နိုင်ငံတကာခြေစမ်းပွဲများအတွက် မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်း

၁၃ မေ

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် နိုင်ငံတကာခြေစမ်းပွဲများယှဉ်ပြိုင်ရန် ပဏာမ ကစားသမား ၂၅ ဦးစာရင်းကို မေ ၁၃ ရက်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။ 

 

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် မတ်လက အာရှ ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းထားခြင်းဖြစ်ပြီး မေ ၂၁ ရက်တွင် လေ့ကျင့်မှုစတင်ပြုလုပ် မည်ဖြစ်သည်။

 

မြန်မာ ယူ-၂၂ အသင်းသည် ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအတွက် အဓိကဖွဲ့စည်းခြင်းဖြစ်ပြီး ယခုလကုန်တွင် တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့်ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားမည်ဖြစ်သည်။ 

 

ယခုဖွဲ့စည်းလိုက်သည့် မြန်မာ ယူ-၂၂ အသင်းသည် အကြိမ် (၃၀) မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ပြီး ခြေစမ်းပွဲပြီးပါကလည်း လိဂ်ပြိုင်ပွဲကာလတွင် လေ့ကျင့်မှုအချို့ ပြုလုပ်မည်ဖြစ်သည်။ 

 

မြန်မာ ယူ-၂၂ အသင်းတွင် အာရှခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ဝင်းမိုးကျော်၊ ရဲမင်းသူ၊ လွင်မိုးအောင်၊ စိုးလွင်လွင်၊ ဝင်းနိုင်ထွန်း၊ ဟိန်းထက်အောင်စသည့် ကစားသမားများ ပြန်လည်ပါဝင်လာပြီး နန်းထိုက်ဇော်၊ စအောင်ပြည့်ကို တို့လည်း ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

 

မြန်မာ ယူ-၂၂ အသင်းတွင် ဂိုးသမား-ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ စိုးအာကာ (မကွေး)၊ နောက်တန်း-ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ ရဲရင့်အောင် (ရတနာပုံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်းယူနိုက်တက်)၊ သူရိန်စိုး( ရန်ကုန်)၊ ဇင်ရဲနောင် (အား/ကာ သိပ္ပံ)၊ အလယ်တန်း-လွင်မိုးအောင်၊ နန်းထိုက်ဇော် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ ကောင်းထက်စိုး (ရန်ကုန်)၊ စိုးလွင်လွင်၊ နေမိုးနိုင်၊ ဇင်မင်းထွန်း (မကွေး)၊ ရှေ့တန်း-ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်) နှင့် အောင်ကောင်းမာန် (ဧရာဝတီ) တို့ပါဝင်ကြသည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်