နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ညှိနှိုင်းအစည်းအဝေး (၃/၂၀၂၁)တွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၂၂ ဖေဖော်ဝါရီ

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် က မိမိတို့တာဝန်ယူခဲ့သည်မှာ ၃ ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုကာလအတွင်း ပြုပြင်ပြောင်းလဲမှုများ များစွာရှိကြောင်း၊ ပထမဆုံးအနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဒုတိယအပတ်နှင့် တတိယအပတ်ကြားကာလတွင် ဆန္ဒပြမှုများ ရှိခဲ့သော်လည်း မိမိတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီမိုကရေစီ အလေ့အထနှင့်အတူ ဒီမိုကရေစီနိုင်ငံများ၏ အရေးယူဆောင်ရွက်မှုများ အတိုင်းသာ ဆောင်ရွက်ခြင်းဖြစ်ပြီး အခြားနိုင်ငံများ၌လည်း ဆူပူဆန္ဒပြမှုများတွင် မျက်ရည်ယိုဗုံး၊ ရော်ဘာကျည်ဆန်၊ Water Cannon ကို အသုံးပြု ဆောင်ရွက်ခြင်းနှင့် အင်တာနက်ဖြတ်တောက်မှုများလည်း ရှိပါကြောင်း၊ အခြားနိုင်ငံများတွင် ဖြစ်ပွားသည့် ဆန္ဒပြမှုများကြောင့် သေဆုံးသူထိခိုက် ဒဏ်ရာရသူများနှင့် နှိုင်းယှဉ်ပါက မိမိတို့နိုင်ငံတွင် ၃ ပတ်တာကာလအတွင်း သေဆုံးမှုမှာ ၄ ဦးသာ ရှိခဲ့ကြောင်း၊ သေဆုံးမှုကို ပြန်ကြည့်လျှင်လည်း သေဆုံးသွားသည့် အမျိုးသမီးမှာ အသက် ၂၀ ခန့်ရှိပြီး ၎င်းကိုယ်တိုင် ဆူပူဆန္ဒပြမှုတွင် ပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဆူပူဆန္ဒပြသူများ အနေဖြင့် လေးခွ၊ ခဲ၊ ကုန်းသီးတို့ဖြင့် ပစ်ခတ်အသုံးပြုခြင်းများ ရှိသည်ကို တွေ့ရှိရကြောင်း၊ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ရော်ဘာကျည်ဆန်ကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ခဲသီးနှင့်ပတ်သက်၍ အသုံးပြုခဲ့ခြင်းမရှိကြောင်း၊ ဗီဒီယိုမှတ်တမ်းများကို အသေးစိတ် ကြည့်ရှုခဲ့ကြောင်း၊ ယင်းမှာ ဖြစ်စဉ် အမှန်ဖြစ်ကြောင်း။

ပြန်လည်တာဝန်ထမ်းဆောင်

ဝန်ထမ်းများ CDM လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်ပြီး စတင်ဆောင်ရွက်ရန် ပြောကြား ဖြန့်ချိခဲ့သူများကို ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအချို့ပါဝင်ကြပြီး အချို့ဝန်ထမ်းများမှာ အကြောက်တရားဖြင့် ပါဝင်ကြရခြင်း ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် CDM ကိစ္စနှင့် ပတ်သက်၍ ပြီးခဲ့သည့်ရက်သတ္တပတ်က ဝန်ထမ်းများ မိမိတို့ လုပ်ငန်းတာဝန်ကို ပြန်လည်တာဝန်ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများမှာ မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များသာဖြစ်ပြီး ဝန်ထမ်းများ အနေဖြင့် အခြားအချိန်တွင် မိမိနှစ်သက်ရာကို ဆန္ဒမဲပေးနိုင်သော်လည်း တာဝန်အချိန်တွင် နိုင်ငံတော် အတွက်သာ ဦးတည်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကြိုက်နှစ်သက်သည်။ မနှစ်သက်သည် ရှိမည်ဖြစ်ကြောင်း၊ ယင်းကို ဒီမိုကရေစီကျင့်စဉ်အရ လက်ခံကြောင်း၊ သို့သော်လည်း အခြား အချိန်တွင် ပြည်သူ့ဝန်ထမ်းက ပြည်သူ့ ဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတာဝန်ကို နိုင်ငံ့ဝန်ထမ်းက ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ထို့အတူ နိုင်ငံသားများကလည်း နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်သည် မဲမသမာမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြီးခဲ့သည့် အစိုးရတာဝန်ယူသည့် ကာလတစ်လျှောက်လုံး စိတ်ရှည်သည်းခံစွာဖြင့် ပူးပေါင်းဆောင်ရွက် ခဲ့သော်လည်း အစိုးရအနေဖြင့် နိုင်ငံတော်၏ ပကတိအခြေအနေနှင့် သဟဇာတဖြစ်အောင် ဆောင်ရွက် ခဲ့ခြင်းမရှိခြင်းကြောင့် ပြဿနာများ ဖြစ်ပွားခဲ့ရကြောင်း။

