နည်းပညာကျွမ်းကျင်မှု ဖွံ့ ဖြိုးဖို့ စာတတ်မြောက်ရေး ဆောင်ရွက်စို့

၄  စက်တင်ဘာ

 

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ရုပ်ဝတ္ထုအရင်းအမြစ်၊ ဓနငွေကြေး အရင်းအမြစ်နှင့် လူသားအရင်းအမြစ်တို့သည် အရေးပါပြီး ယင်းတို့အနက် လူသားအရင်းအမြစ်က ပဓာနအကျဆုံးဖြစ်သည်ဟု သုတေသီတို့က ဆိုကြသည်။ သို့ဖြစ်သည့်အလျောက် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစွမ်းရှိသမျှ ရင်းနှီးမြှုပ်နှံကာ တန်ဖိုးမြင့်လာသည့် လူသားအရင်းအမြစ်ကို အထိရောက်ဆုံး အကျိုးရှိစွာ အသုံးချခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဖန်တီးဖော်ထုတ်လာကြသည်။ နိုင်ငံတစ်ခု၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုသည်မှာ ယင်းနိုင်ငံရှိ ပြည်သူ (လူဦးရေ) အရေအတွက်ကို အရည်အချင်းသို့ ပြောင်းလဲခြင်း (တစ်နည်းအားဖြင့်) ပြည်သူတို့၏ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို မြှင့်တင်ခြင်း၊ ကာယဉာဏနှင့်ဝီရိယ စွမ်းအားအပါအဝင် စိတ်ဓာတ်ရေးရာ မြင့်မားအောင် ဆောင်ရွက်ခြင်းစသည်တို့လည်း ပါဝင်သည်။
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် လူတိုင်းစာတတ်မြောက်ရေးသည် အခြေခံအကျဆုံး လိုအပ်ချက်တစ်ရပ်ပင်ဖြစ်သည်။ စာရေး၊ စာဖတ်တတ်မြောက်ပြီးမှသာ နောက်ထပ်လိုအပ်သော နည်းပညာနှင့် အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှုများကို ဆက်လက်သင်ကြားသင်ယူမှု ပြုနိုင်မည်ဖြစ်သည်။ စာရေးစာဖတ် တတ်မြောက်ထားသည့်တိုင်အောင် နည်းပညာနှင့် ကျွမ်းကျင်မှုတို့ ကင်းမဲ့နေဦးမည်ဆိုပါက တန်ဖိုးမြင့်သည့် လူသား အရင်းအမြစ်များ ဖြစ်လာနိုင်ဦးမည် မဟုတ်သေးဘဲ နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် စွမ်းဆောင်ရည်ကင်းမဲ့ နေမည်သာဖြစ်သည့်အလျောက် လူတိုင်းစာတတ်မြောက်ရန်နှင့် နည်းပညာကျွမ်းကျင်စေရန်တို့ကို ဒင်္ဂါးပြား၏ ခေါင်းနှင့်ပန်းသဖွယ် ပေါင်းစပ်ပြည့်စုံနေရန် လိုအပ်မည်ဖြစ်သည်။

 

