နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆို လွှတ်တော်တွင်အတည်ပြု

နေပြည်တော် ၂၅ ဇန်နဝါရီ

 

“နိုင်ငံ့ဝန်ထမ်းများအတွင်း သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီပြီး ထူးချွန်စွာ တာဝန်ထမ်းဆောင်သူများမှ သင့်လျော်သော ဝန်ထမ်းအရေအတွက်ကို ဘွဲ့တံဆိပ်၊ အဆောင်အယောင်များ၊ အပန်းဖြေ လေ့လာရေးခရီးများ၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များနှင့် အခြားသော ဂုဏ်ပြုချီးမြှင့်၊ အသိအမှတ်ပြုမှုများ ပြုလုပ်ပေးခြင်းဖြင့် နိုင်ငံ့ဝန်ထမ်းတို့၏ စိတ်ဓာတ်နှင့် လုပ်ငန်းစွမ်းဆောင်ရည်တို့ကို မြှင့်တင်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို ယနေ့ကျင်းပတဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် အတည်ပြုခဲ့ပါတယ်။

 

အဆိုကို ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးမှ ပါဝင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

 

ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်း တင်သွင်းသည့် အဆိုအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး အဆိုကို အတည်ပြုပေးပါရန် လွှတ်တော်မှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

 

မျိုးထက်ဦး(MDN)