နိုင်ငံတော်၏ ငွေကြေးကဏ္ဍအခြေအနေ ပွင့်လင်းမြင်သာစေရေးအတွက် နိုင်ငံတော်၏ အရန် နိုင်ငံခြားသုံးငွေ၊ အရန်ရွှေပမာဏ နှင့် ငွေကြေးဖောင်းပွမှုညွှန်းကိန်း တို့ကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့(၂.၈.၂၀၁၉) တွင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉)မှ ဦးစိုးသိန်း မေးမြန်းသည့် “နိုင်ငံတော်၏ ငွေကြေးကဏ္ဍအခြေအနေ ပွင့်လင်း မြင်သာစေရေးအတွက် နိုင်ငံတော်၏ အရန်နိုင်ငံခြားသုံးငွေ (Foreign Exchange Reserve) အရန် ရွှေပမာဏ (Gold Reserve)နှင့် ငွေကြေးဖောင်းပွမှုညွှန်းကိန်း (Inflation Index)တို့ကို သုံးလတစ်ကြိမ် ထုတ်ပြန်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။ 

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၏ ဖြေကြားချက်-

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းတွင် အပိုင်း(၂)ပိုင်းပါဝင်ပါကြောင်း၊ ပထမပိုင်းဖြစ်သည့် နိုင်ငံတော်၏ ငွေကြေးကဏ္ဍအခြေအနေ ပွင့်လင်းမြင်သာစေရေးအတွက် နိုင်ငံတော်၏အရန်နိုင်ငံခြားသုံးငွေ (Foreign Exchange Reserves)၊ အရန်ရွှေပမာဏ (Gold Reserves)များနှင့် စပ်လျဉ်း၍ ဖြေကြားမည်ဖြစ်ပါ ကြောင်း။ နိုင်ငံတကာခေါ်ဝေါ် သုံးစွဲမှုနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ (၅၈)တွင် ဖော်ပြချက်များအရ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserves)တွင် အဓိကအားဖြင့် အပိုင်း(၂)ပိုင်း ပါဝင်ပြီး ပထမပိုင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်များ၏ လက်ဝယ်တွင် ငွေသားအဖြစ် လည်းကောင်း၊ ပြည်ပရှိ ၎င်းတို့၏ အဆက်အသွယ်ဘဏ်များရှိ ဘဏ်စာရင်း (Nostro Account)တွင်လည်းကောင်း ထားရှိသည့် နိုင်ငံခြားငွေ ပိုင်ဆိုင်မှု စုစုပေါင်း (Foreign Currency Holding)ဖြစ်ပြီး ဒုတိယပိုင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပိုင်ဆိုင်သည့် နိုင်ငံခြားငွေအဖြစ် အသိအမှတ်ပြုခံရသည့် ရွှေ(Monetary Gold Holding) ဖြစ်ပါကြောင်း၊ ၎င်းတို့(၂)ရပ်ပေါင်းကို နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserves) ဟုခေါ်ပါကြောင်း။ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ (Foreign Exchange Reserves) ပြောင်းလဲမှုအခြေအနေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ (၃)လတစ်ကြိမ် ထုတ်ပြန်သည့် ငွေရေးကြေးရေးဆိုင်ရာ စာရင်းအင်း (Quarterly Financial Statistics Bulletin)တွင် ထည့်သွင်းဖော်ပြထားပါကြောင်း၊ ယင်း Bulletin တွင် စီးပွားရေး၊ ငွေကြေးနှင့် ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များစွာပါဝင်ပြီး စာအုပ်အဖြစ် ထုတ်ဝေခြင်းဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Websiteတွင် လည်းကောင်း၊ အောက်ပါခေါင်းစဉ်များ ဖြစ်သည့် -

(က)အဓိကစီးပွားရေးညွှန်ကိန်းများ (Major Economic Indicators)၊ (ခ)ငွေကြေးဆိုင်ရာ စာရင်းအင်းများ (Monetary Statistics)၊ (ဂ)ငွေရေးကြေးရေးဝန်ဆောင်မှုများ (Access to Financial Services)၊ (ဃ) ငွေရေးကြေးရေး ဈေးကွက်စာရင်းအင်းများ(Financial Market Statistics)၊ (င)အာမခံလုပ်ငန်း(Insurance)၊(စ)အတိုးနှုန်းများ (Interest Rates)၊ (ဆ)စားသုံးသူဆနှုန်းကိန်း (Consumer Price Index)စသည်တို့ဖြင့် ဖော်ပြထားပါကြောင်း။  နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်ငွေ(Foreign Exchange Reserves)ကို အဓိက စီးပွားရေးညွှန်း ကိန်းများ(Major Economic Indicators)အောက်တွင် နိုင်ငံတော်၏ ပြည်ပ ငွေပေးငွေယူရှင်းတမ်း (Balance of Payments)၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဖော်ပြပါရှိပါကြောင်း၊ ယင်းသို့ဖော်ပြရာတွင် (၃)လပတ်အလိုက် ပြောင်းလဲမှုအခြေအနေ (တိုးမြင့်လာသည့် သို့မဟုတ် လျော့ကျသွားသည့်ငွေပမာဏ)ကို ဖော်ပြခြင်းဖြစ်ပါကြောင်း။ အဆိုပါ ပြည်ပငွေပေးငွေယူရှင်းတမ်း (Balance of Payments)ပုံစံသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် စုစည်းသည့်ပုံစံဖြစ်ပါကြောင်း။