ယခုနှစ် လာမည့်စက်တင်ဘာလ ၈ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ (International Literacy Day) ၏ ဆောင်ပုဒ်ကို “Literacy and Skills Development” နည်းပညာကျွမ်းကျင်မှု ဖွံ့ဖြိုးဖို့ စာတတ်မြောက်ရေးဆောင်ရွက်စို့ဟူ၍ ယူနက်စကိုက ချမှတ်ပေးထားရာ စာတတ်မြောက်၍ အတတ်ပညာ နည်းပညာ ကျွမ်းကျင်သော လှူစွမ်းအားအရင်းအမြစ်တို့ဖြင့် လူ့ဘောင်အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်သွားနိုင်ရန် ရည်ရွယ်ရင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် သက်ကြီးလူဦးရေ ၇၇၄ သန်းသည် အနိမ့်ဆုံး စာတတ်မြောက်သည့် စွမ်းရည် မရှိသေးကြောင်း၊ ယင်းမှာ သက်ကြီးငါးဦးတွင် တစ်ဦးသည် စာတတ်မြောက်မှုမရှိသည့် အခြေအနေဖြစ်ကြောင်း ယူနက်စကိုက ထုတ်ပြန်ထားသည်။ မိမိတို့နိုင်ငံတွင်လည်း ကိုလိုနီလက်အောက် မကျရောက်မီက နိုင်ငံလူဦးရေ၏ ၈၅ ရာခိုင်နှုန်းမှာ စာတတ်မြောက်ခဲ့ကြသည်။ ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ်ကြောင့် နိုင်ငံတွင် စာတတ်မြောက်မှုနှုန်း မြင့်မားခဲ့ပြီး အစဉ်အလာ ကိုယ်ကျင့်တရား၊ လူ့အဖွဲ့အစည်း၏ ကျင့်ဝတ်သိက္ခာနှင့် လူမှုတန်ဖိုးတို့ကို မြှင့်တင်ထားနိုင်ခဲ့ကြသည်။ နယ်ချဲ့လက်အောက်ကျရောက်ခဲ့ပြီးနောက် ဘုန်းတော်ကြီးကျောင်း ပညာရေးစနစ် နိမ့်ကျမှုနှင့်အတူ နိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာလည်း ၃၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ရသည်။ နိုင်ငံလွတ်လပ်ရေး ရရှိပြီးနောက်မှသာ ခေတ်အဆက်ဆက် အစိုးရ အဆက်ဆက်တို့က စာမတတ်သူပပျောက်ရေးကို အမျိုးသားရေး အသွင်ဖြင့် ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

 

မျက်မှောက်ကာလ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော လှူစွမ်းအားအရင်းအမြစ် မြှင့်တင်ရေးတွင် အသက်မွေးဝမ်းကျောင်း ပညာသည်လည်း အဓိကကျသည်ကို သိမြင်နားလည်လာကြပြီဖြစ်သည်။ ယင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တက္ကသိုလ်များနှင့်တန်းတူ အဆင့်မြင့်ပညာ ရေးစနစ်မှာ အသက်မွေးဝမ်းကျောင်းပညာကျောင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။ အသက်မွေးဝမ်းကျောင်း ပညာကျောင်းတွေဟာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ လိုအပ်တယ်၊ အင်မတန်တန်ဖိုးရှိ ပါတယ်။ ကမ္ဘာမှာ ဖွံ့ဖြိုးတိုးတက်ဆုံးနိုင်ငံအချို့ဟာ အသက်မွေးဝမ်းကျောင်းပညာကို အင်မတန်အလေးထားပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ အားသာချက်က ဒီတစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အသက်မွေးဝမ်းကျောင်း ပညာဘက်ကို ကျွန်မတို့ ပြည်သူ ပြည်သားများ၊ ကျောင်းသူ ကျောင်းသား တွေတင်မက ကျောင်းသူ ကျောင်းသားမိဘတွေဟာ အဲဒီဘက်ကိုလှည့် လာပြီး အသက်မွေးဝမ်းကျောင်း ပညာရဲ့တန်ဖိုးကို သိလာတာဟာ ကျွန်မတို့နိုင်ငံအတွက် အင်အားကြီးတစ်ခုပါပဲ။ ဒီအပေါ်မှာ ကျွန်မတို့ ဆောက်တည်ဖို့ လိုပါတယ်” ဟု မကြာမီက ကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

စာတတ်မြောက်ရေးနှင့်အတူ ကျွမ်းကျင်မှုဆိုင်ရာများ သင်ကြားပေးခြင်း၊ မြှင့်တင်ပေးခြင်းတို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံနေခြင်းပင် ဖြစ်သည်။ အလုပ်လုပ်နိုင်သော အရွယ်ရောက်နိုင်ငံသူ နိုင်ငံသားတိုင်း နည်းပညာ၊ အတတ်ပညာများ တတ်မြောက်ကျွမ်းကျင်သည်နှင့်အမျှ နိုင်ငံ၏ လူသားအရင်းအမြစ်မှာ တန်ဖိုးမြင့်မားလာမည် ဖြစ်သည်။ တန်ဖိုးမြင့်မားသည့် လူသားအရင်းအမြစ်က သာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို စွမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း