နည်းပညာကုမ္ပဏီကြီးတွေက သတင်းစာလုပ်ငန်းတွေကို ကယ်တင်ပေးသင့်သလား

articles_advs

ကိုကို (စက်မှုတက္ကသိုလ်)

 

သတင်းစာလုပ်ငန်းတွေကျဆင်းနေချိန်မှာ နည်းပညာကုမ္ပဏီကြီးတွေဟာ လက်ညှိုးထိုးစရာပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အီကောနောမစ်စာစောင်မှာ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်က စဉ်းစားစရာတွေ ပါနေပါတယ်။ ဆောင်းပါးရှင်ရဲ့ အမြင်အပေါ် သဘောတူခြင်း မတူခြင်းထက် ချဉ်းကပ်မှုအသစ်တစ်ခုကို လေ့လာသုံးသပ်နိုင်အောင် ဘာသာပြန်ဆိုခြင်းဖြစ်ပါတယ်။ (ဘာသာပြန်ဆိုသူ)

 

၁၇ ရာစုစောစောပိုင်းတုန်းက လန်ဒန်မှာ သတင်းယူဖို့ အကောင်းဆုံးနေရာတစ်ခုက စိန့်ပေါလ်ဘုရားရှိခိုးကျောင်းကြီးပဲ ဖြစ်ပါတယ်။ အဲဒီနေရာက နိုင်ငံရေးနဲ့ ပတ်သက်ပြီး အတင်းတွေစုံတဲ့ နေရာပါ။ ဒီလိုနေရာမျိုးကို အတင်းစုံရပ်ကွက်တစ်ခုလို့ သတ်မှတ်တာကတော့ ဖြစ်ရိုးဖြစ်စဉ်ကိစ္စ မဟုတ်ပါဘူး။ အဲဒီနေရာက အချို့သော သတင်းပေးတွေက စီးပွားရေးသမားတွေပါ။ သိပ်မကြာခင်ကပဲ သူတို့ဟာ သတင်းလက်ကမ်းစာစောင်တွေကို စတင်ရေးသားပြီး ပုံမှန်မှာယူသူတွေထံ ဈေးကောင်းကောင်းနဲ့ ရောင်းချခဲ့ကြပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်း ၄၀၀ လောက်ကြာသွားပြီးတဲ့နောက် အဲဒီမူလလက်ငုတ်လက်ရင်း သတင်းစာလုပ်ငန်း စီးပွားရေးပုံစံဟာ တစ်ကျော့ပြန် ရောက်လာပါတော့တယ်။

           

ဘာကြောင့် ဒီလောက်အချိန်အကြာကြီးနေပြီးမှ မူလပုံစံဟောင်းကြီး ပေါ်ထွန်းလာရတာလဲ။

 

သတင်းစာတွေကို ရောင်းခဲ့

 

ရာစုနှစ်နှစ်စုနီးပါးလောက် သတင်းစာဆိုတာ လူထုဈေးကွက်ကြီးထဲမှာ မြောက်မြောက်မြားမြား၊ ဂုဏ်ဝါထည်ထည်နဲ့ မြတ်မြတ်စွန်းစွန်း ရပ်တည်ခရီးနှင်ခဲ့တာဖြစ်ပါတယ်။ အခုတော့အဲဒါက အဆုံးသတ်နိဂုံးကို ရောက်နေပါပြီ။ သူတို့ဟာ လပေးဖတ်ရှုခနှုန်းထားတွေအပေါ် မှီခိုနေခဲ့ရတာတွေကို စွန့်လွှတ်ခဲ့ပြီး အဲဒီအစား ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် လျော့နည်းတဲ့ရောင်းဈေးနှုန်းနဲ့ သတင်းစာတွေကို ရောင်းခဲ့ကြတယ်။ ဖတ်သူများလေလေ ကြော်ငြာရှင်ကို ဆွဲဆောင်ရလွယ်လေလေ နည်းလမ်းပေါ့။

 

“ပိုက်ဆံကို ခင်ဗျားမပေးဘူးဆိုရင် ခင်ဗျားဟာ ထုတ်ကုန်တစ်ခုပဲ” ဆိုတဲ့ ဆောင်ပုဒ်ဟာ ဒီကနေ့မှာ နည်းပညာ ပလက်ဖောင်း အသုံးပြုသူတွေအပေါ် သက်ရောက်နေပြီ ဖြစ်ပါတယ်။ ပုံနှိပ်သတင်းစာ ရွှေခေတ် က သတင်းစာဖတ်သူတွေလို ဖြစ်သွားရတာပေါ့။

