နည်းပညာတိုးတက်လာမှုနှင့် လူငယ်များ၏မျက်လုံးကျန်းမာရေး

၃ ဇူလိုင် 

လုပ်ငန်းခွင်များတွင် မျက်မှန်တပ်ထားသော ဝန်ထမ်းလူငယ်များကို ပိုမိုတွေ့မြင်လာရသည်။ တချို့သော လူငယ်များသည် အသက် ၃၀ ပင်မကျော်သေးပေ။ မျက်မှန်အထူကြီးများတပ်ထားကြသည်။ တချို့ လူငယ်များကမူ စတိုင်လုပ်၍ ပါဝါမျက်မှန်များ တပ်ထားကြသည်။ အထူးသဖြင့် အခြေခံပညာကျောင်းသား ကျောင်းသူ လူငယ်များသည်ပင်လျှင် မျက်မှန်အထူကြီးများ တပ်ထားကြသည်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူအတော်များများတွင်လည်း မျက်မှန်များတပ်ထားကြသည်။ မည်သည့်အတွက်ကြောင့် မျက်မှန်တပ်သည့်လူငယ်များ များပြားလာသည်ကို သုတေသနပြုသင့်သည်။ အကြောင်းအရင်းများစွာ ရှိမည်ထင်ပါသည်။ သေချာသည့် အချက်ကတော့လူငယ်များသည် နည်းပညာကို အလွန်အကျွံအသုံးပြု လာသောကြောင့်ပင် ဖြစ်သည်။ 

နည်းပညာသားကောင်များ 

၂၁ ရာစုလူငယ်အတော်များများသည် ကွန်ပျူတာ၊တက်ပလက်၊ အိုင်ပက်၊ တယ်လီဖုန်းစသည့် နည်းပညာ ပစ္စည်းမျိုးစုံနှင့် အလုပ်ရှုပ်နေလေ့ရှိကြသည်။ လူငယ်အများစုသည် တယ်လီဖုန်းများဖြင့် ဂိမ်းကစားလေ့ရှိကြသည်။ ဂိမ်းကစားခြင်းသည် တစ်နေ့တာပင်ပန်းနွမ်းနယ်မှုများ၊ စိတ်ဖိစီးမှုများကို ပြေပျောက်စေနိုင်ပါသည်။သို့သော် အလွန်အကျွံမဖြစ်ဖို့တော့လိုပါသည်။ အထူး သဖြင့်မိမိရွေးချယ်သည့်ကစားနည်းနှင့် ရည်ရွယ်ချက်ကို သိဖို့လိုပါသည်။ တချို့သောဂိမ်းများသည် အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုများကိုသာ အားပေးစေပါသည်။ ကမ္ဘာတစ်ဝန်းတွင်နေ့စဉ် ဂိမ်းအမျိုးမျိုးထွက်ပေါ်လျက်ရှိသည်။ တချို့သော လူငယ်များသည် အသစ်ထွက်သမျှဂိမ်းခွေများကို ဝယ်ယူကစားလေ့ရှိကြသည်။ ဂိမ်းကစားခြင်းသည် ဦးနှောက်ကြည်လင်ပြီး ဉာဏ်ရည်ထက်မြက်စေသည်ဟု ဆိုသော်လည်း လွှမ်းခြုံကြည့်မည်ဆိုလျှင် ဆိုးကျိုးကိုသာပိုမိုဖြစ်စေပါသည်။ နည်းပညာသားကောင် မဖြစ်အောင်ဆင်ဆင်ခြင်ခြင် သုံးစွဲသင့်ပေသည်။ 

