နိုင်ငံတော်သမ္မတ၏ ရွှေသောင်ယံတံတားဖွင့်ပွဲ မိန့်ခွန်း

နေပြည်တော် ၃၀ အောက်တိုဘာ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရွှေသောင်ယံတံတား(မကျီးချောင်း) ဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က လူထုအစိုးရသစ်၏ နှစ်နှစ်ကျော် ကာလအတွင်း လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ရေးအတွက် အလေးထား ဆောင်ရွက်ခဲ့သည်ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ လူထုအစိုးရသစ်၏ လက်ကျန်သက်တမ်းအတွင်း ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း ၄၀ဝ ကျော် ဆောက်လုပ်ပြီးစီးရေး စီစဉ်ထားသည်ကိုလည်း နိုင်ငံတော်သမ္မတက ထည့်သွင်းပြောကြားခဲ့ပါသည်။ ဝမ်းမြောက်စရာကောင်းသည်မှာ ၂၀၃၀ ပြည့်နှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်း၊ ကျေးလက်ဒေသနေ ပြည်သူအားလုံး၏ ၉၀ ရာခိုင်နှုန်းအား ကျေးလက်လမ်းများ ရာသီမရွေး အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေသည်ကို နိုင်ငံတော်သမ္မတက မိန့်ကြားခဲ့ခြင်း ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတက လမ်းတံတားတည်ဆောက်ရေးများ၊ စီမံကိန်း လုပ်ငန်းများ စီစဉ်ဆောင်ရွက်ရာ၌ ဒေသအကျိုး ဖြစ်ထွန်းစေရန် လိုအပ်သကဲ့သို့ ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေးအတွက်ပါ အသေအချာ ကိုင်တွယ်ဆောင်ရွက်ရန် လိုအပ်သည်တို့ကို လမ်းညွှန်ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတက စီမံကိန်းလုပ်ငန်းများ အပ်နှံရာ၌ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် တင်ဒါ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရန်ကိုလည်း တစ်ပါတည်း သတိပေးလမ်းညွှန်ခဲ့ပါသည်။ စီမံကိန်းများ ဆောင်ရွက်ရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချ ဝေပုံကျခွဲယူကြပြီး ပြည်သူများအတွက် ထိထိရောက်ရောက် ဆောင်ရွက်နိ်ုင်စွမ်းမရှိတော့သည့် ဘဏ္ဍာငွေဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအရ ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်မည်ကို နိုင်ငံတော်သမ္မတက ပြတ်ပြတ်သားသား သတိပေးပြောဆိုခဲ့ပါသည်။

လမ်းများ၊ တံတားများ အပါအဝင် အခြေခံအဆောက်အအုံများ၊ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရာတွင်လည်း အရည်အသွေး စိစစ်ထိန်းသိမ်းရေး ( Quality Control ) ကို မဖြစ်မနေ ဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက လမ်းညွှန်ခဲ့ပြီး မဖြစ်သင့် မဖြစ်ထိုက်သည့် ယိုယွင်း ပျက်စီးခြင်းမျိုးများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ကို နိုင်ငံတော် သမ္မတက အတိအလင်း ပြောကြားခဲ့ပါသည်။ ပြည်သူ့ဘဏ္ဍာငွေနှင့် ကျခံသုံးစွဲထားသည့် တိုင်းပြည်၏ အခြေခံအဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် ပြည်သူများဘက်ကလည်း ကြည့်ရှုစောင့်ရှောက် ကြပ်မတ်ထိန်းသိမ်းပေးရန်ကိုလည်း နိုင်ငံတော်သမ္မတက တိုက်တွန်းပြောကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတ၏ ရွှေသောင်ယံတံတား (မကျီးချောင်း)ဖွင့်ပွဲ မိန့်ခွန်း၌ လယ်ယာကဏ္ဍဆိုင်ရာ မူဝါဒများကို ထည့်သွင်းပြောကြားခဲ့ပါသည်။ တောင်သူလယ်သမားတို့အနေဖြင့် မြေယာကို သားစဉ်မြေးဆက် ခိုင်ခိုင်မာမာ လုပ်ကိုင်ခွင့်ရရှိရေးအတွက် နိုင်ငံတော်အစိုးရက ဥပဒေအရ ဆောင်ရွက်ပေးနေသည်တို့ကို နိုင်ငံတော်သမ္မတက ရှင်းလင်းပြောဆိုခဲ့ပြီး သိမ်းဆည်းခံမြေများ ပြန်လည်အပ်နှံရေးအတွက် နိုင်ငံတော်အစိုးရ၏ စီစဉ်ဆောင်ရွက်မှုများကိုပါ တင်ပြပြောဆိုခဲ့ပါသည်။ ဤသိမ်းဆည်းခံ မြေများ ပြန်လည်အပ်နှံရေးကိစ္စရပ်၌ တရားမျှတမှု လက်ခံကျင့်သုံးရေး၏ အရေးပါပုံကို နိုင်ငံတော်သမ္မတက ထောက်ပြခဲ့ပြီး တစ်ဆက်တည်း တရားမျှတမှု လက်ခံကျင့်သုံးရေးက လူ့အဖွဲ့အစည်း ခိုင်မာရေးအတွက် အရေးပါသကဲ့သို့ ဒီမိုကရေစီ တည်ဆောက်ရေးအတွက် အရေးပါသည်ကို ရှင်းလင်းပြောဆိုခဲ့ပါသည်။

နိုင်ငံတော်သမ္မတက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ အစဖြစ်သော ပစ္စုပ္ပန်ကာလ၌ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် လွတ်လပ်မှုနှင့် လုံခြုံမှုအား အကာအကွယ်ပေးသည့် အုပ်ချုပ်ရေးစနစ်ဖြစ်ရန် အရေးကြီးသည်ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ တစ်ပါတည်း နိုင်ငံတော်သမ္မတက နိုင်ငံသူ နိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် ဖိနှိပ်ချုပ်ချယ်သော အုပ်ချုပ်ရေးယ္တရား မဖြစ်စေရန်ကိုလည်း သတိပေးပြောဆိုခဲ့ပါသည်။ နိဂုံးချုပ်အားဖြင့် နိုင်ငံတော်သမ္မတ၏ ရွှေသောင်ယံတံတား(မကျီးချောင်း) ဖွင့်ပွဲ မိန့်ခွန်းသည် တိုင်းပြည်၏ ကဏ္ဍအသီးသီးဆိုင်ရာ လုပ်ငန်းလမ်းညွှန်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ 

မြန်မာ့အလင်း