နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၄ ဧပြီ

 

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အနှစ်သာရဖြစ်ပြီး မိမိတို့ ငယ်စဉ်က အတန်းပညာ သင်ကြား စဉ်ကပင် အတန်းခေါင်းဆောင်ရွေးခြယ်ခန့်ထားရာ၌ အများ၏ဆန္ဒဖြင့် ရွေးချယ် ခဲ့ခြင်းပင်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခြင်းသည် ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးကောက်ခြင်းဖြစ်သဖြင့် ပိုမိုအရေးကြီးပါကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက် တပ်မတော်အနေဖြင့် မိမိတို့နိုင်ငံကို ဒီမိုကရေစီ မကူးပြောင်းမီကာလများတွင် နိုင်ငံတကာတွင်ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီ ကျင့်သုံးပုံများကို လေ့လာပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုအဆင့်ဆင့်ကို ပုံဖော်ခဲ့ရကြောင်း၊ ထို့နောက် ပြည်သူတို့လိုလားတောင့်တသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင် လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးကို ဒီမိုကရေစီနည်းလမ်းကျစွာ ဖြင့် အောင်မြင်စွာ လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ရွေးကောက်ပွဲပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် နိုင်ငံတော်သည် ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် ကဏ္ဍပေါင်းစုံတွင် တိုးတက်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီမိုကရေစီစနစ်ကို စတင်လျှောက်လှမ်းခဲ့ခြင်း ဖြစ်သဖြင့် ဒီမိုကရေစီစနစ်နှင့် ပတ်သက်၍ နားလည်သိရှိနိုင်ရန် လိုအပ်မှုများရှိခဲ့ပါကြောင်း။

၂၀၁၂ ခုနှစ်တွင် အတိုက်အခံပါတီအဖြစ် ရပ်တည်နေသော NLD ပါတီကို ရွေးကောက်ပွဲ ဝင်ရောက်နိုင်စေရေး ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်ပေးခဲ့ ပါကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အစိုးရသစ်တစ်ရပ် တက်လာခဲ့ပြီး ၅ နှစ်တာ သက်တမ်းအုပ်ချုပ်ခဲ့ရာတွင် အစိုးရ၏လုပ်ဆောင်ချက်များအပေါ်တွင် ဝေဖန် ပြောဆိုမှုများ၊ ဝေဖန်ထောက်ပြမှုများ များစွာဖြစ်ပေါ်ခဲ့ပြီး တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘက်ပေါင်းစုံတွင် ပြည်သူလူထု မျှော်လင့်ထားသည့် အတိုင်းအတာထိ၊ ထိုက်သင့်သည့် တိုးတက်မှုများ ဖြစ်အောင် လုပ်ဆောင်နိုင်ခြင်းမရှိသည်ကို တွေ့ရှိကြရမည်ဖြစ်ပါကြောင်း။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်ခဲ့ရာတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရှိရသဖြင့် တပ်မတော်က နည်းလမ်းတကျဖြေရှင်း ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်တိုက်တွန်းခဲ့ကြောင်း၊ မဲစာရင်းလိမ်လည်မှုသည် ဆိုးဝါးသည့်လုပ်ရပ်ဖြစ်ပြီး ရိုးရိုးသားသားဖြင့် လုပ်ဆောင်လျင် မဲနိုင်မည် ဖြစ်သော်လည်း  ရိုးရိုးဖြေပါက အောင်မြင်မည့် စာမေးပွဲကို မတန်တဆအမှတ် လိုချင်သဖြင့် မသမာသည့်နည်းဖြင့် လုပ်ဆောင်သည်နှင့် တူနေပါကြောင်း၊ ထိုသို့ မဲစာရင်း မှားယွင်းနေမှုများကို ဖြေရှင်း ဆောင်ရွက်ပေးခြင်းမရှိသည့်အပြင် တတိယအကြိမ်လွှတ်တော်ခေါ်ယူ၍ အစိုးရအသစ်ဖွဲ့ရန် အတင်း အဓမ္မ ကြံစည် ကြိုးပမ်းလာမှုများကြောင့် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာကာ ယာယီသမ္မတ၏ လွှဲအပ်ချက်အရ တပ်မတော်က နိုင်ငံတော်၏ တာဝန်များ ကို ထိန်းသိမ်းဆောင်ရွက်ခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း။

