နိုင်ငံတကာချစ်ကြည် ဆက်ဆံရေးမှသည်

နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများတွင် အလေးပေးရမည့် လိုအပ်ချက်တစ်ခုအနေဖြင့် ရေရှည်အကျိုးကို ရှုမြင်ကြရန် လိုသည်ဟူ၍ မျက်မှောက်ခေတ်ကမ္ဘာ၏ တူရူအဖြစ် ဆိုကြသည်။

လက်ငင်းကာလ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း မည်သို့တိုးတက်ထွန်းကား မြင့်မားအောင် လုပ်ကြမည်ဆိုသည် ထက် နောင်အနှစ်ငါးဆယ်၏ ဟိုဘက်ကို မည်သို့တည်တံ့အောင် ထိန်းသိမ်းကြမလဲဆိုသည်က ပိုအရေးကြီးနေပြီဟု နိုင်ငံတကာ ပညာရှင်များက ထောက်ပြနေကြသည်။

ထို့ပြင် လူတစ်ဦးချင်းအနေဖြင့် ဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ အနေဖြင့်ဖြစ်စေ မည်မျှလောက် ချမ်းသာကြွယ်ဝ တိုးတက်မြင့်မားသည် ဆိုဆို မမျှတသည့် ကြွယ်ဝမှုများက ကမ္ဘာကြီး၏ ရေရှည်တည်တံ့မှု လူသားမျိုးနွယ်တို့၏ ရေရှည်ရှင်သန်မှုကို ထိခိုက်ပျက်စီး စေလိမ့်မည်ဟုလည်း ထောက်ပြ၏။

သဘာဝ ပတ်ဝန်းကျင်များနှင့် ရင်းမြစ်သယံဇာတများကို ရေရှည်အမြော်အမြင်ဖြင့် ထုတ်ယူသုံးစွဲခြင်းမျိုးဖြစ်အောင် မလုပ်မဖြစ် လုပ်ကြရတော့မည်။

နိုင်ငံတကာမှာဖြစ်စေ၊ ပြည်တွင်းမှာဖြစ်စေ လူမျိုးစုံတို့အကြား ဆင်းရဲချမ်းသာကွာဟမှုကို ချုံ့ပစ်ကြရမည်။ ချမ်းသာကြွယ်ဝသူ တို့က အလွန်အမင်းစည်းစိမ်ခံ သုံးစွဲနေချိန်မှာ ဆင်းရဲမွဲတေသူတို့က ငတ်မွတ်ခေါင်းပါးမှုကြောင့် သေကျေပျက်စီး နေရမှုများကို လျော့ပါးပျောက်ကွယ်အောင် မဖြစ်မနေကြိုးစားကြရတော့မည်။

နိုင်ငံချင်း ဆက်ဆံရေးတွင် တစ်ဦးနှင့်တစ်ဦး အကျိုးလိုလားသည့် သဘောထားအခြေခံဖြင့် စီးပွားရေး၊ လူမှုရေး အပြန်အလှန် ကူညီဖေးမမှု၊ အလုပ်တူပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ပိုမိုအလေးထား ဆောင်ရွက်ကြရန် လိုအပ်နေပြီ။

ကမ္ဘာကြီးက တဖြည်းဖြည်းချင်း မနိုင်ဝန် ထမ်းလာနေရပြီ ဖြစ်သည့်အတွက် နိုင်ငံတကာပြည်သူတို့အကြား လုံလောက်မျှတ သည့် သုံးစွဲမှုမျိုးကို ထိန်းကွပ်ရခြင်းမျိုးလည်းရှိရန် လိုအပ်လာနေပြီ။

ဤသည်မှာ ချမ်းသာကြွယ်ဝမှု၊ ဆင်းရဲမွဲတေမှုတို့နှင့်လည်းကောင်း၊ အင်အားကြီးမားခြင်း၊ ချို့ငဲ့သေးငယ်ခြင်းတို့နှင့် လည်းကောင်း မသက်ဆိုင်။ လူသားချင်း စာနာထောက်ထားမှုကို အခြေခံသည့် မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရား တို့ကို အရင်းခံသည့် ချစ်ကြည်ဆက်ဆံရေးက တစ်နေ့တခြား ပိုမိုလိုအပ်လာနေပြီဟု ဖော်ပြနေခြင်းဖြစ်သည်။

နိုင်ငံချင်း ကူးလူးဆက်ဆံမှုများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ၊ လူမှုရေးကူညီထောက်ကူမှုများဖြင့် အပြန်အလှန်အကျိုး ကျေးဇူးများရေးကို ဦးတည်ကြိုးစားကြခြင်းက တန်းတူညီမျှမှုကို နီးကပ်စေမည်။ တန်းတူညီမျှမှု နည်းပါးသည်နှင့်အမျှ အကြမ်းဖက်မှုများ၊ စစ်ပွဲများကို ပိုမိုတိုးပွားလာစေမည်ဟု နားလည်ကြဖို့လိုသည်။

ကမ္ဘာကြီး၏ လားရာနှင့် တူရူက တဖြည်းဖြည်းချင်း ပြောင်းလဲလာနေပြီဖြစ်သည်။ မပြောင်းလဲ၍လည်း မရနိုင်တော့ဟု အမြော်အမြင်ကြီးသူတို့က နားလည်လာနေကြပြီ။

နိုင်ငံတစ်ခုအတွင်းရှိ လူမျိုးစုများ၊ ပြည်နယ်များ၏ တန်းတူညီမျှမှုက မဖြစ်မနေလိုအပ်လာသကဲ့သို့ ကမ္ဘာ့နိုင်ငံများ အကြားတွင် လည်း နိုင်ငံကြီး၊ နိုင်ငံငယ် ခွဲခြားမှုများထက် နိုင်ငံတကာချစ်ကြည်ရေးမူကို ကိုင်စွဲကာ ဆင်းရဲချမ်းသာ ကွာဟမှုကို လျော့ပါးအောင် အားထုတ်ကြိုးစားရင်း လူသားတို့၏တန်းတူညီမှုကို လုပ်ဆောင်ကြရမည့် ခေတ်ဆီသို့ ဦးတည်လာနေပြီ ဖြစ်ပါသတည်း။    ။

မြန်မာ့အလင်း