နိုင်ငံတော်သမ္မတအိမ်တော်၌ နှစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်သည့် သတင်းမီဒီယာ ရှင်းလင်းပွဲ ကျင်းပ

နိုင်ငံတော်သမ္မတအိမ်တော်၌ နှစ်ပတ်လျှင် တစ်ကြိမ်ပြုလုပ်သည့် သတင်းမီဒီယာ ရှင်းလင်းပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းခန်းမ၌ ကျင်းပသည်။

 

သတင်းမီဒီယာရှင်းလင်းပွဲ၌ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏ ဒီဇင်ဘာလ ၂၁ ရက် စွဲဖြင့် ထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားသည်။

 

ထို့နောက် သတင်းမီဒီယာများ၏ သိရှိလိုသည်များကို ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြန်လည် ရှင်းလင်းဖြေကြားသည်။

 

ပင်စင်လစာများကို ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း မည်သည့်အတွက်ကြောင့် တိုးပေးသည့် ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "ပင်စင်လစာတွေ တိုးတဲ့ကိစ္စမှာ အဓိကအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်မှာ ပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး(ကက်ဘိနက်)ကနေ အတည်ပြုပေးလိုက်တာပါ။ ကက်ဘိနက်က အတည်ပြုပြီးမှ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၉ ရက်မှာ အမိန့်ကြော်ငြာစာ ထွက်တာဖြစ်ပါတယ်။ 

 

"ဘာကြောင့်တိုးရသလဲဆိုတော့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ နှစ်သစ်ကူးမိန့်ခွန်းပြောပါတယ်။ အဲဒီမိန့်ခွန်းမှာ အလုပ်သမား တစ်ဦးရဲ့ တစ်နေ့အတွက် အနည်းဆုံးလုပ်ခ အခကြေးငွေ ၄၈၀၀ ကျပ်နှုန်းနဲ့ လိုက်လျောညီထွေ ဖြစ်ရန်  အမှုထမ်းလစာများကို ၂၀ ရာခိုင်နှုန်း၊ အရာထမ်းလစာများကို ၁၀ ရာခိုင်နှုန်း တိုးမြှင့်ပေး နိုင်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်လို့ ပြောခဲ့ပါတယ်။

 

"အဆိုပါ ပြောကြားချက်နဲ့အညီ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ဝန်ထမ်းလစာကို ၂၀ ၊ ၁၀  တိုးပေးလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း အငြိမ်းစားယူတဲ့ နိုင်ငံ့ဝန်ထမ်းတွေကိုလည်း ၂၀ ၊ ၁၀ နှုန်းထားနဲ့ ပင်စင်လစာတွေ တိုးပေးလိုက်ပါတယ်။ ဒါပေမယ့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့နောက်ပိုင်း အငြိမ်းစားယူတဲ့သူ စုစုပေါင်း နှစ်သောင်းနဲ့ သုံးထောင်ကျော်ကို တိုးမြှင့်လစာ လက်ရှိနှုန်းထားအတိုင်း ပင်စင်လစာကို တွက်ချက်ပြီး ပေးလိုက်ပြီ ဖြစ်တယ်။ 

 

"အဲဒီမတိုင်ခင် အငြိမ်းစားယူခဲ့တဲ့ ပင်စင်စားဝန်ထမ်းပေါင်း ၈ သိန်း တစ်သောင်းကျော်ကို မတိုးရသေးဘူး၊ မတိုးရသေးတဲ့အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အမိန့်ကြော်ငြာ စာထုတ်ပြီး တိုးမြှင့်ပေးတာဖြစ်ပါတယ်။ ဒါက နိုင်ငံတော်သမ္မတ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာပါတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်ရမယ့်၊ လုပ်ငန်းစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်တာ ဖြစ်ပါတယ်။ ကျန်တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ခြင်း မရှိပါဘူး" ဟု ဖြေကြားသည်။

