နိုင်ငံတကာလုပ်သားများရွှေ့ပြောင်းခြင်းစီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ (၅) နှစ်တာ လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလတစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့်သုံးသပ်ခြင်းဆိုင်ရာအစည်းအဝေးကျင်းပ

နေပြည်တော်၊   ၁၈   ဒီဇင်ဘာ 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IOM)တို့ ပူးပေါင်း၍ နိုင်ငံတကာလုပ်သား များ ရွှေ့ပြောင်းခြင်း စီမံခန့်ခွဲမှုဆိုင်ရာ အမျိုးသားအဆင့် ဒုတိယ(၅)နှစ်တာလုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂) ၏ ကာလ တစ်ဝက်အပေါ် အကောင်အထည်ဖော်နိုင်ရေးနှင့် လေ့လာစောင့်ကြည့် သုံးသပ်ခြင်းဆိုင်ရာ အစည်းအဝေးကို ဒီဇင်ဘာ   ၁၈  ရက်  နံနက် ၉ နာရီခွဲတွင် Virtual Format ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ယနေ့အစည်းအဝေးကို အမျိုးသားအဆင့် ဒုတိယ (၅)နှစ် စီမံချက်၏ ကာလတစ်ဝက်တာတွင် ဦးစားပေးဆောင်ရွက်ခဲ့သည့်လုပ်ငန်းများမှ အောင်မြင်မှုများနှင့် သင်ခန်းစာများကို ပြန်လည်သုံးသပ်လေ့လာရန်၊ ၂၀၂၁ ခုနှစ်အတွက် ဦးစားပေး အစီအစဉ်များ ဖော်ထုတ်သတ်မှတ်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း၊ အမျိုးသား အဆင့် ဒုတိယ(၅)နှစ်တာ လုပ်ငန်းစီမံချက်ကို ဆက်စပ်ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်း များနှင့် ပူးပေါင်း၍ လုပ်ငန်းစီမံချက်ရေးဆွဲရေးဆိုင်ရာ အစည်းအဝေးများ အကြိမ်ကြိမ်ကျင်းပကာ ညှိနှိုင်းရေးဆွဲခဲ့ပြီး စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်အရ ရွှေ့ပြောင်း သွားလာမှု အများဆုံးရှိသည့် ဒေသများတွင် ILO၊ IOM တို့နှင့် ပူးပေါင်း၍ ရွှေ့ပြောင်းလုပ်သားများ ထောက်ပံ့ကူညီရေးဗဟိုဌာန (MRC) ၁၉ ခုထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး လုပ်သားစုဆောင်း ပို့ဆောင်ပေး သည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီများအတွက် ဂုဏ်သိက္ခာရှိသည့် နိုင်ငံတကာ လုပ်သား စုဆောင်းသည့်စနစ် ကျင့်သုံးရေးဆိုင်ရာဆွေးနွေးပွဲကို  ၇ ကြိမ် ပြုလုပ်ခဲ့ရာ အေဂျင်စီ ၂၀၇ ခုမှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ကြောင်း။

ဆက်လက်၍ အနာဂတ်အလုပ်အကိုင်နှင့်ပတ်သက်၍ တိုးတက်လာသည့် နည်းပညာများနှင့်အညီ အလုပ် သမားများ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရန်၊ ကိုဗစ်-၁၉ အလွန်တွင် ပြည်ပသို့ သွားရောက် လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများ လုံခြုံ စိတ်ချစွာ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်နိုင်ရန်နှင့် ပြန်လာသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ ဘဝနေထိုင်မှု ဖွံ့ဖြိုးတိုးတက်ရေးအစီအမံများ ဆောင်ရွက်နိုင်ရန်စသည့် လုပ်ငန်း အစီအစဉ်များ ထည့်သွင်းဆောင်ရွက်ရန် လိုအပ်လာကြောင်း၊ ယနေ့အချိန်တွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာ သည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် စီးပွားရေး၊ လူမှုဘဝ၊ ကျန်းမာရေး၊ ပညာရေး၊ ဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းစုံအပေါ် ထိခိုက်သက်ရောက်မှုများအပါအဝင် စိန်ခေါ်မှုများစွာ ရင်ဆိုင်ကြုံတွေ့နေရ၍ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးလာကြောင်း။

ရွှေ့ပြောင်းအလုပ်သမားများကို လက်ခံနိုင်ငံများက ပြန်လည်ပို့ဆောင်ခြင်းနှင့် စေလွှတ်နိုင်ငံများက လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပြန်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများကို ဒေသဖွံ့ဖြိုး တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကိုပါ ရေရှည်တုံ့ပြန်မှုများ ချမှတ်ဆောင်ရွက်ထားရန် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း၊ လူသားအားလုံး၏ နေထိုင်မှုပုံစံပြောင်းလဲမှုအနေဖြင့် မိမိတို့အားလုံး သည် Technology Platform ဖြင့် ဆက်သွယ်ဆောင်ရွက်နေရသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ကာကွယ်စောင့်ရှောက်ရာတွင် နည်းပညာကိုအသုံးပြု၍  လိုအပ်သည့်ဝန်ဆောင်မှုများ လက်လှမ်းမီ ရရှိစေရေး Digital Platform ထားရှိဆောင်ရွက်ရေးသည် ထင်ရှားလာကြောင်း၊ ယခုလို Digitalization ဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်တည်း သာမဟုတ်ဘဲ လူမှုအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်း အသိုက်အဝန်းနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကလည်း ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ Chief of Mission က အမှာစကားပြောကြားပြီး အစည်းအဝေးအစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အမျိုးသား ၅ နှစ်တာလုပ်ငန်းစီမံချက်၏ နောက်ခံအကြောင်းအရာ၊ ရည်ရွယ်ချက်များနှင့် မျှော်မှန်းရလဒ်များကို ရှင်းလင်းဆွေးနွေးခြင်း၊  IOM စီမံကိန်းမန်နေဂျာက လုပ်ငန်းစီမံချက်ကို Global Compact for Migration မျှော်မှန်းချက်များနှင့် ချိတ်ဆက်ခြင်းတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မိတ်ဖက်အဖွဲ့အစည်း များက လုပ်ငန်းစီမံချက် (၂၀၁၈-၂၀၂၂)၏ ကာလ တစ်ဝက်တာအတွင်း ဆောင်ရွက်မှုများနှင့် အောင်မြင်မှု များအပေါ် ပြန်လည်သုံးသပ်တင်ပြခြင်း နှင့် စီမံချက်အရ ၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်ရမည့် အဓိကဦးစားပေးဆောင်ရွက်ရမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခြင်း၊ လိုအပ်သည်များ အကြံပြု တင်ပြခြင်းတို့ ဆောင်ရွက်ပြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နည်းပညာအထောက်အကူပြု အဖွဲ့ဝင်များ၊ IOM မှ Chief of Mission နှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ 

သတင်းစဉ်