နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်

ရန်ကုန်  ၃၁  အောက်တိုဘာ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ Covid-19 ကပ်ရောဂါ  ဘေးကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၇ နာရီ မိနစ် ၂၀  တွင် ထေရဝါဒ ဗုဒ္ဓသာသနာတော်၏ ဘူမိနက်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့ သမိုင်းဝင် မဟာ ပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ  ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ် ပူဇော်တော်မူကြသည်။

 

 DSC_0238.JP

 

မြတ်စွာဘုရားရှင်အား ဦးထိပ်ထား၍ သာသနာ့ဦးသျှောင် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဆရာတော်ကြီးများက မေတ္တာ၊ ကရုဏာ ရှေ့သွားပြုပြီး အားကောင်းသော အရံအတား ပရိတ်တော်များ ဖြစ်သည့် ရတနသုတ်၊ မေတ္တသုတ်၊ ခန္ဓသုတ်၊ ဝဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ဗောဇ္ဈင်္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်နှင့် အနန္တရာ ယိကအန္တရာယ်ကင်း ကမ္မဝါစာများကို ရွတ်ဖတ် သရဇ္ဈာယ်  ချီးမြှင့်တော်မူ ခဲ့သည်။

 

 DSC_0242.JP

 

သီရိမင်္ဂလာကမ္ဘာအေးမြေ မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီးတွင် ၁၃၈၂ ခုနှစ်၊  တော်သလင်းလဆန်း ၁ ရက် (၁၇-၉-၂၀၂၀) ရက်နှင့် တော်သလင်းလပြည့် (၁-၁၀-၂၀၂၀)ရက် တို့၌လည်း သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာနာယက ကျောင်းဆောင်တွင် ဝါဆို ဝါကပ် သီတင်းသုံး သာသနာ့တာဝန်ထမ်းဆောင် လျက်ရှိသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတောင်ဆောင် သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ  ဇောတိက ဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အနန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်တော် မူခဲ့ကြကြောင်း သိရှိရသည်။

(သတင်းစဉ်)