နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မကွေးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံရာတွင် ပြောကြားသည့် အမှာစကား

နေပြည်တော်၊ ၄ ဧပြီ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အထိ တပ်မတော်အနေဖြင့် ဖြစ်ပေါ်လာ သော အခြေအနေများအရ နိုင်ငံတော်၏ တာဝန်များကို တာဝန် ယူဆောင်ရွက်ခဲ့ရသည်မှာ ၂ လကျော်ကာလသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ကြောင်း၊ ယခုအခြေအနေ သို့ မရောက်ရှိမီကာလများအတွင်း မိမိအနေဖြင့် တပ်နယ် အသီးသီးသို့ သွားရောက်၍ နိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ရှင်းလင်း ပြောဆိုမှုများလုပ်ဆောင်ခဲ့ကြောင်း၊ တိုင်းပြည်တစ်ခု တိုးတက်ရန်အတွက် နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်နှင့် လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရန်အတွက် ပါတီစုံ ဒီမိုကရေစီစနစ် မှန်ကန်ပါက အေးချမ်းမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တွင် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူကရွေးချယ်ခြင်းဖြစ်သဖြင့် မှန်မှန် ကန်ကန်ဖြင့် လုပ်ဆောင်ပါက ကောင်းမွန်မည်ဖြစ်ပြီး မှန်ကန်မှု မရှိပါက အတိုက်အခံများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရားမျှတပြီး ရိုးသားသည့် နိုင်ငံရေးဖြစ်ရန်လိုအပ်မည်ဖြစ်ကြောင်း။

 

ရွေးကောက်ပွဲ မတိုင်မီကာလများကို ပြန်လည်လေ့လာကြည့်ပါက ပါတီ မဲဆွယ်စည်းရုံးရေးများလုပ်ဆောင်ရာတွင်လည်း ပါတီများ၏ ပြောဆိုလုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ တရားမျှတမှုများ မရှိခဲ့သည်ကို သံသယဖြစ်စရာများ တွေ့ရှိရကြောင်း၊ ပါတီ၏မူဝါဒများကြေညာ၍မဲဆွယ်စည်းရုံးရာ၌ပင် ဆင်ဆာဖြတ်တောက်မှုများ ရှိလာ ခဲ့ပြီး COVID-19 အကြောင်းပြ၍ အမိန့်မျိုးစုံထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေး ဆောင်ရွက်ပေးရန် ကြုံသည့်နေရာတိုင်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်စေရေး လုပ်ဆောင်ပေးရန် အဓိကထား ဦးတည်၍ ပြောကြားခဲ့ကြောင်း။

 

ဒီမိုကရေစီအစိုးရသက်တမ်း ပထမ ၅ နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ဦးသိန်းစိန် အစိုးရသည် အထိုက်အလျောက်အောင်မြင်မှုများ ရရှိအောင် လုပ်ဆောင် နိုင်ခဲ့သော်လည်း စိန်ခေါ်မှုများစွာဖြင့် ရင်ဆိုင်ခဲ့ရကြောင်း၊ တပ်မတော်နှင့် လက်တွဲ၍ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ၄ နှစ်အတွင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ချုပ်ဆိုနိုင်သည်အထိ လုပ်ဆောင် နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်တွင် အသစ် တက်လာသည့် အစိုးရသည်လည်း ပြည်သူ လူထု မျှော်လင့်ထားသည့်အတိုင်းအတာအထိ စွမ်းဆောင်မှုများ မလုပ်ဆောင် နိုင်ခဲ့သည့် အပြင် ဥပဒေနှင့် မလျော်ညီသည့် လုပ်ဆောင်မှုများကို လုပ်ဆောင်ခဲ့သည် ကိုပင် တွေ့ရှိလာရကြောင်း။

 