ထိုသို့ဖွဲ့စည်းရာတွင်လည်း တပ်ဘက်၊ အရပ်ဘက် မျှတအောင် အချိုးကျ ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ကောင်စီဥက္ကဋ္ဌများကို အရပ်သားများဖြင့်သာ ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် စစ်မှန်သည့် ဒီမိုကရေစီဖြစ်စေရေး၊ စည်းကမ်းရှိပြီး ခိုင်မာသည့် ဒီမိုကရေစီဖြစ်စေရေး ခေတ္တ တာဝန်ယူ ထိန်းသိမ်းဆောင်ရွက်နေခြင်းသာဖြစ်ပါကြောင်း၊ ယခင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများကို စစ်ဆေးခဲ့ရာတွင်လည်း ၎င်းတို့၏ ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်မှုမရှိဘဲ သမ္မတ၏ ပြောဆိုမှု အတိုင်းသာ လုပ်ဆောင်နေရခြင်းဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့ပြီး ထိုသို့ ပြောဆိုခဲ့မှု အခြေအနေများကိုလည်း သတင်းစာရှင်းလင်းပွဲများတွင် ထည့်သွင်း ပြသခဲ့ ပြီးဖြစ်ကြောင်း။

ဒီမိုကရေစီနိုင်ငံများတွင် မဲမသမာမှုပြုလုပ်ပြီး ရွေးကောက်ပွဲ အနိုင်ရရန် လုပ်ဆောင်ခြင်းသည် မည်သည့်နိုင်ငံကမျှလက်ခံ၍ ရနိုင်မည်မဟုတ်သည့် လုပ်ရပ်ဖြစ်ပြီး ဒီမိုကရေစီကို ပျက်ရယ်ပြုစော်ကားခြင်းပင်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့ကိုချမှတ်၍ ပထမဦးစားပေးအနေဖြင့် မဲစာရင်းများကို စိစစ် လျက်ရှိပြီး တွေ့ရှိချက်များကို ထုတ်ပြန်ကြေညာလျက်ရှိကာ အလုံးစုံပြီးစီးပါက ပေါင်းချုပ်စာရင်းများကို ဆက်လက်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း၊ COVID -19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများနှင့် ရောဂါကြောင့် ဖြစ်ပေါ် ထိခိုက်ခဲ့သည့် စီးပွားရေးကဏ္ဍကို ကုစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုလည်း NCA ပါသဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်ကာလ ဆိုင်ရာ ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်၍တရားမျှတသည့် ရေွးကောက်ပွဲအား ပြန်လည် ကျင်းပ၍  အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်၏ တာဝန်ကို လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

မကွေးတိုင်းဒေသကြီးသည် ဆီဖူလုံမှုရှိပြီး နိုင်ငံတော်၏ ဆီအိုးကြီးဟု ပြောဆိုမှုများရှိကြပြီး ဆီဖူလုံမှု ၃၅၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရပါကြောင်း၊ ဆီ ထွက်ရှိသည့် ဒေသဖြစ်သော်လည်း ဆီကြောင့်ဖြစ်ပွားသည့် ရောဂါများ ဖြစ်ပေါ် နေရခြင်းမှာ မိမိဒေသထွက် ပဲ၊ နှမ်းများကို ပြင်ပသို့ရောင်းချပြီး ပြင်ပမှ ဆီများကို ပြန်လည်ဝယ်စားနေခြင်းကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ပြင် အချိုမှုန့်များစားသုံးခြင်း၊ မူးယစ်ဆေးများသုံးစွဲခြင်းတို့ကြောင့်လည်း ရောဂါ ဖြစ်ပွားမှုများကို ပိုမိုတိုးပွား စေ မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏ ပျမ်းမျှမျှော်မှန်း သက်တမ်းသည် ၆၇ နှစ်ရှိပြီး မကွေးတိုင်းသည် ပျမ်းမျှသက်တမ်း ထက် နည်းပါးနေသည်ကို တွေ့ရှိရကြောင်း။

မကွေးတိုင်းတွင် ဆန်ဖူလုံမှု ၆၇ ရာခိုင်နှုန်းခန့်သာရှိပြီး ရသည့်ဝင်ငွေဖြင့် ပြင်ပမှ ဝယ်ယူစား သုံးမည်ဆိုပါက ဒေသတွင်းမှ ငွေကြေးများသည် ပြင်ပသို့ရောက်ရှိသွားမည်ဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေနိုင်သော ကြောင့် ဒေသတွင်း၌ အထွက်နှုန်း တိုးပွားအောင် လုပ်ဆောင်ကြရမည်ဖြစ် ကြောင်း၊ အထွက်နှုန်းတိုးပွားအောင် စိုက်ပျိုးမြေဧက တိုးချဲ့စိုက်ပျိုးပါက မြေဧက အတွက် အကုန်အကျများမည်ဖြစ်သဖြင့် အထွက်နှုန်းကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် စိုက်ပျိုးရေး အသိပညာ ဗဟုသုတများ တိုးပွားအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ ဒေသတွင်း ထုတ်ကုန်များကို ထုတ်လုပ်နိုင်မှသာလျှင် ဒေသတွင်းငွေကြေး ကြွယ်ဝမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် ထိုမှတစ်ဆင့် တိုင်းပြည်ကို ကြွယ်ဝချမ်းသာလာစေ နိုင်မည်ဖြစ်ကြောင်း။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီးရှိရမည်၊ လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရမည်၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရန်နှင့် ကျန်းမာရေးနှင့် ပညာရေးစနစ်ကောင်းမွန်သည့်  လူသားအရင်းအမြစ်ကောင်းတို့ရှိရန် လိုအပ်မည် ဖြစ်ကြောင်း၊ လူသားအရင်းအမြစ်ကောင်း ရရှိရန်အတွက် ကျန်းမာရေး၊ ပညာရေး တို့ကို အားပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ COVID-19 ဖြစ်ပေါ်မှုကြောင့် ပိတ်ထားရသည့် ကျောင်းများကို ပြန်လည်ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မိမိတို့နိုင်ငံတွင် ၉၀ ရာခိုင်နှုန်းကျော် စာတတ်မြောက်သည်ဟု ကိန်း ဂဏန်းများအရ သိရှိရပြီး တတ်မြောက်မှုအများစုသည် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ပညာရေးသာဖြစ်ကြောင်း။

