နိုင်ငံတော်ကအားပေး စိတ်ခွန်အားတိုးပွား

အို၊ နာ၊ သေ ́ဘေးသည်တရားတော်အရလူတိုင်းလူတိုင်း မလွဲမသွေရင်ဆိုင် ကြုံတွေ့ရမည့်သဘော တရားဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ သေခြင်းဘေးကို မည်သူမျှ မရှောင်လွှဲနိုင်ပါပေ။ အိုခြင်း၊ နာခြင်း၊ သေခြင်း ဤသုံးမျိုး၏ အဓိကလက်သည်ဖြစ်သည့် နာခြင်းသည် အနာရောဂါအမျိုးမျိုးဖြင့် လူတို့ဘဝကို အဆုံးသတ်အောင် ကြိုးပမ်းလေသည်။

မျက်မှောက်ကာလတွင် နှာခြင်းဘေးတည်းဟူသော ကိုဗစ်-၁၉ ရောဂါဘေးကို လူတိုင်းရင်ဆိုင်နေကြရပေသည်။ ကိုဗစ်ရောဂါဘေးသည် လူသားများထံ အလျင်အမြန် ကူးစက်ရောက်ရှိကာ ရောဂါဘေးဒဏ်ကို လူသားများ အလူးအလဲခံစားနေကြရသည်။ ကိုဗစ်ရောဂါဘေးသည်လူသား များအား မည်သူ့မျက်နှာကိုမျှ မထောက်ထား။ ဆင်းရဲ၊ ချမ်းသာ၊ အယုတ်၊ အလတ်၊ အမြတ်မရွေး၊ အဆင့်အတန်းဂုဏ်ပုဒ်မရွေး နှိပ်စက်ညှဉ်းပန်း အသက်အန္တရာယ်ထိခိုက်အောင် ကြိုးစားနေလေသည်။

ကိုဗစ်ရောဂါဘေးသည် အခြားပုံမှန်ရောဂါဘေးများနှင့် မတူပေ။ ကိုဗစ်ရောဂါဖြစ်ပွားသည်နှင့် မိသားစုမှဖယ်ခွာ၍ တစ်ယောက်တည်း အထီးကျန်နေရပေသည်။ ထိုအခါ စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတို့ ဖြစ်ပေါ်လာသည်မှာ သဘာဝပင် ဖြစ်သည်။ ထို့ကြောင့် စိတ်ဓာတ်ကျခြင်း၊ စိတ်အားငယ်ခြင်းတို့ မဖြစ်ပေါ်စေရန်အတွက် နိုင်ငံတော်က စိတ်ဓာတ် ခွန်အားများ အပြည့်အဝပေးနေပေသည်။ နိုင်ငံတော်အစိုးရနှင့်အတူ ကျန်းမာရေးဝန်ထမ်းများ၊ ကျန်းမာရေးပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများက စိတ်ဓာတ်ခွန်အားများသာမကလိုအပ်သည်များ ကိုပါ ဖြည့်ဆည်းပံ့ပိုး အားပေးကူညီပေးနေသည်။

စက်တင်ဘာလ ၂၈ ရက်နေ့က ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုနောက်ဆုံး အခြေအနေနှင့် စပ်လျဉ်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြည်သူများသို့ အစီရင်ခံတင်ပြရာတွင် ရောဂါပိုးရှိနေသော ပြည်သူများအား ဘယ်တော့မှ တစ်ယောက်တည်း မဟုတ်ပါကြောင်းအားပေးစကား ပြောကြားခဲ့သည်။