 

ကြော်ငြာအားကိုးရတဲ့ ပုံနှိပ်မီဒီယာစီးပွားရေးပုံစံက ပြီးသွားပါပြီ။ အခုဆိုအဲဒီပုံစံက သွေးရူးသွေးတန်း ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့နှစ်၂၀ ကာလအတွင်းမှာ အမေရိကန် သတင်းစာတွေရဲ့ ဝင်ငွေဟာ ၈၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်။ စီးပွားပျက်ကာလတုန်းက အနေအထား ရောက်သွားတာဖြစ်တယ်။ စောင်ရေတွေက တစ်ဝက်ကျသွားတယ်။ ပုံနှိပ်မှာ ဆုံးရှုံးသွားတဲ့ အမြတ်ငွေတွေကို ဒစ်ဂျစ်တယ်ကြော်ငြာတွေရဲ့ ဝင်ငွေက ပြန်ထေမပေးနိုင် ဖြစ်နေတယ်။

 

ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်တို့လို ပလက်ဖောင်းတွေက မီဒီယာရှုခင်းအသစ်ရဲ့ အရှိန်အဝါရှိသူတွေ ဖြစ်လာခဲ့ကြတယ်။ ဥပမာတစ်ခုပြရရင် ဗြိတိန်နိုင်ငံမှာ ရှာဖွေကြော်ငြာ ဝင်ငွေတွေ စုစုပေါင်းရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ဂူးဂဲလ်ဆီ ရောက်နေတယ်။ အလားတူပဲ ခင်းကျင်းကြော်ငြာဝင်ငွေတွေရဲ့ တစ်ဝက်ကိုလည်း ဖေ့စ်ဘွတ်က သဲ့ယူနေတယ်လို့ ထိန်းကျောင်းအဖွဲ့အစည်းဖြစ်တဲ့ ယှဉ်ပြိုင်မှုနဲ့ ဈေးကွက်အာဏာပိုင် (စီအမ်အေ) က ပြောပါတယ်။ အွန်လိုင်းပလက်ဖောင်းတွေဆီ ကြော်ငြာတွေ လှိမ့်ဝင်နေခြင်းဟာ ယုံကြည်အားထားရတဲ့ သတင်းမီဒီယာတွေကို ဦးကျိုးသွားစေတယ်လို့ စီအမ်အေ က ဆက်ပြောပါတယ်။

 

အခုလိုအရှိန်ဩဇာအရွေ့ဟာ နိုင်ငံ တော်တော်များများက သတင်းစာတွေအတွက် နည်းပညာလုပ်ငန်း ကြီးတွေနဲ့ ရင်ဆိုင်ရာမှာ အကူအညီရနိုင်အောင် နိုင်ငံရေးသမားတွေဆီ ခေါင်းငံ့တိုးလျှိုးဝင်လာစေဖို့ ဖြစ်လာရတယ်။ တစ်စိတ်တစ်ပိုင်းအားဖြင့် သူတို့ဟာ သဘောသဘာဝအရ အသံကျယ်လောင်တဲ့အတွက် စာနာမှုကို ရယူနိုင်ခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်လောက် ထိုက်ထိုက်တန်တန် ရသလဲဆိုတာကတော့ နောက်ကိစ္စတစ်ခု ဖြစ်ပါတယ်။

 

ကမ္ဘာကြီးမှာ စီးပွားရေးတွေက ပြန့်ကျဲနေတာပါ။ စာအုပ်တွေ၊ တေးဂီတတွေကနေ ခရီးသွားလုပ်ငန်းနဲ့ အငှားယာဉ်လုပ်ငန်းတွေအထိပေါ့။ အဲဒီလုပ်ငန်းတွေဟာ ဒစ်ဂျစ်တယ် တော်လှန်ရေးကြောင့် ကယ်သူမဲ့ တကွဲတပြားစီ ဖြစ်ကုန်ကြရတယ်။ ဘာဖြစ်လို့ သတင်းစာတွေကျမှ သူတို့နဲ့ကွဲပြားခြားနားရတာလဲ။

 

အကြောင်းတစ်ခုကတော့ တိုးတက်ကြီးပွားနေတဲ့ သတင်းလုပ်ငန်းက လူထုအခြေပြုသတင်းစာပညာကို အထောက်အပံ့ပေးလို့ပဲ ဖြစ်တယ်။ အဲဒီလူထုအခြေပြု သတင်းစာပညာဟာ တစ်ခါတစ်ရံမှာ ဆုံးရှုံးမှုရှိပေမယ့် ဒီမိုကရေစီကို ထောက်ကူမှုပြုပေးတယ်။