မကွေးတိုင်းဒေသကြီးအတွင်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးနိုင်သည့် စိုက်ပျိုးမြေများ တွေ့ရှိရကြောင်း၊ အဓိကမှာ ရေလိုအပ်ချက်ဖြစ်ကြောင်း၊ သို့ဖြစ်၍ စိုက်ပျိုးရေရရှိရန်အတွက် ဆိုလာစနစ်ကို အောင်မြင်အောင် ပြုလုပ်၍ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ကာ မြစ်ရေတင်စီမံကိန်းများကို အောင်မြင်အောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ပူပြင်းသည့် ရာသီဥတု ဖြစ်နေခြင်းသည် ယခင်က သစ်ပင်စိုက်ပျိုးမှုမရှိဘဲ သစ်သယံဇာတကို အလွန်အကျွံ ထုတ်ယူသုံးစွဲခဲ့ခြင်း

ကြောင့်ဖြစ်သည်ကို နားလည်ရမည်ဖြစ်ပြီး နောင်လာနောက်သားတို့အတွက် မျှော်တွေး၍ သစ်ပင် စိုက်ပျိုးခြင်းများကို အောင်မြင်အောင် လုပ်ဆောင် ကြရမည်ဖြစ်ပြီး တစ်ပင်စိုက်လျှင် တစ်ပင်ရှင်သန်သည်အထိ စီမံခန့်ခွဲသူများက စနစ်တကျ ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။ မိမိတို့နိုင်ငံ၏ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်နေသူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးကို အဓိက လုပ်ဆောင်ကြသဖြင့် စိုက်ပျိုးမွေးမြူရေးသိပ္ပံ၊ ကောလိပ်၊ တက္ကသိုလ်တို့ကို ရေရှည်စီမံကိန်းဖြင့် လုပ်ဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးတွင် အောင်မြင်စေရန် မြေ၊ ရေ၊ နည်း၊ မျိုးတို့ကို ကောင်းမွန်အောင် လုပ်ဆောင်ကြရ မည်ဖြစ်ပြီး ခေတ်နှင့်လျော်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များကို တောင်သူများသို့ ဝေမျှပေးနိုင်ရမည်ဖြစ်ကြောင်း၊ မွေးမြူရေးတွင် အထွက်ကောင်းမွန်သည့် ကျန်းမာသန့်ရှင်းသည့် မွေးမြူရေးစနစ်ဖြစ် ရန်လိုအပ်မည်ဖြစ်ကြောင်း။ ထို့ပြင် ဒေသထွက်ကုန်များကို ခေတ်မီသော ထုပ်ပိုးမှုပုံစံများဖြင့် ကောင်းမွန်အောင်လုပ်ဆောင်၍ One Village One Product စနစ်ဖြင့် ဒေသမှ စံပြုထုတ်ကုန် တစ်မျိုးချင်းကို ဈေးကွက်ဝင်ရန် ကြိုးစားခြင်းဖြင့် တစ်ဖက်မှလည်း ခရီးသွား လုပ်ငန်း များဖွံ့ဖြိုးလာမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ လာရောက်ကြည့်ရှု လေ့လာသူများရရှိလာမည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းများမှတဆင့် ဒေသတွင်း ရောင်းဝယ်ရေးလုပ်ငန်းများဖွံ့ဖြိုးလာပြီး ဒေသတွင်းဝင်ငွေကို ကြွယ်ဝစေနိုင်ကာ ဒေသခံ ပြည်သူလူထု၏ လူနေမှုစနစ်ကို မြင့်မားလာစေမည်ဖြစ်ကြောင်း၊ ဒေသတွင်း အုပ်ချုပ်ရေး အဖွဲ့အစည်းများအနေဖြင့် မိမိဒေသကို၊ မိမိတိုင်းပြည်ကို တိုးတက်ကောင်းမွန်စေလိုသည့် စိတ်ထား၍ နိုင်ငံ့ဝန်ထမ်းကောင်း ပီသစွာဖြင့် လုပ်ကိုင်ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်