တာဝန်ပျက်ကွက်လျက်ရှိ

နိုင်ငံ့ဝန်ထမ်းများ တာဝန်ပျက်ကွက်မှုကို ပြီးခဲ့သည့် သောကြာနေ့တွင် စာရင်းကောက်ယူခဲ့ကြောင်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ဆရာဝန်များ တာဝန်ပျက်ကွက်လျက်ရှိကြောင်း၊ ဆရာဝန်များမှာ ပြည်သူလူထုကိုကျန်းမာရေးစောင့်ရှောက်ပေးရသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ နိုင်ငံတော်တွင် အရေးကြီးသည့် ဝန်ထမ်းသုံးမျိုးရှိကြောင်း၊ ယင်းမှာ ကျန်းမာရေးဝန်ထမ်း၊ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ဖြစ်ပြီး အမြဲအဆင်သင့် ပြင်ဆင်ထားရသည့်သူများ ဖြစ်ကြောင်း၊ တပ်မတော်မှာ နိုင်ငံတော်ကာကွယ်ရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တပ်ရင်း၊ တပ်ဖွဲ့များတွင် အမြဲအဆင်သင့်ဖြစ်ရန် ဆောင်ရွက်ထားကြကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည်လည်း သက်ဆိုင်ရာတပ်ဖွဲ့များနှင့် ရဲစခန်းများတွင် တစ်စုတစ်စည်းတည်း တာဝန်ထမ်းဆောင်ကြရ ကြောင်း။

ကျင့်ဝတ်ကို များစွာချိုးဖောက်

အလားတူကျန်းမာရေးဝန်ထမ်းများသည်လည်း ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေးအတွက်သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများတွင်တစ်စုတစ်စည်းတည်း တာဝန် ထမ်းဆောင်ကြရကြောင်း၊ ဆရာဝန်များ၏ ကတိသစ္စာပြု အဓိဋ္ဌာန် ၉ ချက်တွင် “ကျွန်ုပ်ဆည်းပူး  တတ်မြောက်ထားသော ဆေးပညာဖြင့် လူသားတို့၏ ဘဝနှင့်အသက်ကို တန်ဖိုးထားလေးစားစွာ ကာကွယ်စောင့်ရှောက်ပါအံ့” ဟု ပါရှိကြောင်း၊ ဆရာဝန်များ အနေဖြင့် ဆေးကုသမှု မပြုလုပ်ခြင်းသည် ယင်းတို့ ကတိသစ္စာပြုထားသည့် အဓိဋ္ဌာန်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အလားတူ သူနာပြုဆိုလျှင်လည်း ၎င်းတို့ကတိသစ္စာအဓိဌာန်တွင် “လူသားအားလုံး၏ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ကျွန်ုပ်၏ အရေးကိစ္စဟု ယူဆပါအံ့” ဟု လည်းကောင်း၊ “လူသားတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး ထိခိုက်စေမည့် မည်သည့်အပြု အမူမျိုးကိုမဆို တားဆီးကာကွယ်ပါအံ့” ဟု လည်းကောင်း ပါရှိကြောင်း၊ ယင်းအချက်များကို ကြည့်ခြင်းအားဖြင့် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေမှုများမှာ ကျင့်ဝတ်ကို များစွာ ချိုးဖောက်ရာရောက်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဆေးရုံ ၁၂၆၂ ရုံရှိသော်လည်း ဆေးရုံ ဖွင့်လှစ်ပြီး ကုသပေးသည့် ဆေးရုံမှာ ၇၇၈ ရုံ၊ ဆေးရုံဖွင့်သော်လည်း ကုသပေးခြင်းမရှိသည့် ဆေးရုံ ၂၇ ရုံရှိပြီး လုံးဝဆေးရုံပိတ်ထားသည့် ဆေးရုံ ၃၅၇ ရုံ ရှိသည်ကို ယမန်နေ့ညနေ စာရင်းများအရ သိရကြောင်း။