 

အစီအစဉ်ကို ထောက်ခံမှုပေးခဲ့

 

ဒီအချက်က အကျိုးအကြောင်း ညီညွတ်ဆီလျော်ပါတယ်။ နည်းပညာဘီလူးကြီးတွေကို ထိန်းသိမ်းကြပ်မတ် ပေးစေလိုတဲ့ ဆန္ဒတွေလိုမျိုး အခြားသော လှုံ့ဆော်မှုတွေနဲ့လည်း ရောထွေးနေဆဲဖြစ်နေတယ်။ ရလဒ်အနေနဲ့ ပြီးခဲ့တဲ့လတွေမှာ အစိုးရက ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်တို့အပေါ် နည်းနည်းကျပ်ပေးတာ၊ စွက်ဖက်တာလေးတွေ လုပ်လာကြတယ်။ ဩစတြေးလျနဲ့ ပြင်သစ်တို့မှာရှိတဲ့ လက်ဝါးကြီးအုပ် ကာကွယ်ရေးတာဝန်ရှိသူတွေက ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်တို့က သတင်းတွေယူသုံးရင် ပိုက်ဆံပေးဖို့ တွန်းအားပေးလာကြတယ်။ အမေရိကန်မှာ ကွန်ဂရက်ကော်မတီတစ်ခုက သတင်းစာတွေ အတူတကွ အွန်လိုင်းပလက်ဖောင်းတွေနဲ့ စေ့စပ်ဆွေးနွေးဖို့ သတင်းစာတွေကယ်တင်ရေး အစီအစဉ်ကို ထောက်ခံမှုပေးခဲ့ပါတယ်။

 

အခုလိုညာသံပေးလာတာကို သတိချပ်မိပြီး ဂူးဂဲလ်က ပေးကမ်းချက်တစ်ခုလုပ်ခဲ့ပါတယ်။ သူတို့ပလက်ဖောင်းမှာသုံးမယ့် သတင်းတွေအတွက် သုံးနှစ်စာ အမေရိကန် ဒေါ်လာ တစ်ဘီလီယံပေးမယ်လို့ ဂူးဂဲလ်က ဒီလအတွင်း ကတိကဝတ်ပြုခဲ့ပါတယ်။ ဂူးဂဲလ်က သတင်းအတွက် ပိုက်ဆံပေးမယ်ဆိုတာဟာ အစဉ်အလာတစ်ခုအနေနဲ့ ဖြစ်လာပြီး ဒါဟာမသိမသာ လမ်းဖွင့်လိုက်တာလို့ အချို့သော ထုတ်ဝေသူတွေက မြင်နေကြပါတယ်။ ။

 

နည်းပညာဘီလူးကြီးတွေကို တိုက်နေတဲ့စစ်ပွဲကို ဦးဆောင်နေတဲ့ ရူးပတ်မားဒေါ့ ကိုင်တွယ်ထိန်းကျောင်းထားတဲ့ မီဒီယာအကောင်ကြီး “နယူးကော့ပ်” ကတောင် ဒီလိုကမ်းလှမ်းမှုကို ကြိုဆိုလိုက်ပါတယ်။ သတင်းဆောင်းပါး အချို့ကိုဖော်ပြတဲ့အတွက် “နယူးကော့ပ်”ကို လိုင်စင်ကြေး ပေးဖို့ ဖေ့စ်ဘွတ်က ပြီးခဲ့တဲ့နှစ်မှာ သဘောတူခဲ့ပါတယ်။

 

နည်းပညာလုပ်ငန်းကြီးတွေက အခုလို ရက်ရက်ရောရော ပေးကမ်းတဲ့အတွက် ကျေးဇူးတင်နေရတာကိုက သတင်းစာတွေဟာ ဘယ်လိုရငွေမျိုးမဆို အသည်းအသန် ဖြစ်နေတာကို ပြဆိုနေပါတယ်။ ဂူးဂဲလ်ရဲ့ မိခင်ကုမ္ပဏီကြီး ဖြစ်တဲ့ အယ်လ်ဖာဘက်က ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၁၆၂ ဘီလီယံ ဝင်ငွေရခဲ့ပါတယ်။ အဲဒါကြောင့် သူတို့ပေးတဲ့ တစ်ဘီလီယံဆိုတာ မဖြစ်စလောက်ပါ။ အဲဒီလောက်နဲ့တော့ ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၄၀ ဘီလီယံဝင်ငွေရှိခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ သတင်းစာ လုပ်ငန်းတွေကို ပြောင်းလဲသွားစေမှာ မဟုတ်ပါဘူး။ ။

