နမ့်ခမ်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲနှင့် စာမေးပွဲ ပိတ်သိမ်းပွဲအခမ်းအနား ကျင်းပ

နမ့်ခမ်း  ၁၀ ဇန်နဝါရီ 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့ မြို့လယ်ဘုရားကြီးကျောင်း၌ ယမန်နေ့နံနက် (၉) နာရီအချိန်တွင် နမ့်ခမ်းမြို့နယ်လုံးဆိုင်ရာ (၂၁) ကြိမ်မြောက် ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲနှင့်  ထူးချွန်စွာ ဖြေဆိုအောင်မြင်သည့် သာမဏေနှင့် ကျောင်းသားများအား ထူးချွန်ဆု ချီးမြှင့်ခြင်းနှင့် စာပြန်ပွဲပိတ်သိမ်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။

 

နမ့်ခမ်းမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာပြန်ပွဲနှင့် စာမေးပွဲ ပိတ်သိမ်းပွဲအခမ်းအနားသို့  နမ့်ခမ်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော် အဂ္ဂမဟာ သဒ္ဓမဇောတိက ဒေါက်တာ ဘဒ္ဒန္တဝိနယာစာရ၊ စာပြန်ပွဲနှင့် စာမေးပွဲကျင်းပရေး ကော်မတီအတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တမုနိန္ဒ၊ နမ့်ခမ်းမြို့နယ် ဩဝါဒါစရိယ ဆရာတော် ဘန္ဒန္တဥတ္တမသာရ၊ အမှတ်(၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှ စစ်ဆင်ရေးကွပ်ကဲမှူး ဗိုလ်မှူးကြီး သိန်းထိုက်ဦး၊ နမ့်ခမ်းမြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့နယ်သာသနာ့ နုဂ္ဂဟအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းဘမြိုင်နှင့် အဖွဲဝင် များ၊ စာပြန်ပွဲ စာမေးပွဲ ဖြေဆိုသည့် သာမဏေနှင့် ကျောင်းသူ/ကျောင်းသားများ၊ အလှူရှင်များနှင့် နမ့်ခမ်းမြို့မှ သာသနာ့ဝေယာဝစ္စအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

 

အဆိုပါ အခမ်းအနားတွင် နမ့်ခမ်းမြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်မှ ဗုဒ္ဒသာသနာတော် ထွန်းကားပြန့်ပွားရေး ဩဝါဒတရားတော်များ မိန့်ကြားတော်မူပြီး နမ့်ခမ်းမြို့နယ် သာသနာ့နုဂ္ဂဟ အဖွဲ့ဥက္ကဋ္ဌမှ စာပြန်ပွဲနှင့် သာသနာရေးဆိုင်ရာကို လျှောက်တင်ခဲ့သည်။ ထို့နောက်တွင် မြို့နယ် သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်မှ စာပြန်ပွဲတွင် ထူးချွန်စွာ စာပြန်အောင်မြင်သည့် သာမဏေများ တို့အား ထူးချွန်ဆုများ ချီးမြှင့်ပေးတော်မူပြီး စာပြန်ပွဲနှင့် စာမေးပွဲကို ဖြေဆိုအောင်မြင်သော သာမဏေနှင့် ကျောင်းသူ/ကျောင်းသားများအား ဖြေဆိုအောင်မြင်ကြောင်း လက်မှတ်များ ပေးအပ်ခဲ့သည်။ ဆက်လက်၍ နမ့်ခမ်းမြို့နယ် ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တဥတ္တမသာရမှ ပြုလုပ်သည့်အလှူများအပေါ် အနုမောဒနာ တရားတော်များ မိန့်ကြားခဲ့ပြီး အခမ်းအနားကို နမောသဿ သုံးကြိမ်ရွတ်၍ နံနက်(၁၁) နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

 

နမ့်ခမ်းမြို့တွင် ကျင်းပခဲ့သည့် စာပြန်ပွဲနှင့် စာမေးပွဲတွင် သာမဏေ (၁၃၄) ပါးနှင့် နမ့်ခမ်းမြို့ ဇေယျသုခ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကျောင်းသူ/ကျောင်းသား (၅၇) ဦး ပါဝင်ဖြေ သိရှိရသည်။

 

ဆိုင်ထွန်း(နမ့်ခမ်း)