ဂိမ်းကိုစွဲစွဲလမ်းလမ်းဖြင့် အချိန်ကြာမြင့်စွာ ကစားနေသူတစ်ဦးသည် ကောင်းကျိုးထက် ဘေးထွက်ဆိုးကျိုး များစွာကိုသာ ရင်ဆိုင်ရလေ့ရှိသည်။ သာဓကအနေဖြင့်တန်ဖိုးရှိသော အချိန်များဆုံးရှုံးရခြင်း၊ စွဲလမ်းမှုဖြစ်နေခြင်း၊ စိတ်ဓာတ်ကျလွယ်ခြင်း၊ အလွယ်တကူဒေါသဖြစ်ခြင်း၊ လူမှုဆက်ဆံရေးခေါင်းပါးလာခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဆီးချုပ် ဝမ်းချုပ်ဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲနာကျင်ခြင်း၊ အညောင်းမိခြင်း၊ ခေါင်းကိုက်ခြင်းတို့ကိုဖြစ်စေနိုင်သည်။ အစာအာဟာရမမှီဝဲဘဲမအိပ်မနေ ဂိမ်းကစားနေမည် ဆိုလျှင် အသက်အန္တရာယ်ကိုပင်စိုးရိမ်ရပေသည်။ ထို့အပြင်ဂိမ်းစွဲလမ်းနေပြီဆိုလျှင် အောက်ဖော်ပြပါဆိုးကျိုးများ ကိုလည်းဖြစ်စေနိုင်သည်- 

(၁) ဂိမ်းကစားနေသူတစ်ဦးသည် တက်ကြွမှုမရှိဘဲပျင်းရိလာမည်ဖြစ်သည်။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်နိုင်ခြင်းနှင့် အချိန်မှန်စားသောက်နိုင်ခြင်းမရှိတော့ဘဲ အမြင်အာရုံဝေဝါးလာခြင်း၊ ခေါင်း ကိုက်ခြင်းတို့ ခံစားလာရပြီးနောက် စားမဝင်၊ အိပ်မပျော်ဖြစ်လာမည်ဖြစ်သည်။ 

(၂) ဂိမ်းကစားနေသူတစ်ဦးသည် စိတ်ခံစားမှုဆိုင်ရာ ဘေးထွက်ဆိုးကျိုးကိုလည်း ခံစားလာရသည်။ ဂိမ်းအပေါ်သာ အာရုံစူးစိုက်နေရသဖြင့်ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပြတ်တောက်လာမည်ဖြစ်သည်။ ထိုသို့ဖြစ်လာခြင်းကြောင့် နေ့စဉ်လှုပ်ရှားမှုများနှင့် ဝါသနာတို့အပေါ် အာရုံစူးစိုက်မှုလျော့နည်းလာမည်ဖြစ်သည်။ ထို့အပြင် တစ်ဦးတည်း ဂိမ်းကစားနေသဖြင့် မိသားစုများ၊ သူငယ်ချင်းများနှင့်လည်း ဆက်ဆံရေးပြတ်တောက်သွားမည်ဖြစ်သည်။ 

(၃) ကာလရှည်ကြာ ဂိမ်းကစားနေသူတစ်ဦးသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေသော ဆက်ဆံရေးမျိုးမရှိတော့ပေ။ အထူးသဖြင့် ဂိမ်းကစားနည်းများသည် အကြမ်းဖက်မှုပုံစံများဖြစ် နေသောကြောင့် ဂိမ်းကစားသူများအား အကြမ်းဖက်ပြီးရန်လိုသည့်စိတ်မျိုးပိုမိုဖြစ်ပေါ်စေပါသည်။ 

(၄) သုတေသနပြုချက်များအရ စဉ်ဆက်မပြတ်ဂိမ်းကစားခြင်းသည် ဦးနှောက်ဖွံ့ဖြိုးမှုကို ရပ်တန့်စေ သည်ဟုဆိုသည်။ 

အန္တရာယ်ဖြစ်စေနိုင်

တန်ဆေး၊ လွန်ဘေးဆိုသည့်အတိုင်း မည်သည့်အရာကိုမဆို အလွန်အကျွံပြုလုပ်နေမည်ဆိုလျှင် ဆိုးကျိုးကိုသာဖြစ်စေနိုင်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကာလရှည်ကြာဂိမ်းကစားခြင်းသည် တစ်နည်းနည်းဖြင့် ဆိုးကျိုးဖြစ်ပေါ်စေမည်ဖြစ်သည်။ အထူးသဖြင့် မျက်မှောက်ခေတ်ဂိမ်းကစားနည်းများသည် ကလေးများ၏ စိတ်ဓာတ်ကိုဖျက်ဆီးလျက်ရှိသည်။ ဂိမ်းအများစုသည် လက်နက်ပေါင်းစုံပါဝင်နေပြီး ပစ်မှတ်ကို သတ်ဖြတ်ခိုင်းနေခြင်းပင်ဖြစ်သည်။ ထိုဂိမ်းများကိုစွဲလမ်းနေသည့် ကလေးများသည်အရွယ်ရောက်လာသည့်အခါ ရန်လိုတိုက်ခိုက်လိုသည့်လုပ်ရပ်များကို လက်တွေ့ကျကျ ဆောင်ရွက်လာတတ်သည်။ ထို့အပြင် လိင်အကြမ်းဖက်သည့်လုပ်ရပ်များကိုလည်း ကျူးလွန်တတ်ပေသည်။ 