 

ဘာဖြစ်လို့လဲဆိုတော့ ကြော်ငြာအထောက်အပံ့ စီးပွားရေးပုံစံဟာ ဒီရာစုနှစ်ထဲ အင်တာနက်က ကမ္ဘာကြီးကို ဝါးမျိုမပစ်ခင်ကတည်းက ယိုင်နဲ့နဲ့ဖြစ်နေခဲ့ရတာပါ။ နည်းပညာသတင်းလွှာရေးတဲ့ ဘင်နီဒစ်အီဗန်ရဲ့ အချက်အလက်တွေအရ အမေရိကန်သတင်းစာတွေဟာ သူတို့ရဲ့ ကြော်ငြာတွေကို ရုပ်မြင်သံကြားတွေဆီ မျှပေးလိုက်ရတာ ဝက်ဘ်တွေမပေါ်ခင် ၁၉၅၀ ပြည့်နှစ်များ ကတည်းက ဖြစ်ပါတယ်တဲ့။ လူဦးရေနဲ့ယှဉ်ရင် သတင်းစာစောင်ရေတွေက ကျဆင်းလာတယ်။ အမြတ်ငွေတွေဟာ ပိုပြီး လူကြိုက်များတဲ့ ထုတ်ကုန်တွေကို မှီခိုရတာမျိုးမဟုတ်ဘဲ စီးပွားရေးနဲ့ လူမှုပထဝီ တိုးတက်မှုတွေကို မှီခိုနေခဲ့ရတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။

 

နည်းပညာဘီလူးကြီးတွေက သတင်းစာတွေဆီက အမြတ်တွေကို လုယူသွားတယ်လို့ ပြောဆိုနေကြတာ တွေဟာ တကယ်တော့မဖြစ်နိုင်ပါဘူး။ တကယ်ကျရှုံးမှု အစစ်အမှန်က သတင်းစာတွေဟာ ဂူးဂဲလ်နဲ့ ဖေ့စ်ဘွတ်တွေဆီကို ဖြန့်ချိနေမှုအပေါ် ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့တာပဲ ဖြစ်ပါတယ်။ သတင်းအကြောင်းအရာ အသုံးပြုမှုအပေါ်ကနေ ပိုက်ဆံရှာဖို့ ခက်ခဲခဲ့လို့ ဖြစ်ပါတယ်။ ဒါဟာ အချို့သော video streamingနဲ့ တေးဂီတလုပ်ငန်းတွေက ရှောင်ရှားနိုင်ခဲ့ကြတဲ့ အမှားတစ်ခု ဖြစ်ပါတယ်။

 

လုပ်ငန်းငယ်အသစ်လေးတွေ

 

အဲဒါအပြင် အချို့သော နည်းပညာကုမ္ပဏီကြီးတွေက ရနေတဲ့ ကြော်ငြာပိုက်ဆံတွေဟာ သတင်းစာကြော်ငြာတွေကို ကျူးကျော်ရယူတာမျိုးထက် အထူးသဖြင့် လုပ်ငန်းငယ်အသစ်လေးတွေကို ဆောင်ကြဉ်းပေးလာရာကနေ ရရှိလာတာတွေ ဖြစ်နေပါတယ်။

 

အဲဒါကြောင့် အတိတ်က ရွှေထီးဆောင်းခဲ့တာတွေကို ပြန်စဉ်းစားပြီး သောကတွေဖြစ်နေမယ့်အစား ဒစ်ဂျစ်တယ်တိုက်ခိုက်မှုတွေနဲ့ အချို့သတင်းစာတွေ အပေါက်အလမ်း တည့်အောင် ဘယ်လိုနေကြတယ် ဆိုတာကိုကြည့်ရှုလေ့လာသင့်ပါတယ်။ ဥပမာပြရမယ်ဆိုရင် နယူးယောက်တိုင်းမ်ရဲ့ ဝင်ငွေဟာ ကြော်ငြာဝင်ငွေတွေရခဲ့တဲ့ ရွှေခေတ်နဲ့ ယှဉ်ရင် အတော်နည်းတာပါ။ ဒီနှစ်မှာ နယူးယောက်တိုင်းမ်ကို စာရင်းပေး ဖတ်ရှုသူတွေဟာ ၆ ဒသမ ၅ သန်း ကျော်လွန်သွားခဲ့ပါပြီ။ ဒီအတိုင်းအတာဟာ နည်းပညာဘီလူးကြီးတွေကို ရှောင်ကွင်းဖို့အတွက် လုံလောက်တဲ့ ထိုးနှက်မှုတစ်ခု ဖြစ်နေပါတယ်။ ။