ဝန်ထမ်းစည်းကမ်းအရ အရေးယူသွားမည်

ထို့ကြောင့် ပြည်သူများ များစွာဒုက္ခရောက်နေမည်ကို စဉ်းစားကြည့်လျှင် သိနိုင်ကြောင်း၊ လူ့အသက်ထက် အရေးကြီးသည်မှာ မရှိကြောင်း၊ ထို့အတွက်ကြောင့် မိမိတို့အနေဖြင့် ဆူပူမှုများ ထိန်းသိမ်းအရေးယူ ဆောင်ရွက်ရာတွင်လည်း လူ့အသက်ကို မထိခိုက်အောင် ထိန်းသိမ်းဆောင်ရွက် လျက်ရှိကြောင်း၊ သို့ဖြစ်၍ ဆရာဝန်များနှင့် သူနာပြုများ စည်းကမ်းဖောက်ဖျက်နေမှုကို ဝန်ထမ်းစည်းကမ်းအရ အရေးယူသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများမှာ ကျင့်ဝတ်သစ္စာဆိုပြီး ဆောင်ရွက်သည့် နိုင်ငံ့ဝန်ထမ်းဖြစ်ကြောင်း၊ အလားတူ ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများမှာလည်း နိုင်ငံတော်အလံကိုင်၍ သစ္စာဆိုသည့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် သစ္စာဖောက်ဖျက်၍မရကြောင်း၊ တပ်မတော်တွင်လည်း စည်းကမ်းထိန်းသိမ်းမှုနှင့်စပ်လျဉ်း၍ ဖောက်ဖျက်လျှင် ထိထိရောက်ရောက်အရေးယူခြင်း၊ ရဲတပ်ဖွဲ့ ဝင်များလည်း အလားတူဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူက အားကိုး၊ ပြည်သူက လက်ခံ ပြည်သူက ယုံကြည်ပြီး နိုင်ငံတော်မှအားရသည့် ရဲတပ်ဖွဲ့ ဖြစ်ရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများ အနေဖြင့် သတင်းပို့ရုံးတက်ခြင်းမရှိပါက ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

ဥပဒေကိုနားလည်ရန် အရေးကြီး

ဆရာဝန်များနှင့်ပတ်သက်ပြီး ရရှိသည့်ဘွဲ့ အဆင့်အလိုက် ချီးမြှင့်ငွေပေးအပ်ရန် ဆွေးနွေးညှိနှိုင်း လျက်ရှိကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ သင်ကြားရေးအပိုင်း အရည်အသွေး မြှင့်တင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများမှာ တိုင်းပြည်အတွက် အရေးကြီးကြောင်း၊ တိုင်းပြည်တွင် လူစွမ်းအားအရင်းအမြစ် မွေးထုတ်ပေးသူများမှာ ဆရာ၊ ဆရာမများဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍမှာ အရေးကြီးသည့်အတွက် အရည် အသွေးမြင့်မားရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း ဘွဲ့အဆင့် အလိုက်မူတည်ပြီး ချီးမြှင့်ရန် စဉ်းစားဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ လူသားအရင်းအမြစ်ထဲတွင် အရေးကြီးသည့် အချက်နှစ်ချက်မှာ ဥပဒေကိုနားလည်ရန် အရေးကြီးကြောင်း၊ တက္ကသိုလ်များတွင် BA(Law) သင်တန်းများ ဖွင့်လှစ်ရန်နှင့် ဒေသအလိုက် စီးပွားရေး နားလည်တတ်ကျွမ်းမှု အခြေခံရရှိရေးအတွက် BA(Eco) ဘာသာရပ် ဖွင့်လှစ်သင်ကြားရန် ဆွေးနွေးလျက်ရှိကြောင်း၊ ပညာရေးဝန်းကျင် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ပြီး သို့မှသာ ကျောင်းသားများ အနေဖြင့် စာသင်ချင်စိတ် တိုးပွားလာမည်ဖြစ်ကြောင်း၊ ပညာရေးမြှင့်တင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ CDM နှင့် ပတ်သက်ပြီး online တွင် လှုံ့ဆော်နေသည့်အဖွဲ့များနှင့် အဆိုပါ အဖွဲ့များနောက်တွင် ပံ့ပိုးနေသူများရှိကြောင်း၊ ယင်းတို့နောက်တွင် ငွေကြေးစိုက်ထုတ်ပေးသည့် အဖွဲ့များရှိကြောင်း၊ မိမိတို့ကောင်စီအနေဖြင့် လုပ်ဆောင်ရန်ရှိသည်များကို ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆူပူ ဆန္ဒပြမှုများသည် တိုင်းပြည်ကို ထိခိုက်နစ်နာစေကြောင်း၊ တိုင်းပြည်ထိခိုက်နစ်နာမှုများ မဖြစ်ပေါ် စေရန် မိမိတို့သည် စိတ်ရှည်သည်းခံပြီး နားလည်အောင် ရှင်းလင်းပြောကြားကာ ပြည်သူများပါ အတူပါဝင်ပြီး ပုံမှန်လမ်းကြောင်းပေါ်တည့်အောင် ဆောင်ရွက်ရန် လိုကြောင်း။

တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်

ယခုအခါ မိမိတို့နိုင်ငံတွင် နှစ်စဉ်ဘဏ္ဍာငွေ လိုငွေပြမှုနှင့် ကုန်သွယ်ရေး လိုငွေပြမှုများရှိသည်ကို တွေ့ရကြောင်း၊ မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ထိခိုက်ကြောင်း၊ ထို့ကြောင့် ငွေကြေးတန်ဖိုး ခိုင်မြဲရန် လိုအပ်ကြောင်း၊ ကုန်သွယ်ရေးနှင့်ပတ်သက်၍ စီးပွားရေးကို မြှင့်တင်ရန်လိုအပ်ကြောင်း၊ မိမိတို့သည် ဦးတည်ချက် ၅ ရပ် ချပေးထားကြောင်း၊ မိမိတို့ ကောင်စီအနေဖြင့် နိုင်ငံတော်၏ ယိုင်နေသည့် စီးပွားရေးကို ပြန်လည်တည့်မတ်အောင် အားထည့် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိမိတို့အနေ ဖြင့် စီးပွားရေးကုစားမှုများကို ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်မှုလိုငွေလျှော့ချရေးအတွက် ပြည်ပသွင်းကုန်များ လျှော့ချရေးနှင့် ပြည်တွင်း ထုတ်ကုန်များ တိုးမြှင့်ပို့ဆောင်၍ စီးပွားရေး မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း ထုတ်ကုန်များ တိုးမြှင့်ရေးတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများသည် အရေးပါကြောင်း၊ နိုင်ငံတော် ဘဏ္ဍာငွေသုံးစွဲမှုများကိုလည်း တတ်နိုင်သမျှ လျှော့ချရမည်ဖြစ်ကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေး အတွက် အဓိကအရေးပါသည့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ်များ ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်ရေးအတွက် လိုအပ်သည့် ပညာသင်ကြားရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား ခများ သက်သာစေရေးနှင့် လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် ရေအားလျှပ်စစ် ထုတ်လုပ်မှုနှင့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် လုပ်ငန်းရပ်များအား တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လမ်းပန်း ဆက်သွယ်မှု ကောင်းမွန်ရေးအတွက် မီးရထားလမ်းနှင့် မော်တော်ကား လမ်းများအား ပုံမှန်ထိန်းသိမ်းမှုများကို အမှန်တကယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သောက်သုံးရေ အခက်အခဲရှိသည့် မြို့နယ်များတွင် သောက်သုံးရေရရှိရေး နည်းလမ်းရှာဖွေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့အနေဖြင့် မဖြစ်မနေဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ရှင်းလင်းဆွေးနွေး
ထို့နောက် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီဝင်များဖြစ်ကြသည့် ဦးသိန်းညွန့်၊ မန်းငြိမ်း မောင်၊ Jeng Phag နော်တောင်၊ ဒေါ်အေးနုစိန်၊ ဦးမောင်းဟာနှင့် ဦးခင်မောင်ဆွေတို့က ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ရှင်းလင်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်၏ နိုင်ငံတော်တာဝန်ကို ခေတ္တ တာဝန်ယူထမ်းဆောင်နေမှုအပေါ် နိုင်ငံတကာ၏ သဘောထားအမြင်များ၊ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေ၊ လူပုဂ္ဂိုလ်ကိုးကွယ်မှုများကြောင့် နိုင်ငံရေးရှုပ်ထွေးလာခဲ့မှု အခြေအနေ၊ သာသနာရေး ဆိုင်ရာ အဆောက်အဦများ လျှပ်စစ်မီးသုံးစွဲမှုနှင့် ပတ်သက်၍ ဓာတ်အားအသုံးပြုခ လျှော့ပေါ့ပေး ရေးကိစ္စ၊ ရုံးလုပ်ငန်းများနှောင့်နှေးစေရန်အတွက် နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန် ဖိအားပေး မှုများနှင့် စည်းရုံးသိမ်းသွင်းမှုများကို နောက်ကွယ်မှ ပြုလုပ်နေသည့်အဖွဲ့အစည်းများအား ဖော်ထုတ် အရေးယူဆောင်ရွက်ရေးနှင့် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဝန်ထမ်းများအား အကာအကွယ် ပေးရန် လိုအပ်သည့်အခြေအနေများအား ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကော်မရှင်နှင့် ပတ်သက်သည့် မဲစာရင်းကို အမြန်ဆုံးချပြပေးမည်ဖြစ်ကြောင်း၊ ကော်မရှင် အနေဖြင့် တိုင်ကြားစာတက်သည့် မြို့နယ်များကို ဦးစွာစစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သိရှိရကြောင်း၊ စိစစ်တွေ့ရှိသည့် မဲစာရင်းကွာဟမှုများကို ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ကျန်ရှိသည့် မြို့နယ် များကိုလည်း ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံသားများ မှတ်ပုံတင်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

သတင်းစဉ်