နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိတ္ထီလာတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၃ ဧပြီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သော မဲစာရင်းကြီးမားစွာမှားယွင်းမှုများကို တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကို အဓမ္မနည်းဖြင့် ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ် အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက်အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တတာဝန်ယူထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

 

ရွေးကောက်ပွဲမတိုင်ခင်တွင်လည်း တရားမျှတသည့် ဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်စေရန်၊ ကိုယ်စားလှယ်များရွေးခြယ်ရာ၌ တိုင်းပြည်နှင့် လူမျိုးအကျိုး သယ်ပိုး နိုင်မည့်သူ၊ စိတ်ရင်းစေတနာကောင်းထားနိုင်သူ၊ ဥပဒေကို သိရှိနားလည်ပြီး လိုက်နာနိုင်မည့်သူ၊ ဒေသအကျိုးကို ဖော်ဆောင်နိုင်မည့်သူများကို ရွေးခြယ်မဲပေးကြရန် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် တိုက်တွန်းခဲ့ကြောင်း၊ မဲမပေးကြရန် No Vote လှုံဆော်မှုများကို တွေ့ရှိလာရပြီး မဲမပေးပါက မိမိတို့၏အခွင့်အရေးများသာ ဆုံးရှုံးနိုင်မည်ဖြစ်သဖြင့် အားလုံးဆန္ဒမဲများပေးကြရန်နှင့် ဖြစ်သင့်သည်များကို တိုက်တွန်း ပြောပြခဲ့ကြောင်း၊ မိမိတို့ဆန္ဒမဲပေးလိုက်သည့် ကိုယ်စားလှယ်များသည် လွှတ်တော်အသီးသီးသို့ ရောက်ရှိလာမည်ဖြစ်ပြီး မိမိတို့ကိုယ်စား နိုင်ငံတော်ကို အုပ်ချုပ်ခေါင်းဆောင်မည့်သူများကို ရွေးခြယ်ပေးကြရမည်ဖြစ်သဖြင့် ပြည်သူ့ ကိုယ်စားလှယ်စစ်စစ်ဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ခဲ့ချိန်တွင် မိမိတို့ တပ်မတော်သားများအနေဖြင့် ထုတ်ပြန်ထားသည့် စည်းမျဉ်း သတ်မှတ်ချက်များ၊ တပ်မတော်မှ စနစ်တကျမဲပေးနိုင်အောင် ဆောင်ရွက်ပေးထားမှုများနှင့်အညီ တက်ကြွစွာပါဝင်၍ ဆန္ဒမဲများပေးခဲ့ကြသည်ကို တွေ့ရှိရကြောင်း။

 

ဒီမိုကရေစီ စနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရတစ်ခုဖြစ်ပြီး မိမိတို့နိုင်ငံ၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ၏ ၇၇ ရာခိုင်နှုန်း မဲပေးခဲ့ကြကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၇ဝ ရာခိုင်နှုန်းနီးပါး မဲပေးခဲ့ကြသည်ကို တွေ့ရကြောင်း၊ ၂၀၁၀ ခုနှစ်တွင်တက်လာသည့် အစိုးရသည် အတိုင်းအတာတစ်ခုထိ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် လိုအပ်ချက်များ ဖြစ်ပေါ်ခဲ့သည်ကို ဝေဖန်မှုများ ရှိခဲ့ကြောင်း၊ ထို့ပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်ချက်များကို တွေ့ရှိလာ ရကြောင်း၊ ထို့ကြောင့် ပြည်သူလူထုအနေဖြင့် အစိုးရ၏ လုပ်ဆောင်ချက်များအပေါ်တွင် အားမလိုအားမရ ဖြစ်လာသည့်အတွက် ရွေးကောက်ပွဲလုပ်ရန်ရှိလာသည့်အခါ ရွေးကောက်ပွဲအပေါ် စိတ်ပျက်ပြီး မဲမပေးချင်သောစိတ်များ ဖြစ်လာကြသည်ကို တွေ့ရပြီး No Vote လှုပ်ရှားမှုများ ဖြစ်လာသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲလုပ်သည့် အခါတွင် ဆန္ဒမဲပေးသူ ၁၄ ရာခိုင်နှုန်ခန့်သာရှိသည်ကို သိရှိရကြောင်း။

 

သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပပြုလုပ်ချိန်၌ COVID-19 ရောဂါဖြစ်ပွားနေချိန်ဖြစ်ပြီး social distancing နှင့်အညီ မဲပေးမှုများ ဆောင်ရွက် ခဲ့ရသော်လည်း မဲပေးမှုမှာ ၇၁ ရာခိုင်နှုန်းဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မဲစာရင်းများကို ကွဲလွဲစွာဖြင့် အကြိမ်ကြိမ်ကြေညာခဲ့ကြောင်း၊ မဲစာရင်းရလဒ်များကို စစ်ဆေးခဲ့ရာ တွင်လည်း ကွာဟမှုများစွာတွေ့ရှိခဲ့ရပြီး တွေ့ရှိချက်များကိုလည်း ထုတ်ပြန် ကြေညာ ခဲ့ကြောင်း၊ မတ္ထီလာမြို့နယ်တွင် မဲမသမာမှု ပေါင်း ၂ သောင်း ၉ ထောင်ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ဆိုပါက ၁၀ သန်းကျော် ရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းမှုများကို ဒီမိုကရေစီနည်းလမ်းများနှင့်အညီ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ရန် ကြိုးစားခဲ့သော်လည်း မည်သို့မျှ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းမရသည့်အပြင် တတိယအကြိမ် လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်းအဓမ္မ ကြံစည်ကြိုးပမ်းလာမှုများကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်း ချက်များနှင့်အညီ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး တပ်မတော်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ် ရေးကောင်စီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ စစ်မှန်သည့် ဒီမိုကရေစီ ဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီ ဖြစ်စေရေး တပ်မတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိိပြီး အုပ်ချုပ်ပုံ၊ ရွေး ကောက်တင်မြှောက်ပုံခြင်း တူညီမှုမရှိကြဘဲ မိမိနိုင်ငံ၏ ယဉ်ကျေးမှုစရိုက် လက္ခဏာ၊ ကိုးကွယ်မှု၊ ဖြစ်တည်မှု အနေအထားများနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ ကျင့်သုံးလေ့ရှိကြကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထုလိုလားတောင့် တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် နှင့်အညီ ပုံဖော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဒီမိုကရေစီ ရင့်ကျက်မှု မရှိသေးသည့် နိုင်ငံတစ်ခုလည်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံကြီးအချို့နှင့် အဖွဲ့အစည်းအချို့တို့က ၎င်းတို့ လိုလားသည့် ဒီမိုကရေစီ ပုံစံအတိုင်းဖြစ်စေရန် ခေါင်းစဉ်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြိုးပမ်းလာသည်ကိုလည်း တွေ့ရှိခဲ့ရကြောင်း။

 

တပ်မတော်အနေဖြင့် နိုင်ငံတော်၏ တာဝန်ကို တာဝန်ယူခဲ့ရပြီးနောက်ပိုင်း ပထမရက်သတ္တပတ်အတွင်း တည်ငြိမ်အေးချမ်းခဲ့သော်လည်း ဒုတိယအပတ်မှ စတင် ၍ ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ဆူပူမှု၊ ဆူပူအကြမ်းဖက်မှု၊ မင်းမဲ့ စရိုက်ဆန်သည့်လှုပ်ဆောင်မှု၊ ဥပဒေချိုးဖောက်မှုအဆင့်များမှတစ်ဆင့် နိုင်ငံတော် အုပ်ချုပ်ရေး အဆောက်အဦများ၊ ရဲစခန်းများ၊ တရားရေးဆိုင်ရာ အဆောက်အဦ များအပြင် ရိုးသားအေးချမ်းစွာ နေထိုင်လိုသည့် ပြည်သူတို့၏ နေအိမ်အဆောက် အဦများ၊ စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်းများ၊ လုယက်ခြင်းများ၊ ဝင်ရောက်စီးနင်းရန် ကြိုးပမ်းအားထုတ်မှုများစသည့် လက်နက်ကိုင်အကြမ်းဖက်သည့် အဆင့်သို့ ကူးစက်အသွင်ပြောင်း လာခဲ့သည်ကို တွေ့ရှိလာခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြစ်ပေါ်လာသည့် ဆူပူအကြမ်းဖက်မှုအခြေအနေ များအလိုက် ပြဌာန်းဥပဒေပါ အဓိကရုဏ်း ဖြိုခွဲနှိမ်နင်းရေးလုပ်ငန်းစဉ်များနှင့်အညီ အနည်းဆုံးအင်အား၊ အနိမ့်ဆုံးအဆင့် ဖြင့် ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာတွင်ဖြစ်ပေါ်လျက်ရှိသည့် ဖြစ်စဉ် ဖြစ်ရပ်များနှင့် နှိုင်းယှဉ်ပါက များစွာ သက်ညှာစွာ ဖြေရှင်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း။

 

