နိုင်ငံတကာအရေးပေါ်ကူညီထောက်ပံ့ရေး အစီအစဉ်ဖြင့် ရရှိထားသော ဓာတ်မြေသြဇာများ မင်းကင်းမြို့နယ်အတွင်း ဖြန့်ဝေ

မင်းကင်း  ၅   အောက်တိုဘာ   

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ မင်းကင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံတကာ အရေးပေါ်ကူညီထောက်ပံရေး(IRM)အစီအစဉ်ဖြင့် ရရှိထားသော ဓာတ်မြေသြဇာ လက်ကျန် ၁၂၂ အိတ်ကို မျိုးစေ့ ထုတ်ကွက်၊ စမ်းသပ်ကွတ်နှင့် စံပြစိုက်ကွတ်များအား ဖြန့်ဝေပေးခြင်းကို အောက်တိုဘာ ၄ ရက် နေ့လယ် ပိုင်းကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ဖြန့်ဝေရာတွင် မျိုးစေ့ထုတ်ကွက်၊ စမ်းသပ်ကွတ်နှင့် စံပြစိုက်ကွတ်တောင်သူ ၅၅ ဦးအတွက် မြေသြဇာ ၁၂၂ အိတ်ပေးအပ်သည့်အပြင် တစ်တန်ဝင်လေလုံ မျိုးစိတ်အိတ်များကို တောင်သူခုနစ်ဦး အတွက် ခုနစ်အိတ်၊ စံပြစိုက်ကွက်စိုက်တောင်သူ ၁၅ ဦးအတွက် မိုးကာစ ၁၅ ခုတို့ကိုပေးအပ်ခဲ့သည်။

 

ထို့အပြင် 30 Kg လေလုံမျိုးစေ့အိတ် ၁၂၅ အိတ်ကို တောင်သူများသို့ ဆက်လက်ဖြန့်ဝေ လျက်ရှိပြီး ခရိုင်မြေဆီလွှာထိန်းသိမ်းရေးနှင့် မျိုးစေ့ပိုးကာကွယ်ရေး တာဝန်ခံနှင့် ဝန်ထမ်းများပူးပေါင်းကာ ရောဂါပိုးမွှားအများ ဆုံးကျရောက်သည့် မုသာ၊ ပွင့်လျက်၊ အောက်စသာ၊ ပသေးနှင့် မြို့မကျေးရွာများသို့ ကွင်းဆင်းလမ်းညွှန်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မင်းကင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

 

ချင်းတွင်းသား