နမ့်ခင်းအုပ်စု၊ ခရေဦးရွာ၌ လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ စက်ယန္တရားအစိတ်အပိုင်းများအား ခိုးယူလာသည့် အမျိုးသား လေးဦးကို ဖမ်းဆီးရမိ

မိုင်းပါလျှိူး   ၃၀   ဇူလိုင် 
    

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ခရေဦးကျေးရွာ၌ ဘက်ဟိုး၊ လုပ်တာနှင့် အီတန် စက်ယန္တရားအစိတ်အပိုင်းများအား လုပ်ငန်းခွင်၊ စီမံကိန်းတစ်ခုခုမှ ခိုးယူလာဖွယ်ရှိသည့် အမျိုးသား လေးဦးကို ဇူလိုင် ၃၀ ရက်နံနက်ပိုင်းက အမှုဖွင့်အရေးယူခဲ့သည်။
    

ဇူလိုင် ၂၉ ရက်ည ၁၁ နာရီခွဲအချိန်ခန့်တွင် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်မြင့်စိုးအောင် ဦးစီး ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် ခရေဦးကျေးရွာ၊ ရွာအဝင်လမ်းထိပ်တွင် လူတစ်စုအား စစ်ဆေးခဲ့ရာ အိုက်ကော(၂၅ နှစ်)၊ မောင်လတ် (၅၂ နှစ်)၊ ဖိုးသား(ခ) အောင်နိုင်ဦး (၂၆ နှစ်)၊ ခရေဦးကျေးရွာ၊ နမ့်ခင်းကျေးရွာအုပ်စုနေသူ သုံးဦးနှင့် ရဲဇော်အောင် (၂၉ နှစ်)၊ အေးသာယာရပ်ကွက်၊ တောင်ကြီးမြို့နေသူ တစ်ဦးတို့အား ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ လေးဦးထံမှ လုပ်တာ (စတပ်မော်တာ၊ ပလန်ချာပန့်အကြီး)၊ ဘတ်ဟိုး(ဝိုက်ဘာမော်တာ၊ အဲယားကွန်း ရေတိုင်ကီ၊ ကွန်ထရိုးလက်၊ ဒီဇယ်ဖစ်တာဗူး၊ ပလန်ချာပန့်အကြီး၊ ဂါဗနာမော်တာ၊ ကော်ပလင်၊ ဟိုက်ဒရောလစ် ဖစ်တာ၊ ဟိုက်ဒရောလစ် ကွန်ထရိုးပန့်၊ ဟိုက်ဒရောလစ် ပန့်အကြီး၊ စတပ်မော်တာ၊ ရေလည်အုံပန့်၊ ဆီရိုက်ပန့်၊ ဒိုင်နမို၊ ကွန်ထရိလာဘုတ်၊ ဂါဗနာမောတာ)၊ အီတန် (စတပ်မော်တာ၊ နှစ်လုံးထိုး ပလန်ချာပန့်၊ ဒူးဆစ်ဂျိုင်း၊ ဘီးအရှေ့ထိုင် ဘယ်/ညာ၊ ရှေ့ကရောင်း)စသည့်  ၃၂ မျိုး စက်အစိတ်အပိုင်းတို့အား တွေ့ရှိသဖြင့် မေးမြန်းရာ ၎င်းတို့ပိုင်ဆိုင်ကြောင်း ခိုင်လုံသော အထောက်အထားများ ပြောဆိုနိုင်ခြင်းမရှိ၍ လုပ်ငန်းခွင်၊ စီမံကိန်း တစ်ခုခုမှ ခိုးယူလာဖွယ်ရာ ဖြစ်နိုင်သဖြင့် သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
    

အမှုမှ ဘက်ဟိုး၊ လုပ်တာနှင့် အီတန် စက်အစိတ်အပိုင်းများ လက်ဝယ်တွေ့ရှိသူ အိုက်ကော(၂၅ နှစ်)၊ မောင်လတ် (၅၂ နှစ်)၊ ဖိုးသား(ခ) အောင်နိုင်ဦး (၂၆ နှစ်)၊ နှင့် ရဲဇော်အောင် (၂၉ နှစ်)တို့ လေးဦးအား မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ  အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။


မြင့်မိုရ်(တာချီလိတ်)