 

တက်ဗလွိုက် သတင်းစာတွေအတွက်ကတော့ စာဖတ်သူတွေကနေ စာရင်းပေး၊ အခပေး ဖတ်ရှုတဲ့ပုံစံကို ပြောင်းလဲပစ်ဖို့ ခက်ခဲနိုင်ပါတယ်။ အထူးသဖြင့် like ကလစ်တွေ အများကြီးရှိထားတဲ့ သတင်းစာတွေပေါ့။

 

ဒါပေမဲ့ အချို့ ဒစ်ဂျစ်တယ်ထုတ်ဝေသူတွေကတော့ သတင်းတန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို အာရုံစိုက်လာကြပါတယ်။ အက်ဆီသို့ (Axios) သတင်းဌာန လိုဆိုရင် သူတို့က ငွေကြေးထောက်ပံ့မှုရတဲ့ သတင်းလွှာတွေ (sponsored newsletter) ကို ထုတ်လုပ်လာပြီး အလုပ်ဖြစ်နေပါတယ်။ အက်ဆီယို့က အခက်ပွေနေတဲ့ ပြည်တွင်းသတင်းစာ ဈေးကွက်ထဲကို ဝင်ဖို့တောင် စီစဉ်နေပြီ ဖြစ်ပါတယ်။

 

အဲဒီလိုဆိုရင် ပြည်သူ့အကျိုးစီးပွားသတင်းစာ ပညာတွေအတွက် ဘယ်သူကပိုက်ဆံပေးမှာလဲ ဆိုတဲ့ မေးခွန်းကတော့ မေးစရာကျန်ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒါဟာဂူးဂဲလ်နှင့် ဖေ့စ်ဘွတ်ဖြစ်သင့်တယ်လို့ အချို့က ထင်ကြတယ်။

 

ဒါပေမဲ့ “ဒါဟာ လွတ်လပ်တဲ့စာနယ်ဇင်းရဲ့ အခြေခံသဘောတရားတွေကို လျော့ပါးသေးသိမ်အောင် လုပ်တာ”လို့ အကြံပေးကုမ္ပဏီတစ်ခုဖြစ်တဲ့ အင်ဒါးသုတေသနက အဲလ်စ်ပစ်သောက ပြောပါတယ်။

 

လက်ဝါးကြီးအုပ်ကာကွယ်ရေးအဖွဲ့

 

နည်းပညာကုမ္ပဏီကြီးတွေရဲ့ အရှိန်အာဏာကို ဟန့်တဲ့အလုပ်က လက်ဝါးကြီးအုပ် ကာကွယ်ရေးအဖွဲ့တွေရဲ့ အလုပ်ဖြစ်တယ်။ သတင်းလုပ်ငန်းကြီးတွေကို ငွေကြေးနှင့် ကယ်ဆယ်တဲ့ အလုပ်နဲ့ သွားပေါင်းစပ်လိုက်လို့ မဖြစ်နိုင်ပါဘူး။

 

သတင်းစာတွေအသက်ဆက်ဖို့ဆိုရင် စည်းမျဉ်းတွေအပေါ်မမှီခိုသင့်ဘဲ စီးပွားရေးလုပ်ငန်းပုံစံအပေါ်သာ မှီခိုသင့်ပါတယ်။

 

စိန့်ပေါလ်ကျောင်းတော်ကြီးက အတင်းအဖျင်း ကုန်သည်တွေလိုပါပဲ။ ဖတ်သူတွေ ပျော်ပျော်ကြီးပေးချင်ပြီး ဈေးနှုန်းသင့်တင့်တဲ့ ထုတ်ကုန်ပဲလိုအပ်မှာ ဖြစ်ပါတယ်။

 

(အောက်တိုဘာလ ၁၇ ရက်နေ့ထုတ် The Economist စာစောင်ပါ Should big tech save newspapers? ကို ဆီလျော်အောင် မြန်မာဘာသာသို့ ပြန်ဆိုပါတယ်။)