နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ် တည်ဆောက်မည်

၃၁ ဇန်နဝါရီ

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံသစ်ကို ယခုနှစ်အတွင်း စတင်တည်ဆောက်မည်ဖြစ်ပြီး ပရိသတ် ၂၀ဝ၀ မှ ၂၈၀ဝ ကြား အားပေးနိုင်မည့် အားကစားရုံအဖြစ် အကောင်အထည်ဖော်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ဖူဆယ်အားကစားနည်း တိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းပြိုင်ပွဲများ ကျင်းပရာတွင် ကွင်းအခက်အခဲ မရှိစေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများ ကျင်းပနိုင်ရန်အတွက် ယခုကဲ့သို့ ကွင်းသစ်စီမံကိန်းအား အကောင်အထည်ဖော်ခြင်းဖြစ်သည်။

ယင်းဖူဆယ်အားကစားရုံသစ်ကို သုဝဏ္ဏဘောလုံးကွင်း ပတ်လမ်းတွင် တည်ဆောက်မည်ဖြစ်ပြီး ဧပြီလတွင် စတင်တည်ဆောက်မည်ဖြစ်ကာ တစ်နှစ်ဝန်းကျင် ကြာမြင့်မည် ဖြစ်သည်။ 
လက်ရှိတွင် မြန်မာနိုင်ငံ၌ နိုင်ငံတကာအဆင့်မီ ဖူဆယ်အားကစားရုံအဖြစ် ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်ထားသည့် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဖူဆယ်အားကစားရုံသာရှိပြီး ယခုကွင်းသစ်ပြီးစီးပါက အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့် ဖူဆယ်ပြိုင်ပွဲများကို ရန်ကုန်မြို့၌ လက်ခံကျင်းပနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ပြည်တွင်းပြိုင်ပွဲများအဖြစ် ဖူဆယ်လိဂ်ပြိုင်ပွဲနှင့် ရှုံးထွက်ပြိုင်ပွဲများ ကျင်းပလျက်ရှိပြီး အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏအား ငှားရမ်းအသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် အချို့ကာလများတွင် ကွင်းမအားလပ်မှုကြောင့် ပြိုင်ပွဲကျင်းပရာတွင် အခက်တွေ့ခဲ့ပြီး ဖူဆယ်ရုံသစ် တည်ဆောက်မှုပြီးစီးပါက ပြိုင်ပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်တော့မည် ဖြစ်သည်။

ရဲရင့်ရှိုင်း