နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၇/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊  ၂၂ မတ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယခင် အစည်းအဝေးများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်တာဝန်များကို ချပြဆွေးနွေး ခဲ့ကြပြီးကောင်စီဝင်များကဒေသအလိုက်အခြေအနေများနှင့် တိုင်းပြည်၏ လိုအပ်ချက်အခြေအနေများကို တင်ပြကာ အပြန်အလှန်ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော်မှုများ ရှိခဲ့သဖြင့် လုပ်ငန်းများ အထိုက် အလျောက် အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်ဒေသ၊ မည်သည့် ပါတီ၊ မည်သည့်တိုင်းရင်းသားအဖြစ် ပါဝင်ဆောင်ရွက်နေကြသည်ဖြစ်စေ ကောင်စီအဖွဲ့ဝင်များ အားလုံးအနေဖြင့် တိုင်းပြည်အကျိုးဆောင်ရွက် လိုသည့်စိတ်ဖြင့် အားလုံးစုပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ယခင်အစည်းအဝေးများတွင် ကောင်စီဝင်များ ဆွေးနွေးခဲ့သည့် ဥပဒေများပြန်လည် စိစစ်ရေးနှင့်ပတ်သက်၍ အချို့ပြဋ္ဌာန်းခဲ့သည့် ဥပဒေများသည် ဥပဒေသတ်မှတ်ချက်များနှင့် ညီညွတ်မှု ရှိ/မရှိ စိစစ်ဆောင်ရွက်နေကြောင်း၊ လုံခြုံရေးအရဆောင်ရွက်သင့်သည် ဥပဒေများကိုလည်း ပြဋ္ဌာန်း ထားပြီးဖြစ်၍ အဆိုပါဥပဒေများကို ထိန်းကျောင်း ဆောင်ရွက်မှုနှင့် ကျင့်သုံးမှုများကို စဉ်းစားဆောင်ရွက်ရန်လိုကြောင်း။ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး မိမိတို့ကောင်စီ စတင်တာဝန်ယူချိန်မှစ၍ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးအတွက် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ချိန်တွင် အခြေခံပညာကျောင်းများမှ ဆရာ ဆရာမအချို့ CDM ပြုလုပ်ခြင်းများရှိကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား မွမ်းမံသင်တန်းများ ဖွင့်လှစ်ချိန်တွင် ပျက်ကွက်သည့် ဆရာ ဆရာမအချို့ရှိကြောင်း၊ ပျက်ကွက်မှု ဖြစ်ပွားသည့် ဆရာ ဆရာမများသည် CDM ပြုလုပ်ရန်အတွက် ခြိမ်းခြောက်ခံရမှုများရှိခြင်းကြောင့်ဟု သိရှိရကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်၊ ကောလိပ်များမှ ဆရာ ဆရာမများနှင့် ဆေးရုံများမှ ဆရာဝန်များလည်း အလားတူခြိမ်းခြောက်ခံရမှုများရှိသည်ဟု သိရှိရကြောင်း၊ မိမိတို့အား ခြိမ်းခြောက် နေသူများကို သက်ဆိုင်ရာသို့ သတင်းပို့တိုင်ကြားရန် လိုကြောင်း၊ အချို့ဆရာ ဆရာမများနှင့် ဆရာဝန် များအနေဖြင့် တာဝန်များပြန်လည်ထမ်းဆောင် လိုသော်လည်း အရေးယူခံရမည်ကို စိုးရိမ်သည့် အတွက်ကြောင့် ပျက်ကွက်မှုများရှိနေကြောင်း။
အစားထိုးခန့်အပ်နိုင်ရေး ဝန်ထမ်းများအများစုမှာ နှစ်ကာလရှည်ကြာစွာကတည်းက တာဝန်ထမ်းဆောင်ခဲ့ကြသူများ ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို ပြန်လည်ထမ်းဆောင်ကြစေလိုကြောင်း၊ သဘောထားမတိုက်ဆိုင်မှုများရှိနိုင် သော်လည်း နိုင်ငံ့ဝန်ထမ်းသည် မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းတာဝန်များအား ပျက်ကွက်နေမှုမှာ ပြစ်မှုကျူးလွန်သည့် အဆင့်မဟုတ်ပါက ဝန်ထမ်း စည်းကမ်းဖောက်ဖျက်မှုသာဖြစ်သဖြင့် ပထမအကြိမ် အနေဖြင့် ခံဝန်ကတိလက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ပြီး ထပ်မံစည်းကမ်းဖောက်ဖျက်လာမှသာ ဝန်ထမ်း စည်းမျဉ်းနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာဝန်များ CDM ပြုလုပ်မှုကြောင့် ဆေးရုံ အချို့ ပိတ်ထားရသဖြင့် တပ်မတော်မှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက တောင်းဆိုမှုများရှိကြောင်း၊ တာဝန်ပြန်လည်ထမ်းဆောင်လို သည့် ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်မှုကို ခွင့်ပြုထားပြီး ဆက်လက်တာဝန် ထမ်းဆောင်မှု မရှိသည့်လစ်လပ်နေရာများတွင် အစားထိုးခန့်အပ် နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြီးခဲ့သည့် တစ်လတာကာလအတွင်း ဒီမိုကရေစီစနစ်အရ ဆန္ဒပြမှုများမှတစ်ဆင့် ဆူပူမှု အကြမ်းဖက်မှု အဆင့်သို့ရောက်ရှိလာကြောင်း၊ ပထမအဆင့်အနေဖြင့် ဆန္ဒပြမှုကို ထိန်းသိမ်းသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ခဲဖြင့်ပေါက်ခြင်းသာပြုလုပ်ရာမှ ဒုတိယအဆင့် အနေဖြင့် ဂျင်ကလိများ၊ ကုန်းသီးများ၊ လက်လုပ်သေနတ်များဖြင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်လာသည့်အပြင် ဓားဖြင့်ခုတ်ခြင်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် ပြည်သူများအချင်းချင်း သတ်ဖြတ်ခြင်းများ အထိ ဆောင်ရွက်လာကြောင်း၊ ထို့အပြင် နိုင်ငံ၏ ကုန်ထုတ်စွမ်းအားစုတွင် အရေးကြီးသော ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်သည့် စက်ရုံအလုပ်ရုံများကို မီးရှို့ဖျက်ဆီးခြင်းများနှင့် လုယက်ခြင်းများအထိ ဆောင်ရွက်လာသဖြင့် စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်ထုတ်ပြန် ထိန်းသိမ်းရသည်အထိ ဆောင်ရွက်ခဲ့ရကြောင်း၊ ဆူပူမှုများအား နှိမ်နှင်းရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေနှင့်အညီသာ အဆင့်အလိုက် ထိန်းသိမ်းဆောင်ရွက်နေ ကြောင်း။
နိုင်ငံသားမှတ်ပုံတင်ရပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းနှင့် တိုင်းရင်းသားတိုင်း နိုင်ငံသားမှတ်ပုံတင်ရရှိ ရေး မဖြစ်မနေဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားတိုင်း နိုင်ငံသားမှတ်ပုံတင် ရရှိရေးအတွက် ကောင်စီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်း ကူညီပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း၊ မဲစာရင်းများစိစစ်ချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ်တွင် မှတ်ပုံတင်မရှိဘဲ မဲပေးသူများ များစွာရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ အဆိုပါ မှတ်ပုံတင်မရှိဘဲ မဲပေးခဲ့သူများထဲတွင် မိမိတို့ တိုင်းရင်းသားလူမျိုးများ မဟုတ်သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် နိုင်ငံတစ်ဝန်းတွင် ထိုကဲ့သို့သော မှတ်ပုံတင်မရှိသည့် မိမိတို့ တိုင်းရင်းသားမဟုတ်သူများ မည်မျှရှိနေမည်ကို မသိရှိနိုင်ကြောင်း၊ မဲစာရင်း များ စိစစ်ချိန်တွင် ဆန္ဒမဲလက်မှတ်များ ပိုရိုက်ထားမှု များ၊ သိန်းနှင့်ချီ၍ ဆန္ဒမဲလက်မှတ်များ ပျောက်ဆုံး ခြင်းနှင့် အချို့ ဆန္ဒမဲလက်မှတ်များ ပိုနေသည်ကို တွေ့ရှိရကြောင်း။
ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ရေး အတွက် ဗဟိုဘဏ်မှ စည်းမျဉ်းစည်းကမ်းများနှင့် အညီ ဖွင့်လှစ်ခွင့်ပေးထားကြောင်း၊ ပုဂ္ဂလိကဘဏ် များအနေဖြင့် နိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိဘဲ ဘဏ်ပိတ်ထားမှုသည် ဥပဒေအား ဖောက်ဖျက်ခြင်း ဖြစ်သဖြင့် စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိစေရေးအတွက် ပိတ်ထားသည့် စက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်း SME များအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် ပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန်အတွက်သက်ဆိုင်ရာကဏ္ဍ အလိုက် အလေးထား ဆောင်ရွက်သွားကြရန်လိုကြောင်း မှာကြားသည်။

သတင်းစဉ်