အလွန်အကျွံမဖြစ်သင့်

မြန်မာနိုင်ငံတွင် လူငယ်အများစုသည် ဖေ့စ်ဘွတ်ခ်ကိုစွဲစွဲလမ်းလမ်းဖြစ်နေကြပြီဖြစ်သည်။ တချို့သော လူငယ် များသည် အလုပ်ပျက်၊ အကိုင်ပျက်ဖေ့စ်ဘွတ်ခ်သုံးကြသည်။ ကျောင်းသားလူငယ်များသည် မိဘများ မသိအောင် ဖေ့စ်ဘွတ်ခ်သုံးကြသည်။ ကျောင်းစာလုပ်ရန်ပျက်ကွက်လာကြသည်။ ညအမှောင်ထဲ၌ပင်လျှင် တယ်လီဖုန်းဖြင့် ဂိမ်းကစားလာကြသည်။ အချိန်ကြာမြင့်စွာ ဂိမ်းကစားခြင်းသည် မျက်လုံးကိုထိခိုက်စေနိုင်ပါသည်။ ဖုန်းဖန်သားပြင်ကို ကြာရှည်စွာကြည့်လျှင်အလင်းပြန်မှုကြောင့် မျက်လုံးကိုက်လာမည်ဖြစ်သည်။ ဖေ့စ်ဘွတ်ခ်ကြည့်မည်ဆိုလျှင်လည်း မိနစ် ၂၀ ထက် မကျော်သင့်ပေ။ အချိန်ကြာမြင့်စွာ ဖုန်းပွတ်နေမည်ဆိုလျှင် အနည်းနှင့်အများဆိုသလို မျက်လုံးကို ထိခိုက်စေနိုင်ပါသည်။ ကြာလာလျှင် အမြင်မှုန်ဝါးလာမည်ဖြစ်သည်။ ထိုအချိန်မျိုးတွင် မျက်မှန်တပ်မှသာမြင်နိုင်တော့မည်ဖြစ်သည်။ လူတစ်ဦးအတွက်မျက်လုံးသည် များစွာအရေးပါလျက်ရှိသည်။ 

မျက်လုံးကျန်းမာရေး

ကျန်းမာရေးကောင်းမွန်သောသူတစ်ဦးသည်ပင်လျှင် ယေဘုယျအားဖြင့် အသက် ၄၀ ကျော်လျှင် အမြင်အာရုံအားနည်းလာလျက်ရှိသည်။ စာများများဖတ်ကြရသူများသည် အသက်အရွယ်ရလာသည့်အခါ ဇက်ကြောများ ထိုးလာမည်ဖြစ်သည်။ မျက်မှန်တောင်းနေခြင်းပင်ဖြစ်သည်။ စာလုံးများဝါးလာပြီဆိုလျှင် ဆရာဝန်နှင့်စမ်းသပ်ပြီး လိုအပ်ပါက မျက်မှန်တပ်သင့်ပါသည်။ တချို့သောလူငယ်များသည် စာဖတ်၍ ရနေသော်လည်းစတိုင်လုပ်၍ ပါဝါမျက်မှန်များတပ်ကြသည်။ အထူးသဖြင့် အမျိုးသမီးအရာထမ်းများသည် မျက်မှန်တပ်လျှင် ပိုမိုဆွဲဆောင်မှုရှိမည်ဟုထင်နေကြသည်။ လွဲမှားသော အယူအဆပင်ဖြစ်သည်။ မျက်မှန်သည် တစ်ခါတပ်ပြီးလျှင် မတပ်ဘဲနေ၍မရတော့ချေ။ 

