နိုင်ငံတော်သမ္မတ၏ လှူဒါန်းငွေဖြင့် ကျောက်ပန်းတောင်းမြို့နယ် ၊ တံငါ့ကန်ကျေးရွာတွင် ကျေးလက်သောက်သုံးရေရရှိရေး ဆောင်ရွက်

နေပြည်တော်  ၁   မတ်

ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ တံငါ့ကန်ကျေးရွာသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ  ယနေ့ညနေပိုင်းတွင် ရောက်ရှိပြီး နိုင်ငံတော် သမ္မတ၏ လှူဒါန်းငွေဖြင့် ကျေးလက်သောက်သုံးရေရရှိရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တာဝန်ရှိသူများက စက်ရေတွင်း တူးဖော်ခြင်း၊ ရေစုကန်၊ ကွန်ကရစ်ရေစင် တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမှာကြားရာ၌ နွေရာသီကာလ၌ ကြုံတွေ့ရသည့် ရေရှားပါးမှု၊ သောက်သုံးရေ မလုံလောက်မှု အခက်အခဲများ လျော့နည်းသက်သာစေရန် နိုင်ငံတော်သမ္မတနှင့် အလှူရှင်များ၏ လှူဒါန်းငွေများ၊ နိုင်ငံတော်ရန်ပုံငွေများဖြင့် ကျေးလက်သောက်သုံးရေရရှိရေး လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ရေအရည်အသွေး ဓါတ်ခွဲ စစ်ဆေးပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် သောက်သုံးရေများ အသုံးပြုနိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန်နှင့် တည်ဆောက်ပြီး သည့် ရေတွင်းရေကန် အဆောက်အအုံများ ကြာရှည်တည်တံ့ အကျိုးရှိစွာ အသုံးပြုနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းကလည်း ပခုက္ကူခရိုင် မြိုင်မြို့နယ် ၊ ထန်းဘုန်းတောကျေးရွာ တွင်  MYO Family မိသားစုက လှူဒါန်းသည့် စက်ရေတွင်း၊ ရေတင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အားပေးခဲ့ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်း အစီအစဉ် ဖြင့် MYO Family မိသားစုက လှူဒါန်းသည့် စက်ရေတွင်းမှာ အချင်း ၄ လက်မ တွင်းတူးအနက် ၇၀၅ ပေ ရှိပြီး ရေတင်စက်ရုံ၊ ရေစုကန်၊ ကွန်ကရစ်ရေစင်တို့ပါဝင်ကာ ကျေးရွာနေ အိမ်ထောင်စု ၂၀၀ ရှိ လူဦးရေ ၁၃၀၀ ခန့် အတွက် သန့်ရှင်းသော သောက်သုံးရေဖူလုံစေမည်ဖြစ်ကြောင်း သိရသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပခုက္ကူခရိုင် မြိုင်မြို့နယ် ၊ တောင်စုံကျေးရွာတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စေတနာ မျှဝေခြင်း အစီအစဉ်ဖြင့် Halpin Group ပညာအောင်မြေစာသင်ဝိုင်း တည်ထောင်သူနှင့် မိတ်ဆွေများက လှူဒါန်းသည့် စက်ရေတွင်း၊ ရေတင်စက်ရုံ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား သို့တက်ရောက်အားပေးကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စေတနာမျှဝေခြင်းအစီအစဉ်ဖြင့် Halpin Group မိသားစုက လှူဒါန်းသည့် စက်ရေတွင်းမှာ အချင်း ၄လက်မ တွင်း တူးအနက် ၄၉၅ ပေရှိပြီး ရေတင်စက်ရုံ၊ ရေစုကန်၊ ကွန်ကရစ်ရေစင်တို့ပါဝင်ကာ ကျေးရွာနေ အိမ်ထောင်စု ၁၈၀ ရှိ လူဦးရေ ၁၄၅၀ တို့အတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစေမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ညောင်ဦးမြို့နယ် ၊ တောင်ဇင်းကျေးလက်ရေပေးရေးစခန်း၊ ရေပေးရေးနည်းပညာသင်တန်းကျောင်း ခန်းမ သို့ ရောက်ရှိကြရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော် က တောင်ဇင်း၊ စက်စက်ယို နှင့် ငှက်ပစ်တောင် စခန်းများမှ ညောင်ဦးမြို့ ရေပေးရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု နှင့် ရေပေးရေးနည်းပညာသင်တန်းများ ဖွင့်လှစ် ပို့ ချပေးနေမှု အခြေအနေများကိုရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြစ်ရေတင်နှင့် မြေအောက်ရေတို့ဖြင့် ဒေသနေပြည်သူများ၏ သောက်သုံးရေဖူလုံရေး ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ ယင်းလုပ်ငန်းများ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်မှု အခြေအနေများကိုလည်း မျက်ခြေမပြတ် လေ့လာစောင့်ကြည့်ရန် ၊ စက်ကိရိယာများ အရည်အသွေး ကျဆင်းလာမှုကြောင့် စွမ်းအင်သုံးစွဲမှု ပိုမိုလာခြင်းဖြင့် ထိန်းသိမ်းစရိတ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စက်ပစ္စည်းများ အရည်အသွေးမြှင့်တင်ခြင်း လုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး သည် ရေပေးရေးနည်းပညာသင်တန်းကျောင်း တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)