နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ပြောကြားအမှာစကား

နေပြည်တော် ၊ ၁၀ ဧပြီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ်နိုဝင်ဘာလအတွင်း ကျင်းပ ပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲကျင်းပမှုမှ တစ်ဆင့် သမ္မတကိုရွေးချယ်ခြင်း၊ ဥပဒေပြုလုပ်ငန်းများနှင့် အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ရကြောင်း၊ မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲပုံစံအရ လွှတ်တော်အား ဒေသအလိုက် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များစုပေါင်း၍ ပြည်သူ့လွှတ်တော်ဖြစ်လာကြောင်း၊ အလားတူ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အချိုးညီရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည်လည်း အမျိုးသားလွှတ်တော် ဖြစ်လာ ကြောင်း၊ လွှတ်တော်နှစ်ရပ်ပေါင်း၍ ပြည်ထောင်စုလွှတ်တော် ဖြစ်လာကြောင်း၊ မိမိတို့ရွေးချယ်လိုက်သည့် လွှတ်တော်ကိုယ်စားလှယ်များက သမ္မတကိုရွေးချယ် ရကြောင်း၊ အချို့နိုင်ငံများတွင် သမ္မတအား ပြည်သူများကတိုက်ရိုက်ရွေးချယ်ကြပြီး အချို့နိုင်ငံများတွင် အာဏာရပါတီခေါင်းဆောင်များက ဝန်ကြီးချုပ် အစိုးရအဖွဲ့ အကြီးအကဲများအဖြစ် တာဝန်ယူ၍ အဆောင်အယောင် သမ္မတများခန့်အပ်ထား ကြကြောင်း၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံတူညီမှုမရှိဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဥပဒေပြ ဌာန်းချက်များနှင့်အညီသာ ဆောင်ရွက်ကြသည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ သည်လည်း နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကိုသာ လျှောက်လှမ်းလျက် ရှိကြောင်း။

 

၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မိမိအနေဖြင့် ကြိုတင်မဲပေးခြင်း မပြုခဲ့ဘဲ တပ်မတော်သားများနှင့်အတူ ပါဝင်ဆန္ဒမဲပေးခဲ့ကြောင်း NLD ပါတီအနေဖြင့် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့ပြီး နိုင်ငံတော်တာဝန် ထမ်းဆောင်ခဲ့ချိန်၌ အားနည်းချက်များရှိခဲ့သဖြင့် ပြည်သူများက အားမလိုအားမရမှု များဖြစ်ခြင်းကြောင့် ၂၀၁၉ ခုနှစ် ရန်ကုန်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ပြုလုပ်ခဲ့ချိန် တွင် ပျမ်းမျှအားဖြင့် ၁၄ ရာခိုင်နှုန်းကျော်ခန့်သာမဲပေးခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင်လည်း မဲမပေးရေး (No Vote) ဟု လှုံ့ဆော်မှုများ ရှိခဲ့ကြောင်း။

 

၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ ရှိသည့် ဒေသများတွင်ဒေသခံတိုင်းရင်းသားပါတီများက အနိုင်ရရှိခြင်းမရှိဘဲ NLD ပါတီကသာ အနိုင်ရရှိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ အချို့ကိုယ်စားလှယ်လောင်း များအနေဖြင့် မိမိတို့ဒေသတွင် ဆန္ဒမဲရရှိမှုလုံးဝမရှိသည်အထိရှိခဲ့သည်မှာ မဲမသမာမှုများ ဆောင်ရွက်ခဲ့ခြင်းသည် ပေါ်လွင်နေကြောင်း၊ ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဲမသမာမှုပြုလုပ်ခြင်းကို လက်ခံနိုင်စရာအကြောင်းမရှိကြောင်း၊ ပြည်သူလူထုက မျှော်မှန်းထားသည့် ဒီမိုကရေစီမျှော်မှန်းချက်များကို ရိုက်ချိုးခံရခြင်း ဖြစ်ကြောင်း၊ နိုင်ငံရေးလောဘ၊ အာဏာလောဘများဖြင့် မသမာသည့် နည်းလမ်းများနှင့် တိုင်းပြည် အပေါ်ဆောင်ရွက်သွားခြင်းပင်ဖြစ်ကြောင်း၊

 