စင်စစ်အားဖြင့် မျက်မှန်တပ်ရသည့်ဒုက္ခသည် ကြီးမားလှပါသည်။ မျက်မှန်လုပ်ရသဖြင့်ငွေကြေး ကုန်ကျမှုရှိ သည်။ မျက်မှန်ကိုနေ့စဉ်သန့်ရှင်းရေးလုပ်ရသည်။ မျကှန်ကိုင်းမကျိုးအောင်နှင့် မှန်မကွဲအောင် အထူးဂရုစိုက်ရသည်။ အနီးမှုန်သမားများသည် မျက်မှန်ချွတ်၍သွားလာလုပ်ကိုင်နိုင်သော်လည်း အဝေးမှုန်သမားများသည် မျက်မှန်ကိုအမြဲတမ်းတပ်ထားကြရသည်။ တချို့သောသူ များသည် မျက်မှန်မရှိလျှင် ဘာမျှ မလုပ်နိုင်တော့ပေ။ စာကြည့်မျက်မှန်ကိုလည်း အမြဲတမ်းတပ်မထားသင့်ပေ။ စာမဖတ်သည့်အချိန်တွင် မျက်မှန်ကို ဖြုတ်ထားသင့်သည်။ 

စင်စစ်အားဖြင့် မျက်မှန်တပ်၍ အချိန်ကြာမြင့်စွာ

စာဖတ်လျှင် ခေါင်းကိုက်လာမည်ဖြစ်သည်။ မိနစ် ၄၀ ခန့် စာဖတ်ပြီးနောက် မျက်မှန်ချွတ်ကာ စိမ်းလန်းစိုပြည်သော အရာများကိုကြည့်သင့်ပါသည်။ မြက်ခင်းစိမ်းစိမ်းနှင့် သစ်ပင်သစ်တောများကို ခဏတဖြုတ်ကြည့်မည်ဆိုလျှင်မျက်စိအတွက်များစွာ အားဖြစ်စေပါသည်။ စာကြည့်မျက်မှန်တပ်သူများသည် မျက်မှန်ပါဝါကို ပုံမှန်စစ်ဆေးသင့်ပါသည်။ ပါဝါမကိုက်သော မျက်မှန်ဖြင့် စာဖတ်နေမည်ဆိုလျှင် ပါဝါပို၍တက်လာတတ်ပေသည်။ 

မျက်လုံးကျန်းမာရေးကောင်းမွန်ရေး အထူးသဖြင့် အမြင်အာရုံကြည်လင်စေရန် အစားအသောက်နှင့် အနေအထိုင်ကိုဆင်ခြင်ရန်လိုအပ်သည်။ နေ့စဉ် မျက်နှာသစ်ရာတွင်ရေများများဖြင့်သစ်ခြင်း၊ မျက်လုံး အမြင်စွမ်းအားကောင်းစေသည့်အာဟာရဖြစ်စေသော အစားအသောက်များကိုစားသုံးခြင်း၊ တီဗွီကြည့်ချိန်၊ ဖုန်းပွတ်ချိန်လျှော့ချခြင်း၊ စိမ်းလန်းစိုပြည်သော ရှုခင်းများကိုကြည့်၍ မျက်လုံးကို အနားပေးခြင်း၊ လုံလောက်သော အလင်းရောင်အောက်တွင်သာ စာဖတ်ခြင်း၊ မျက်လုံးအတွင်း ဖုန်မှုန့်နှင့် အင်းဆက်ပိုးမွှားများမဝင်အောင်ဂရုစိုက်ခြင်း၊ ဝင်လျှင်လည်း စနစ်တကျဖယ်ရှားခြင်း၊ မသန့်ရှင်းသောလက်များနှင့်မျက်လုံးကို ပွတ်သပ်ခြင်းမျိုး မလုပ်ဘဲ သန့်ရှင်းသော လက်ကိုင်ပဝါ၊ တစ်ရှူးစတို့ဖြင့်သာ သန့်ရှင်းရေးလုပ်ခြင်း၊ မျက်လုံးများကိုက်လာလျှင်၊ နီလာမည်ဆိုလျှင် မျက်စိဆရာဝန်ဖြင့်ပြသခြင်းစသည့်မျက်လုံးကျန်းမာရေးကို အထောက်အကူပြုသည့် အပြုအမူများဖြင့် မျက်လုံးကျန်းမာရေးကို အထူးဂရုစိုက်သွားရန် အကြံပြုအပ်ပါသည်။ 

မောင်သောင်းဝင်း (တမန်ဟောင်း)