အဆိုပါ ပြည်ပငွေပေးငွေယူရှင်းတမ်း (Balance of Payments)တွင် နိုင်ငံခြားသုံးသီးသန့်ငွေနှင့် သက်ဆိုင်သည့် ကိန်းဂဏန်းသာမက ပြည်ပပို့ကုန်/ သွင်းကုန်၊ ဝန်ဆောင်မှုရငွေ/ ပေးငွေများအပြင် ပြည်ပနှင့်ပတ်သက်သည့် ငွေလုံးငွေရင်းစာရင်းနှင့် ငွေရေးကြေးရေးစာရင်းများ နှင့်စပ်လျဉ်းသည့် ကိန်းဂဏန်းအချက်အလက်များ ပြည့်စုံစွာပါရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားသုံးသီးသန့်ငွေသည် ပျမ်းမျှ(၃)လအတွက် ပြည်ပသွင်းကုန်(Imports) နှင့်ညီမျှသည့် ပမာဏရှိသဖြင့် နိုင်ငံတကာမှ လက်ခံထားသည့် အနိမ့်ဆုံးရှိသင့်သည့်ပမာဏကို ပြည့်မီမှုရှိပါကြောင်း။

ငွေကြေးဖောင်းပွမှုနှုန်း(Inflation Rate)ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်း အဖွဲ့မှ “လစဉ်စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ” (Monthly Inflation Report)အဖြစ် ပြုစု၍ ထုတ်ပြန်လျက်ရှိပြီး ၎င်းတို့၏ Website ဖြစ်သော www.mmsis.gov.mm တွင် ဝင်ရောက်ဖတ်ရှုလေ့လာ နိုင်ပါကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်သည့် အထက်တွင်ဖော်ပြခဲ့သည့် Bulletin တွင်လည်း (၃)လပတ်အလိုက် ဖော်ပြသည့် ငွေကြေးဖောင်းပွမှု ကိန်းဂဏန်းများကို စားသုံးသူဆနှုန်းကိန်း (Consumer Price Index)ဖြင့် ဖော်ပြထားပါကြောင်း။ ယင်းကိန်းဂဏန်းများ၏ မူလဇစ်မြစ် (Source)သည် ဗဟိုစာရင်းအင်းအဖွဲ့ဖြစ်ပြီး ယင်းမှထုတ်ပြန်သည့် ကိန်းဂဏန်းများသည် လစဉ်ဖော်ပြသည့် ကိန်းဂဏန်းများဖြစ်သဖြင့် ပို၍ Update ဖြစ်ပါကြောင်း။

၂၀၁၉ခုနှစ်၊ ဧပြီလအတွက် ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဂရပ်ပုံစံဖြင့်လည်းကောင်း၊ ဇယားပုံစံဖြင့်လည်းကောင်း ဖော်ပြထားရှိပါကြောင်း၊ ကိန်းဂဏန်း အချက်အလက်များကို နှိုင်းယှဉ်လေ့လာနိုင်ရန် ၂၀၁၈ခုနှစ်၊ ဧပြီလမှ ၂၀၁၉ခုနှစ်၊ ဧပြီလအထိ (Time Series)အဖြစ် ဖော်ပြထားပါကြောင်း။


ငွေကြေးဖောင်းပွမှုနှုန်းကို စုစုပေါင်းကုန်စည်များအတွက် နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း(Year on Year Headline Inflation)နှင့် အစားအစာနှင့် လောင်စာမပါဝင်သော ကုန်စည်များအတွက်နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း(Year on Year Core Inflation) ဟူ၍ ခွဲခြားဖော်ပြထားပါကြောင်း။

၎င်းအပြင် တစ်နိုင်ငံလုံး၏ အုပ်စုအလိုက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွနှုန်းများကိုလည်း ဖော်ပြထားပါကြောင်း၊ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year {YOY} Inflation)နှင့် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Average Inflation)များ ပါဝင်ပါကြောင်း။

နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year {YOY} Inflation)သည် လက်ရှိနှစ်၊ လတစ်လ၏ ဈေးနှုန်းကို ယခင်နှစ် အလားတူလ၏ ဈေးနှုန်းနှင့် နှိုင်းယှဉ်ဖော်ပြခြင်း ဖြစ်ပါကြောင်း၊ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Average Inflation)သည် လက်ရှိနှစ်၏ လတစ်လအပါအဝင် လွန်ခဲ့သည့် (၁၂)လ၏ ပျမ်းမျှဈေးနှုန်းကို ယခင်နှစ်၏ အလားတူလ အပါအဝင် ရှေ့(၁၂)လ၏ ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်ပါကြောင်း၊ လေ့လာဆန်းစစ်သူများ၏ လိုအပ်ချက်ကို ကွဲပြားစွာ ဖြည့်ဆည်းနိုင်ရန် တွက်ချက်ဖော်ပြခြင်း ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

MDN
Credit-အမျိုးသားလွှတ်တော်