လက်ရှိအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိပြီး ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါ က ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ရောဂါကြောင့်ဖြစ်ပေါ်ထိခိုက်ခဲ့သည့် စီပွားရေး လုပ်ငန်းများကို ကုစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍ တရားမျှတသည့် ရေွးကောက်ပွဲအား ပြန်လည်ကျင်းပ၍  အနိုင်ရသည့် ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တို့တွင် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ရေး အတွက် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း။

 

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ရပ် တည်ဆောင်ရွက်လျက်ရှိကြောင်း၊ အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မြို့နယ်တစ်မြို့နယ်ချင်းအလိုက် မဲစာရင်းများကို အသေးစိတ် စစ်ဆေးလျက်ရှိပြီး ယခင်တပ်မတော်က စစ်ဆေးတွေ့ရှိချက်များထက်ပင် မသင်္ကာဖွယ် မဲစာရင်းများ ပိုမိုများပြားနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ နောင်တစ်ချိန်ကျင်းပ ပြုလုပ်ပေးမည့် ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် အခြေခံအကျဆုံးဖြစ်သည့် သန်းခေါင်စာရင်းနှင့် နိုင်ငံသားမှတ်ပုံတင် မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။

 

တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး ပြည်ပ အန္တရာယ်ကို ကာကွယ်ရန် အဓိကတာဝန်ရှိကြောင်း၊ သို့သော်လည်း ခေတ်အဆက်ဆက် ပြည်တွင်းသောင်းကျန်းမှုများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရသဖြင့် ယနေ့ထက်တိုင် ပါဝင်ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တပ်မတော်ကို စွမ်းရည် စွမ်းအားမြင့်မားသည့်၊ တိုက်စွမ်းရည်၊ တိုက်စွမ်းအား ကောင်းမွန်သည့် တပ်မတော် ဖြစ်အောင် အမြဲတမ်း ကြိုးပမ်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် စားသောက်ရေး တွင် အပိုငွေများကုန်ကျမှုမရှိစေရေးအတွက် တပ်ပိုင်စိုက်ပျိုးမွေးမြူရေးနှင့် တစ်ပိုင်တစ် နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ တိုင်းပြည်တစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် အသိပညာ၊ အတတ်ပညာနှင့် ပြည်စုံသည့် ပညာတတ် လူသားအရင်းအမြစ်များ လိုအပ်မည်ဖြစ်ပြီး အခြေခံမှာ အတန်းပညာ တတ်မြောက်ရန်ပင်ဖြစ်ကြောင်း၊ ကျောင်းများ တစ်နှစ်ပိတ်ထားရခြင်းကြောင့် နိုင်ငံတော်၊ မိဘနှင့် ကာယကံရှင် ကျောင်းသားကျောင်းသူများတွင် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းလုပ်ဆောင် လျက်ရှိကြောင်း၊ ထို့ပြင် အခြေအနေပေးပါက မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကို လုပ်သင့်လုပ်ထိုက်သည့် စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း။

 

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် စာသင်ကျောင်းများပိတ်ထားရသဖြင့် မိမိ တို့၏ ကလေးငယ်များကို စာပေအသိပညာနှင့် ဗဟုသုတရစေရန် ယဉ်ကျေးလိမ္မာနှင့် အခြားသုတရသစာအုပ်စာစောင်များကို ဖတ်ရှုလေ့လာစေရမည့်အပြင် မိမိတို့ကိုယ်တိုင်လည်း စာဖတ်ကြရန်လိုကြောင်း၊ တပ်မတော်သည် ပြည်သူကပေါက်ဖွားလာပြီး ပြည်သူ နှင့် တိုင်းပြည်၏ အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို အမြဲ ဖော်ဆောင်ပေးရမည်ဖြစ်ပြီး ပြည်သူကအားကိုးရသည့် တိုင်းပြည်က အားထားရသည့် တပ်မတော်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 

တစ်ဦးချင်း၏ စွမ်းဆောင်ရည်ကောင်းမွန်မှသာလျင် အဖွဲ့လိုက်စွမ်းဆောင်ရည် များလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ မိမိတာဝန်ကို ရိုးရိုးသားသားနှင့် ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုကြောင်း၊ မိမိတို့၏ မူလရည်မှန်းချက်တာဝန်သည် နိုင်ငံတော်ကာကွယ်ရန်ဖြစ်သည့်အတွက် တစ်ဦးချင်း အသိ စိတ်ဓာတ်ကောင်းမွန်စွာဖြင့် ကြိုးစားဆောင်ရွက်ပြီး မိမိတို့ တစ်ဦးချင်းမှ မိမိကိုယ်ကို နှင့် မိမိတပ်ကို ကောင်းအောင် ကြိုးစားလုပ်ဆောင်ကာ တပ်မတော်၊ တိုင်းပြည်နှင့် လူမျိုး၏ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်