နိုင်ငံတကာအဆင့်မီ စမားနီးယား ရန်ကုန် အဆင့်မြင့်လက်ကားဈေးကြီး တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းကျော်ပြီးစီး

ရန်ကုန် ၂၃ ဇူလိုင်

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် ပဲခူးမြစ်လမ်းနှင့် ရတနာလမ်းထောင့်ရှိ နိုင်ငံတကာအဆင့်မီ စမားနီးယား ရန်ကုန် (Samanea Yangon) အဆင့်မြင့်လက်ကားဈေးကြီး တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလက်ကားဈေးသစ်ကြီးကို ၂၀၁၉ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုအခါ တည်ဆောက်ရေးစီမံကိန်း၏ အပိုင်း(၁)မှာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်၍ ယခုနှစ် နိုဝင်ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၁ သိန်း ကျယ်ဝန်းသည့် ဈေးသစ်ကြီးတွင် ဆိုင်ခန်းပေါင်း ၇၂၀ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဈေးသစ်ကြီးအတွင်း ပါဝင်ရောင်းချမည့် ဆိုင်ခန်းများ စမ်းသပ်ဖွင့်လှစ်မည့်အကြောင်းနှင့် ပတ်သက်၍ စမားနီးယား ရန်ကုန်၏ ဒုတိယအထွေထွေမန်နေဂျာ ကိုအောင်မျိုးဦးက “ဆောက်လုပ်ရေးပိုင်းကတော့ ပြီးပြီလို့ ပြောလို့ရပါတယ်။ ဆိုင်ခန်းတွေ ပြင်ဆင်မှုအပိုင်းလောက်ပဲ ရှိပါတော့တယ်။ စပြီးစမ်းသပ် ဖွင့်မှာကတော့ ဩဂုတ်လအတွင်းမှာ စဖွင့်မှာပါ” ဟု ပြောကြားသည်။

စမားနီးယား ရန်ကုန် (Samanea Yangon) အဆင့်မြင့် လက်ကားဈေးကြီးအတွင်း ၁၀ ပေ၊ ပေ ၂၀၊ ပေ ၃၀ အစရှိသော လေအေးစက်တပ်ဆင်ထားသည့် လျောက်လမ်းများပါဝင်ပြီး ဈေးဆိုင်ခန်းများ အားလုံးကို အငှားစနစ်ဖြင့်သာ ငှားရမ်းမည်ဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးပစ္စည်းများ၊ အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာ ပစ္စည်းများစသော ကုန်ပစ္စည်းအမျိုးမျိုးကို ရောင်းချမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ တည်ဆောက်ထားသော ယင်းလက်ကားဈေးကြီးတွင် သန့်ရှင်းရေး ဝန်ထမ်းများ၊ လုံခြုံရေးဝန်ထမ်းများ အပြည့်အဝခန့်ထားမည်ဖြစ်ပြီး စီစီတီဗွီကင်မရာများ တပ်ဆင်ထားကာ အလိုအလျောက် မီးငြိမ်းသတ်ခြင်းစနစ်များ ပါဝင်ကြောင်း သိရသည်။ အဆိုပါ စမားနီးယား ရန်ကုန်လက်ကားဈေးသစ်ကြီးကို စင်ကာပူနိုင်ငံအခြေစိုက် Samanea Group နှင့် မြန်မာနိုင်ငံအခြေစိုက် EI Co ., Ltd တို့ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - လင်းညွန့်