နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာ

mdn

နေပြည်တော် ၁၄ ဇူလိုင်

 

နိုင်ငံခြားရေးဝန်ကြီးဌာနက သံတမန်သင်တန်းကျောင်းတစ်ခု ဖွင့်လှစ်တော့မည်ဟု သိရသည်။ နိုင်ငံခြားရေး ဌာနဆိုသည်က လွတ်လပ်ရေး မရမီကတည်းက မြန်မာနိုင်ငံမှာ ပေါ်ပေါက်ခဲ့တာ ဖြစ်သည်။ ဂျပန်ခေတ် ၁၉၄၃ ဩဂုတ်လ မြန်မာနိုင်ငံအစိုးရအဖွဲ့ ဖွဲ့စဉ်က ဒေါက်တာဘမော်က နိုင်ငံတော်အဓိပတိနှင့် ဝန်ကြီးချုပ် တာဝန်ယူ၍ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး၊ ဦးနုက နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာသည်။

 

ထို့အတူ ၁၉၄၆ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလအဖွဲ့ချုပ်က အောင်နိုင်ကာ အစိုးရအဖွဲ့ ဖွဲ့ရသည်။ ဘုရင်ခံ၏အမှုဆောင်ကောင်စီဖွဲ့စည်းရာတွင် အင်္ဂလိပ်ဘုရင်ခံက သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်း က ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဆန်းအနေဖြင့် ဒုတိယသဘာပတိအဖြစ် တာဝန်ယူ၏။ ဘုရင်ခံက သဘာပတိဆိုသော်လည်း လက်တွေ့တွင် ဗိုလ်ချုပ်တို့က အားလုံးစီမံအုပ်ချုပ်ခဲ့ပြီး အစိုးရ အဖွဲ့သစ်တွင် ဦးအောင်ဆန်းက နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီး ရာထူးနှစ်ခုကို တာဝန်ခံဆောင်ရွက်ခဲ့သည်။ နိုင်ငံခြားရေး၊ နိုင်ငံတကာဆက်ဆံရေး၊ သံတမန်ဆက်ဆံရေးတို့၏ အရေးပါပုံကိုသိသော အမျိုးသား ခေါင်းဆောင်၏ တာဝန်ယူမှုက ထင်ရှားသော သမိုင်းမှတ်တမ်းပါပင်။

 

ထိုစဉ်ကစ၍ ပညာတတ်များ၊ နိုင်ငံရေး နားလည်ပါးနပ်ကျွမ်းကျင်သူများ၊ ကိုယ်ရည်ကိုယ်သွေးရှိသူများ မြန်မာနိုင်ငံ၏ သံတမန်များအဖြစ် တာဝန်ယူခဲ့ကြသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် တာဝန် ပေးခြင်းခံရသည်အထိ ဦးသန့်ကဲ့သို့သော မြန်မာနိုင်ငံ၏ သံတမန် တစ်ဦးသည် နိုင်ငံတကာက လေးစားခြင်းကို ခံခဲ့ရသည်။

 

သံတမန်ကျောင်းဖွင့်လှစ်ရန်နှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောဖူးသောစကားကို ရည်òန်းကာ သံတမန်တို့၏ အရေးပါသောတာဝန်တို့ကို ဖွင့်ဆိုသွားခဲ့သည်မှာ မှတ်သားဖွယ်ရာ ဖြစ်ပါသည်။

 

နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးအတွက် အရေးကြီးလှသော နိုင်ငံတော် ကာကွယ်ရေးတွင် ရှေ့ဆုံးက တာဝန်အကြီးဆုံးမှာ သံတမန်ဆက်ဆံရေး နိုင်ငံခြားရေးဖြစ်သည်ဟု ဆိုခြင်းပါ။ နိုင်ငံကာကွယ်ရေးတွင် စစ်ရေးနည်းဖြင့် ကာကွယ်ရခြင်းသည် နောက်ဆုံးနည်းဖြစ်ပြီး သံတမန်ဆက်ဆံရေးက ပို၍အရေးပါပါသည်။

 

ထို့ကြောင့်ပင် သံတမန်များဟူသည် စနစ်တကျ ပြုစုပျိုးထောင် သင်ကြားလေ့ကျင့်ပေးရန် လိုအပ်ပါမည်။ သည်မျှအရေးကြီးသော သံတမန်သင်တန်းကျောင်း မြန်မာနိုင်ငံမှာ ယနေ့ထိ ကျကျနနမရှိသေးဟု ဆိုရပါမည်။ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်က သင်တန်းများပေးခြင်းမျိုးဖြင့်သာ အချို့သောသံတမန်ရေးရာ ဝန်ထမ်း များ ရှိလာရပါသည်။

 

သံတမန်ရေးရာနယ်ပယ်တွင် စနစ်တကျပြင်ဆင် သင်ကြားလေ့ကျင့်ကာ တာဝန်ပေးခဲ့သည့် သံတမန်များက ရှားပါးလာခဲ့သည်မှာ အတော်ပင် ကြာခဲ့ပြီဟု ဆိုရပါမည်။

 

ယခုအခါတွင် သံတမန်သင်တန်းကျောင်းတစ်ခု စနစ်တကျပေါ်ပေါက်လာရန် ပြင်ဆင်နေပြီး ရေရှည်တွင် သံတမန်ရေးရာ ပညာရှင်များကိုပါ သင်ကြားလေ့ကျင့်ပေးနိုင်ရန် စီမံနေသည်ဟူသည့် သတင်းက အနာဂတ် မြန်မာ့နိုင်ငံရေးအတွက် ဝမ်းမြောက်အားတက်ဖွယ် ဖြစ်ပါသည်။

 

အမှန်တော့ နိုင်ငံတကာဆက်ဆံရေးတွင်သာမက မိမိတို့၏ နေ့စဉ် ဘဝများတွင်လည်း သံတမန် ဆက်ဆံရေးဆိုသည်က လိုအပ်သည်ဟု မြင်ပါသည်။ လူအချင်းချင်း ဆက်ဆံကြရာတွင် ယဉ်ကျေးဖွယ်ရာ ဆက်ဆံခြင်း၊ တစ်ဦး၏အလိုသဘောကို တစ်ဦးက နားလည်သဘောပေါက်အောင် ကြိုးစားခြင်းဖြင့် ပဋိပက္ခ များကို လျော့ပါးစေပြီး ချစ်ကြည်ငြိမ်းချမ်းစွာ ဆက်ဆံရေး နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို တည်ဆောက် နိုင်ရေးတို့ကို ဦးတည်နိုင်မည်ဖြစ်ပါသည်။

 

အကြောင်းတစ်ခုပေါ်သည်နှင့် ရန်လိုကြိမ်းဝါးမှုများနှင့် ဒေါသမာန်မာနများကို ရှေ့တန်းတင်နေခြင်း၊ ဓားဓားချင်း၊ လှံလှံချင်းဆိုသည့် စစ်ချီသံများသက်သက်ဖြင့် ကောင်းမွန်ငြိမ်းချမ်းသော လောကကို တည်ဆောက်နိုင်မည်မဟုတ်ပါ။ ရင်းနှီးချစ်ကြည်ဆက်ဆံခြင်း စကားဝိုင်းများတွင် ဆွေးနွေးပြောဆိုညှိနှိုင်းကြ ခြင်းတို့ဖြင့် ငြိမ်းချမ်းသော လောက ကို ထူထောင်ကြပါစို့။

 

မြန်မာ့အလင်း