 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြောင်းရွှေ့မည့် အစီအစဉ် မှန်/မမှန်၊ ပြောင်းရွှေ့ရန် မှန်ကန်ပါက တစ်စုံတစ်ဦး၏ တိုက်တွန်းချက်၊ အကြံပြုချက်နှင့် ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိ၊ မည်သည့် အတွက် ပြောင်းရွှေ့ရသည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက "အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား အခြားကိုပြောင်းရွှေ့ဖို့ ဆိုတာ ဟုတ်ပါ တယ်။ အရင်ပတ် BBC က ကိုအောင်သူရ မေးတာက နိုင်ငံတော်သမ္မတရုံးလို့ မေးတဲ့အတွက် မဟုတ်ဘူးလို့ ဖြေတာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတရုံး အောက်ကို ရွှေ့တာမဟုတ်ပါဘူး။ အခု ပြည်ထဲရေးဝန်ကြီးဌာန အောက်မှာရှိတဲ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန အောက်ကိုရွှေ့ဖို့ လမ်းညွှန်ချက်နဲ့ မူကျပြီးပါပြီ။ အဲဒါကို ရွှေ့ပြောင်းနိုင်ဖို့ အတွက် ကျွန်တော်တို့ လုပ်ထုံးလုပ်နည်းနှင့်အညီ  ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။

 

" ဒီလိုဆောင်ရွက်တဲ့ နေရာမှာ ပထမဆုံး ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီး ခန့်အပ်တာလည်းပါပါတယ်။ ဘာကြောင့်ပြောင်းရသလဲဆိုရင် နိုင်ငံတော် သမ္မတရဲ့ ၂၀၁၈ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ မိန့်ခွန်းမှာ ပြည်ထောင်စုအစိုးရ ရှေ့ဆက် လျှောက်လှမ်းမယ့် ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့နီးစပ်တဲ့ အောက်ခြေကနေစတင်မှာ ဖြစ်တယ်။ အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဖက်ဒရယ်ပြည်ထောင်စု အုပ်ချုပ်ရေးစနစ်အတွက် ကြိုတင်စီမံဆောင်ရွက်တဲ့အနေနဲ့ ဗဟို ချုပ်ကိုင်မှုကို လျှော့ချပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ တင်ပြချက်တွေကို  အခြေခံပြီး ပြောင်းလဲသင့်တာတွေ ပြောင်းလဲဖို့လဲရှိပါတယ်လို့ ပြောထားပါတယ်။ ပြောတာတွေက ဒါတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိတဲ့အတွက် ပြောခဲ့တာ ဖြစ်ပါတယ်။ 

 

"နောက်ဆက်တွဲမေးခွန်းက တစ်စုံတစ်ဦးရဲ့ တိုက်တွန်းချက်၊ အကြံပြုချက်ပါသလားဆိုရင် ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင်ပြောချင်တာက တစ်စုံတစ်ဦး၊ အစုအဖွဲ့တစ်ဖွဲ့ ရဲ့တိုက်တွန်းချက်၊ အကြံပြုချက် လုံးဝမပါပါဘူး။ 

 

"ဒါကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂၇)မှာ ပြည်ထောင်စုအစိုးရသည် ဥပဒေနှင့်အညီ ပြည်ထောင်စုဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများကို လိုအပ်သလို ဖွဲ့စည်းနိုင်သည်။  ယင်းသို့ ဖွဲ့စည်းရာတွင် လုပ်ငန်းတာဝန် နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်ဆိုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂၇)(က)မှာ ပါပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၂၇) (ခ)က လိုအပ်သော ဝန်ထမ်းများခန့်အပ်နိုင်သည်ဆိုတာ ပါပါတယ်။

 

"ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြန်ပြီးရှင်းပြရရင် ပြည်ထောင်စုအစိုးရမှာ ကက်ဘိနက်ကို ဦးဆောင်တာက နိုင်ငံတော်သမ္မတ ဖြစ်ပါတယ်။ အဲဒီတော့ ပြည်ထောင်စုအဆင့်မှာ နိုင်ငံတော်သမ္မတ ဦးဆောင်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ရှိတယ်။ အောက်ကို ဒေါင်လိုက်ကြည့်လိုက်မယ် ဆိုရင် တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ ဝန်ကြီးချုပ်တွေနဲ့ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ရှိပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းဒေသကြီး/ ပြည်နယ် ဝန်ကြီးချုပ်တွေက နိုင်ငံတော်သမ္မတကို တိုက်ရိုက်တာဝန်ခံရပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့မှာရှိတဲ့ ဝန်ကြီးတွေက ဝန်ကြီးချုပ်တွေက တစ်ဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရတာဖြစ်ပါတယ်။ 

 

"အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကြည့်လိုက်ရင် နိုင်ငံတော်သမ္မတနဲ့ ကက်ဘိနက် ရှိတယ်။ အဲဒီကနေ ဒေါင်လိုက်သွားရင် တိုင်းဒေသကြီး/ ပြည်နယ်၊ နေပြည်တော်ကောင်စီပေါ့။ ဝန်ကြီးချုပ်တွေ ရှိတယ်။ ဝန်ကြီးချုပ်တွေနဲ့အတူ တိုင်းဒေသကြီး/ပြည်နယ် ကက်ဘိနက်တွေရှိတယ်။ ပြီးရင် ခရိုင် မြို့နယ် စတဲ့ အုပ်ချုပ်ရေးဖွဲ့စည်းပုံ ရှိပါတယ်။ 

 

"ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် သမ္မတ၊ ဝန်ကြီးချုပ်၊ အုပ်ချုပ်ရေးမှူး စသည်ဖြင့် အဆင့်ဆင့်သွားတဲ့ ပုံစံဖြစ်ပါတယ်။ ဒီမူအတိုင်း သမ္မတအောက်မှာ ရှိဖို့ ၊ဒါတွေကိုပြန်သုံးသပ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအောက်ကို ရွှေ့လိုက်တာ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအဖွဲ့မှာလည်း နိုင်ငံတော်သမ္မတ၊ ကက်ဘိနက် ဝန်ကြီးတွေ ပါပါတယ်။ ဒါက ပြည်ထောင်စုအစိုးရအဖွဲ့ ဖြစ်ပါတယ်။ 

 

"အဲဒီတော့ Constitution အရ၊ ဒေါင်လိုက် Structure အရလည်း အုပ်ချုပ်မှုအရ နိုင်ငံတော်သမ္မတကနေပြီး တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်/မြို့နယ်၊ ရပ်/ကျေးအထိ အုပ်ချုပ်ရေး ယန္တရားက တိုက်ရိုက်သက်ရောက်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း နိုင်ငံတော်သမ္မတရဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာထည့်ပြီး ပြောကြားသွားတာ ဖြစ်ပါတယ်။  နောက်ဒီလိုမျိုး Constitution အရရှိနေတဲ့ မူတွေ၊ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းမှာပါတဲ့ မျှော်မှန်းချက်မဟာဗျူဟာတွေ နဲ့အညီ ဆောင်ရွက်တာဖြစ်တဲ့အတွက် တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းချက်၊ အကြံပြုချက် လုံးဝမပါဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်ပါတယ်။ 

 

"ဘာကြောင့်လဲဆိုတော့ တချို့က ဒီအပေါ်မှာ ဘယ်သူ့ရဲ့ အကြံပေးချက်ကြောင့် လုပ်တာ၊ ဘယ်ဝါရဲ့အကြံပေးချက်ကြောင့်လုပ်တာဆိုတဲ့ ပြောကြားချက်တွေရှိပါတယ်။ ကျွန်တော် တို့လည်း ကြားပါတယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောချင်တာက အဲဒီဟာတွေ မဟုတ်ဘူး။ အခုနက ကျွန်တော်ပြောပြတဲ့ အခြေခံမူတွေ၊ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာတွေနဲ့ အုပ်ချုပ်ရေးယန္တရားကို ပိုမိုခိုင်မာ တောင့်တင်းအောင်၊ ထိရောက်အောင် ဆောင်ရွက်တာဖြစ်တယ်" ဟု ဖြေကြားသည်။  

 

သူရဇော်