နိုင်ငံတိုးတက်ရေးနှင့် ပညာတတ်များ၏အခန်းကဏ္ဍ

 

နေပြည်တော် ၉ ဇန်နဝါရီ

 

နိုင်ငံတကာရင်ပြင်၌ နိုင်ငံရေး၊ စီးပွားရေး၊လူမှုရေး၊ ယဉ်ကျေးမှု မည်သည့် အကြောင်းကို ဆွေးနွေးပြောဆိုကြသည်ဖြစ်စေ ပညာတတ်များ၏ အခန်းကဏ္ဍကို ရှေ့တန်းတင်ပြောလေ့ရှိသည်။

 

ယနေ့ခေတ်က ပညာခေတ်။

 

နေရာတကာမှာ ပညာတတ်များ လိုအပ်နေသည့်ခေတ်။ စဉ်းစား ဆင်ခြင်ဉာဏ် ရင့်သန်ထက်မြက်သူများကသာ ဦးဆောင်နေသောခေတ်။ ထို့ကြောင့် နိုင်ငံတကာမှာ သူ့ထက်ငါအပြိုင်အဆိုင် ပညာရေးအဆင့် မြင့်မားမှုအတွက် ကြံဆဆောင်ရွက်နေကြ၏။

 

 နိုင်ငံတကာမှာ အခြေခံပညာမှစ၍ အသက်မွေးဝမ်းကျောင်းများ အလယ် ပါရဂူများအဆုံး တကယ့်ပညာတတ်များ၊ ဘာသာရပ်တစ်ခု ပညာရပ်တစ်ခုကို အမှန်တကယ်တတ်မြောက်သူများကို မွေးထုတ်ရန် ကြိုးစားနေကြ၏။

 

သည်လိုထဲမှာ လူလည် လူနပ် ဝိသမစီးပွားရေးသမားများကလည်း ကျောင်းအတုများ၊ တက္ကသိုလ်အတုများ အလိမ်အညာများဖြင့် ဟန်ပြ ဖွင့်လှစ်ကာ ဘွဲ့လက်မှတ်အတုများ၊ မဟာပညာရှင်လက်မှတ်အတုများ၊ ပါရဂူလက်မှတ်အတုများကို ငွေဖြင့်အလဲအလှယ်ပြု ရောင်းချနေကြသည် များကလည်း က္ဘာ့နေရာအနှံ့မှာ မကြားချင်အဆုံး။ ပညာ၏ တန်ဖိုးကို နားလည်ကြသောသူများက ပညာတတ်များနှင့်သာ တွဲဖက်အလုပ် လုပ်ကိုင်ချင်ကြသည်ကို အခွင့်ကောင်းယူကာ ငွေရှာကြသည်။

 

ပညာတတ်များကို အားကိုးရမည်ဆိုခြင်းကို နားလည်သည့် အချို့ သော ပညာမတတ်သူများကလည်း နာမည်ခံပညာတတ်ပဲဖြစ်ဖြစ် ပညာကို ကိုယ်စားပြုသည့် ဘွဲ့ဆိုတာဖြစ်လျှင်ပြီးရော ဘွဲ့ရများကို မွေးထုတ်လို ကြ၏။ မွေးထုတ်ကြ၏။

 

ဤသို့ဖြင့် ပညာတတ်အတုအယောင်များ၊ ဘွဲ့သာရ ပညာမတတ်သူ များ နိုင်ငံတကာမှာ ပေါ်ထွက်လာကြသည်ကလည်း အများအပြား။ သို့သော်လည်း လက်တွေ့လောကက ဟန်ဆောင်သူများနှင့် ရေရှည် အလုပ်လုပ်လို့မရ။ အတုအယောင်များနှင့် ရေရှည်လက်တွဲဖို့ မဖြစ်နိုင်။

 

ပညာတတ်များအရေးကြီးသည်ကို နားလည်လာကြသည့် ယနေ့ခေတ် မရောက်မီ ခေတ်ကာလတစ်ခုက ပညာတတ်များနှင့် ပညာတတ်ဖြစ်လာ တော့မည့်သူများကို ဖိနှိပ်ချိုးနှိမ်ကြသော ခေတ်တစ်ခု နိုင်ငံတကာမှာ ရှိခဲ့ဖူးသည်ကိုလည်း အမှတ်ရမိသည်။

 

မြန်မာနိုင်ငံတွင်လည်း ပညာတတ်များနှင့် ပညာတတ်ဖြစ်လာတော့ မည့်သူများ၏ တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးကို တာဝန်သိသိနှင့် ထမ်းရွက်ခဲ့ကြသူများလည်း အများအပြား ရှိဖူးသည်ကို သတိပြုမိသည်။

 

ဗြိတိသျှကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများတွင် ရှေ့တန်းက ပါဝင်စွန့်စား ခဲ့ကြသူများထဲတွင် ပညာတတ်လူငယ်အမြောက်အမြား ပါဝင်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးကာလမှာလည်း ပညာတတ်တက္ကသိုလ်ဘွဲ့ရများ၊ တက္ကသိုလ်ကျောင်းသားများ မည်သို့ပါဝင်ခဲ့ကြ၊ အနစ်နာခံခဲ့ကြသည် များက သမိုင်းမှာ အထင်အရှား။

 

ပါလီမန်ဒီမိုကရေစီခေတ် ချိုးဖျက်ခံရသည့် ၁၉၆၂ အာဏာသိမ်း အစိုးရခေတ်ကာလမှ စတင်ကာ ၁၉၈၈ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ကာလအထိ တိုင်းပြည်အတွက်၊ ပြည်သူလူထုအတွက်ဆိုသည့် ရည်မှန်း ချက်သက်သက်ဖြင့် အနစ်နာခံခဲ့ကြသည့် သတ်ဖြတ်ခံရသူများ၊ ဖိနှိပ်ခံရသူ များ၊ ထောင်ကျများစာရင်းကို လေ့လာကြည့်လျှင် ဆရာဝန်များ၊ ဆရာဝန် ဖြစ်တော့မည့် ဆေးကျောင်းသားများ၊ အင်ဂျင်နီယာ ကျောင်းသားများ၊ ဥပဒေပညာရှင် ကျောင်းသားများ အစရှိသည့် တက္ကသိုလ်ကျောင်းသား ပညာချွန်များကို အများအပြားတွေ့ရပါမည်။

တကယ့် ပညာတတ်များဆိုသည်က မိမိအကျိုးထက် အများပြည်သူ အကျိုးကို ဦးစားပေးမြင်တတ်၊ တွေးတတ်၊ ဆောင်ရွက်တတ်ကြသည်ဟု ထင်မြင်မိပါသည်။ မည်သို့ဆိုစေ ထိုကဲ့သို့ ခေတ်အဆက်ဆက်က ကိုယ်ကျိုး မကြည့်ဘဲ အများအကျိုးအတွက် အနစ်နာခံကြသော ပညာတတ်များအား ဖိနှိပ်ခဲ့သည်ကို အဖတ်ဆယ်နိုင်ရန်နှင့် နိုင်ငံအတွက် အလွန်အရေးကြီးသော တကယ့်ပညာတတ်များ အများအပြားကို မွေးထုတ်ပေးနိုင်သော ပညာရေး စနစ်ကို အခြေခိုင်ခိုင် ဆောင်ရွက်နိုင်ပါစေသတည်း။

 

မြန်မာ့အလင်း