ထို့ကြောင့် ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရခြင်းကို စိတ်ပျက်လာကြပြီး မဲမပေး ကြရေး လှုံ့ဆော်မှုများကို လုပ်ဆောင်လာခဲ့ကြကြောင်း၊ ဒီမိုကရေစီစနစ်တွင် မဲမပေး ပါက မိမိတို့တစ်ဦးတစ်ယောက်ချင်းစီ၏ အခွင့်အရေးများ နစ်နာမည်ဖြစ်သဖြင့် မိမိအနေဖြင့် ရောက်သည့်နေရာတိုင်းတွင် အားလုံးဆန္ဒမဲပေးကြစေရေးနှင့် မိမိ ဒေသနှင့် တိုင်းပြည်ကို အကျိုးပြုနိုင်မည့်သူ၊ ဥပဒေကို နားလည်မည့်သူ ၊ စေတနာထား၍ အုပ်ချုပ်နိုင်မည့်သူ ကိုရွေးချယ်မဲပေးကြစေရေး အမြဲတိုက်တွန်းပြောဆိုခဲ့ကြောင်း။ ရွေးကောက်ပွဲပြုလုပ်ပြီး မဲရလဒ်များထွက်ပေါ်လာသည့် အချိန်တွင် မသင်္ကာဖွယ်ရာ ရလဒ်များ ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ စစ်ဆေးခဲ့ရာတွင် လည်း စုစုပေါင်း သံသယဖြစ်ဖွယ် မဲမသမာမှု ၁၀ သန်း ကျော်အထိ ရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထိုသို့ မဲစာရင်းမှားယွင်းနေမှုများကို ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသည့်အပြင် နိုင်ငံတော်၏ အာဏာကိုအဓမ္မရယူရန်အထိ ကြိုးပမ်း လာမှုများကိုပါ လုပ်ဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကို နိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာ ယာယီသမ္မတ၏ တာဝန်လွှဲအပ်ချက် အရ နိုင်ငံတော်၏တာဝန်ကို တပ်မတော်က ခေတ္တ တာဝန်ယူထိန်းသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကိုဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းများကြီးမားစွာ မှားယွင်းမှုဖြစ်ပေါ်ခဲ့ခြင်းသည် ဒီမိုကရေစီကို ပြက်ရယ် ပြုခြင်း၊ စော်ကားခြင်းဖြစ်သဖြင့်မည်သို့မျှလက်ခံ၍ရနိုင်မည် မဟုတ်ကြောင်း၊ လက်ရှိအချိန်တွင် အသစ်ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် မဲစာရင်းများကို မြို့နယ်တစ်ခုချင်းစီအလိုက် အသေးစိတ် စစ်ဆေးလျက်ရှိပြီး စစ်ဆေးမှုများ အားလုံးပြီးစီးပါက ပေါင်းချုပ် စာရင်းကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အဂတိလိုက်စားမှုများကိုလည်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်စုံတိုးတက်စေရေးအတွက် ဦးတည်ချက် ၉ ရပ် ချမှတ်ကာ လုပ်ဆောင်လျက်ရှိကြောင်း၊ တပ်မတော်၏ အဓိက လုပ်ငန်းတာဝန်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ဖြစ်ပြီး စွမ်းရည်စွမ်းအားနှင့် ပြည့်စုံသည့် တပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

မိမိတို့ တစ်ဦးတစ်ယောက်ချင်း၏ နေထိုင်ပြောဆိုလုပ်ကိုင်မှုများမှ တစ်ဆင့် တပ်မတော်၏ ဂုဏ်ကို မြှင့်တင်ကြရမည်ဖြစ်သဖြင့် တစ်ဦးချင်း စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးလုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြ မည်ဖြစ်ကြောင်း၊ ထို့ပြင် ကျန်းမာကြံ့ခိုင်ရေး၊ ပညာရည်မြင့်မားရေးအတွက်လည်း လုပ်သင့်လုပ်ထိုက်သည့် ကိုယ်လက်လှုပ်ရှားအားကစားနှင့် စာပေဖတ်ရှု လေ့လာခြင်းများကို မိမိသာမက မိမိ၏ မိသားစုများကိုပါ လုပ်ဆောင်တတ်စေ ရန် လေ့ကျင့်တိုက်တွန်းကြရမည်ဖြစ်ကြောင်း၊ စည်းကမ်းစနစ်တကျရှိပြီး အမိန့် နာခံတတ်သည့် တပ်မတော်ဖြစ်သည်နှင့်အညီ ညီညွတ်မျှတသည့် အုပ်ချုပ်မှု အဆင့်ဆင့် ရှိရမည်ဖြစ်ပြီး လူမှုရေးအရနှင့် အုပ်ချုပ်ရေးအရ အုပ်ချုပ်ခြင်းကို ခွဲခြားသိမြင်ကာ ဦးဆောင်ဦးရွက်ပြုနိုင်ရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

 

သတင်းစဉ်