တပ်မတော်သည် နိုင်ငံတော်၏ အာဏာကိုထိန်းသိမ်းပေးခြင်းဖြစ်ပြီး အာဏာ သိမ်းခြင်းမဟုတ်ကြောင်းကိုနားလည်ရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ အစိုးရအဖွဲ့ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီများဖွဲ့စည်းရာတွင် တပ်မတော် သားများဖြင့်ဖွဲ့စည်းထားခြင်းမရှိဘဲ အရပ်သားများပါဝင် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် အရပ်ဘက်အုပ်ချုပ်ရေးများတွင် ဝိုင်းဝန်းကူညီ ဆောင်ရွက် ပေးနေခြင်းသာရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ယွင်းမှုမရှိဘဲ မိမိတို့အနေဖြင့် အခြေခံဥပဒေအတိုင်းသာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီအလေ့ အကျင့်မပျက်စေရန်အတွက် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ထိန်းသိမ်းဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့်ပတ်သက်ပြီး ပါဝင်ပြီးဖြစ်ကြောင်း၊ ယခုအခါအကြမ်းဖက်ဆူပူမှု များဖြစ်ပွား ချိန်တွင်လည်း မိမိတို့အနေဖြင့် ဥပဒေနှင့်အညီသာ ဖြေရှင်းဆောင်ရွက်လျက်ရှိ ကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကိုဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိရေးအတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉) အား ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရာတွင် မိမိတို့အနေဖြင့် သတ်မှတ်ကာလအတွင်း ကျင်းပနိုင်စေရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း။

 

တပ်မတော်သားများအားလုံးသည် ပြည်သူများကြားမှ ပေါက်ဖွားလာခြင်း ဖြစ်သဖြင့် ပြည်သူလူထုနှင့် ဆက်ဆံရေးကောင်းမွန်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့ ဆက်ဆံရေး ကောင်းမွန်စေရေးအတွက် တပ်ပြင်စည်းရုံးရေးလုပ်ငန်းများကို ယခင် ကတည်းကပင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများ၏ လိုအပ်ချက် များကိုဖြည့်ဆည်း‌ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထု အပေါ် ထိန်းထိန်းသိမ်းသိမ်းဖြင့် ကာကွယ်ဆောင်ရွက်ပေးနေကြောင်း၊ ယခု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူပြီး နှစ်လတာကာလအတွင်း နေရာ တော်တော်များများတွင် ပြန်လည်တည်ငြိမ်လာခြင်းသည် တပ်မတော်သည် နိုင်ငံတော် အတွက်၊ ပြည်သူအတွက် ခိုင်ခိုင်မာမာရှိနေခြင်းကို ပြခြင်းဖြစ်ကြောင်း။

 

ဆူပူဆန္ဒပြမှုများမှတစ်ဆင့် အကြမ်းဖက်တိုက်ခိုက်မှု၊ သတ်ဖြတ်မှုနှင့်  လုယက်မှုများ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ဆူပူမှုများကိုဖြိုခွင်းရာတွင်လည်း ဒီမိုကရေစီနည်းလမ်း အရ ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်နေကြောင်း၊ အကြမ်းဖက်ဆူပူမှုများကို ဖြိုခွင်းဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချို့ အကြမ်းဖက်ဆူပူသူများ ၏ ရန်ပြုတိုက်ခိုက်မှုကြောင့် သေဆုံးခြင်းနှင့် ဒဏ်ရာရရှိခြင်းများရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်နေသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေး အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲသဖြင့် (၇၆)နှစ်မြောက် တပ်မတော်နေ့တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်များချီးမြှင့်ခဲ့ကြောင်း။

   

တပ်မတော်သည် တိုင်းပြည်ကာကွယ်ရေးအတွက် အဓိကဆောင်ရွက်ရမည်ဖြစ်ပြီး တပ်မတော်သားများအနေဖြင့် စစ်သားပီသစွာဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံရေး အရတာဝန်ယူချိန်တွင် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ အစဉ်အလာကောင်းများရှိနေသည့် မိမိတို့တပ်မတော်ကို ယခုထက်ပိုမိုတိုးတက် အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သားတစ်ဦးချင်း၏ အရည်အသွေး၊ တပ်ဖွဲ့တစ်ခုချင်း၏အရည်အသွေး၊ ဌာနချုပ်များအလိုက်ရှိသည့် စုစည်းသည့် အင်အားနှင့် အရည်အသွေးများကို ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တပ်မတော်သည်စုစည်းသည့်အင်အား ခိုင်ခိုင်မာမာရှိခြင်းကြောင့် မိမိတို့အနေဖြင့် တိုင်းပြည်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း ပင်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် နိုင်ငံ့အရေးတာဝန်၊ နိုင်ငံရေးတာဝန်ကို ယူထားရခြင်းဖြစ်သဖြင့် မိမိတို့အနေဖြင့် လုပ်ငန်းများအား တာဝန်ကျေစွာဆောင်ရွက် သွားရန်လိုကြောင်းဖြင့် မှာကြားခဲ့သည်။

 

 

သတင်းစဉ်