နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) အရာထမ်းလောင်းအခြေခံသင်တန်း၊  ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း  အမှတ်စဉ် (၉)  သင်တန်းဖွင့် 

 

ရန်ကုန်၊ စက်တင်ဘာ ၁၂   

ယခုသင်တန်းကို ပြည်ထောင်စုရာထူးဝန်အဖွဲ့က ခေါ်ယူခဲ့သည့် ပြန်တမ်းဝင်အရာရှိဝင်ခွင့် ရာထူးစာမေးပွဲများကို ဖြေဆိုအောင်မြင်ခဲ့ကြသော ဌာနတွင်း၊ ဌာနပြင်ပမှ နိုင်ငံ့တာဝန်ကို စတင် ထမ်းဆောင်ကြမည့် အရာထမ်းလောင်းများအား စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးနိုင်ရေး၊ အရည်အသွေးပြည့်မီသော ဝန်ထမ်းကောင်းများ ဖြစ်လာစေရေး၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ ရည်မှန်းချက်များကို အထောက်အကူဖြစ်စေရေး၊ နိုင်ငံတော်အတွက် ယုံကြည်စိတ်ချ အားထားရသော အရာရှိကောင်းများ ဖြစ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုရာထူး ဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် က ပြောကြားသည်။ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်သည့် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း  အမှတ်စဉ် (၉) ၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်)၊ ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ အရာထမ်းလောင်းများသည် သင်တန်းတက်ရောက်အောင်မြင်ပြီးမှသာ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတွင် ပြန်တမ်းဝင်အရာရှိများအဖြစ် အရည်အချင်း ပြည့်ဝစွာဖြင့် တာဝန်ထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်ပေးရာတွင် သမိုင်းကြောင်း အတွေ့အကြုံပေါ်မူတည်ပြီး ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ့ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအတွက် ခေတ်စနစ်နှင့်အညီ အမြဲတမ်းပြုပြင်ပြောင်းလဲပြီး နိုင်ငံ့ဝန်ထမ်းများကို လေ့ကျင့်သင်ကြား ပေးလျက်ရှိကြောင်း။ 

ပြန်တမ်းဝင်အရာရှိအဖြစ် စတင်တာဝန်ထမ်းဆောင်ကြရမည့် သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် မိမိတို့ကိုယ်စီ တတ်မြောက်ပြီးသော အတတ်ပညာ၊ အသိပညာများအပြင် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနှင့် ရုံးလုပ်ငန်းများကို တတ်သိနားလည်ရန်လိုအပ်ကြောင်း၊ သင်တန်းဆင်း အရည်အချင်း အဆင့်များသည် မိမိတို့ဝန်ထမ်းဘဝအတွက် အရေးကြီးသည့် အထောက်အပံ့များ ဖြစ်သောကြောင့်  သင်တန်းကာလအတွင်း၌ မှန်ကန်သည့်ယှဉ်ပြိုင်မှုနှင့် ရလဒ်အဆင့်ကောင်းကောင်းဖြင့် အောင်မြင်ပြီးမြောက်စေရန် စည်းကမ်းနှင့်အညီ လိုက်နာကျင့်ကြံ ကြိုးစားကြရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက တိုက်တွန်းမှာကြားသည်။ 

အရာထမ်းလောင်းအခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း  အမှတ်စဉ် (၉) သို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ  ရွေးချယ်ထားရှိသော အရာထမ်းလောင်း၊ ကျား (၃၆) ဦး၊ မ (၁၈၉) ဦး၊ စုစုပေါင်း (၂၂၅) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၂ ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ ရက်သတ္တ (၁၆) ပတ်ကြာ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တက္ကသိုလ်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် နဝရတ်ခန်းမ၌ တွေ့ဆုံနှုတ်ဆက်အမှာ စကားပြောကြားသည်။

ထို့နောက် တက္ကသိုလ်တွင်း သင်တန်းပို့ချမှုများ၊ သင်တန်းအလိုက် လေ့ကျင့်မှုများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် သင်တန်းအဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူ အရာထမ်းများကို စီမံခန့်ခွဲရေးနှင့် သင်ကြားရေးဆိုင်ရာများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်