာကောင်းရန်သာလိုအပ်ပါကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများ နစ်နာမှု မရှိစေရေးအတွက် စဉ်းစားဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ယခုစီးပွားရေးကော်မတီသည် တိုင်းပြည်စီးပွား ကောင်းမွန်ရေးအတွက် မောင်းနှင်ရန်အဓိကကျသည့် အဖွဲ့အစည်း ဖြစ်ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ဆုံးဖြတ်၍ ရင်းနှီးမြှုပ်နှံသူများ လုပ်သာကိုင်သာရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်