နိုင်ငံတော်အနေနဲ့ကတော့ ရောဂါဖြစ်နေတဲ့ ပြည်သူအားလုံး တစ်ယောက်ချင်း၊ တစ်ယောက်ချင်းကို တန်ဖိုးထားပါတယ်။ ကျွန်မတို့ ဘယ်တော့မှ ဘယ်သူဖြစ်တာလဲလို့ မမေးပါဘူး။ ဘယ်နှယောက်ဖြစ်တာပဲ ကြည့်ပါတယ်။ တစ်ယောက်ချင်း တစ်ယောက်ချင်းကို တန်းတူပဲ တန်ဖိုး ထားပါတယ်။ ချမ်းသာကြွယ်ဝတဲ့သူ၊ သြဇာအာဏာရှိတဲ့သူဆိုပြီး ခွဲပြီးတော့ သူ့ဆိုရင် ပိုပြီးတော့အလေးထားတယ်ဆိုတာ လုံးဝမရှိပါဘူး။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေဟာအဲဒီအင်အားနဲ့ ဒီရောဂါကို ပြန်ပြီးတွန်းလှန်စေချင် တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ဓာတ်ကျပြီဆိုရင် ကိုယ်ခံအားက ကျတတ်ပါတယ်။ ကိုယ်ခံအားမကျဖို့က အင်မတန်အရေးကြီးပါတယ်။ ကျွန်မတို့နိုင်ငံတော်တင်မကဘူး။ ကျွန်မတို့ပြည်သူအများစုကလည်း ဒီလိုပဲ ရောဂါဖြစ်တဲ့သူတွေအပေါ်မှာ မေတ္တာနဲ့ ရှုနေမယ်။ ကရုဏာနဲ့ ရှုနေမယ်။ အမြန်ဆုံးပြန်ပြီးတော့ သက်သာစေချင်တဲ့စိတ်တွေ ရှိနေမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါကြောင့် ဒီရောဂါပိုးရပြီဆိုတာ တွေ့တယ်ဆိုရင် စိတ်ဓာတ်မကျပါနဲ့။ အတတ်နိုင်ဆုံး ကျွန်မတို့လုပ်ပေးပါမယ်။ နောက်ပြီးတော့လည်း ပြည်သူပြည်သားတွေကလည်း ဝိုင်းပြီးတော့ မေတ္တာပို့ကြမယ်၊ ဆုတောင်းပေးကြမယ်လို့လည်း ကျွန်မယုံကြည်ပါတယ်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပိုးတွေ့လူနာများအား စိတ်ဓာတ်မကျစေရန်အတွက် အားပေးစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု၊ ကူးစက်မှုလက်ရှိ အခြေအနေအရ လူတစ်သောင်းကျော် ကူးစက်ခံခဲ့ရပြီး သေဆုံးသူလည်း နှစ်ရာကျော်သွားပြီ ဖြစ်သည်။ များသောအားဖြင့် လူဦးရေထူထပ်ရာ ရန်ကုန်မြို့တွင် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး နေ့စဉ်နှင့်အမျှ ကူးစက် သေဆုံးမှုများရှိနေသေးသည်။ ယင်းကို ကာကွယ်၊ ထိန်းချုပ်ရန်၊ ကူးစက် ဖြစ်ပွားသော လူနာများအား ပြုစုကုသပျောက်ကင်းသွားရန် နိုင်ငံတော် အစိုးရအနေဖြင့် အပြင်းအထန်ကြိုးပမ်းနေသည်။ ရန်ကုန်မြို့တွင် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သည် ရောဂါပိုးတွေ့လူနာများအား စနစ်တကျထားရှိ၍ ပြုစုကုသမှုပေးရေး ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့ဝင်များကိုယ်တိုင် လူနာများထားရှိရာနေရာများသို့ လိုက်လံစစ်ဆေး အားပေးစကား ပြောကြားပေးနေသည်။

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အားပေးစကားပြောကြား သည့်အတိုင်း စိတ်ဓာတ်မကျပါနှင့်၊ စိတ်ဓာတ်သည် အင်အားကို ဆောင်ပါ သည်။ မိမိတစ်ယောက်တည်းမဟုတ်ပါ။ မိမိနှင့်အတူ တစ်တိုင်းပြည်လုံး ရှိသည်ဆိုသည့် စိတ်ဓာတ်အင်အားမွေးပါ။ တစ်တိုင်းပြည်လုံးအတွက် ကိုယ်လည်း ရုန်းကန်မည်ဆိုသည့် စိတ်ဓာတ်နှင့် ကိုဗစ်ကို ကျော်လွှား နိုင်အောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

mkm