နံပါတ်တစ်နေရာက ဆင်းခဲ့ရပြီဖြစ်တဲ့ Black Panther ဇာတ်ကား

လူမည်းဇာတ်ကောင်တစ်ဦးကို လူစွမ်းကောင်းအဖြစ် အဓိက ဇာတ်ဆောင်နေရာမှာ ထားရှိပုံဖော်ထားတဲ့ မာဘယ်လ် ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ရုပ်ရှင် ''Black Panther'' ဟာ ပြီးခဲ့တဲ့လအတွင်းက စတင်ရုံတင်ခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ စတင်ရုံတင်ခဲ့သည်မှ သီတင်းပတ် ငါးပတ်တိုင် မြောက်အမေရိကရဲ့ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်ဆယ်ကားစာရင်းကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ နံပါတ်တစ်နေရာကနေ ဖယ်ပေးခဲ့ရတာဖြစ်ကြောင်း အေ့စ်ရှိုးဘစ်ဇ်ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာမှ စတင်ရုံတင်လာခဲ့တဲ့ ရုပ်ရှင် ''Pacific Rim Uprising''က ဝင်ငွေအကောင်း ဆုံးသောရုပ်ရှင်အဖြစ် တစ်လခန့် ရပ်တည်နေခဲ့တဲ့ မာဘယ်လ်ရဲ့ရုပ်ရှင် ''Black Panther''ကို သီတင်းပတ် ခြောက်ပတ်မြောက်မှာ ထိပ်ဆုံးကနေ ဖြုတ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူနီဗာဆယ် ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တဲ့ ရုပ်ရှင်ဖြစ်တဲ့ ''Pacific Rim Uprising'' ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာ စတင်ရုံတင်ခဲ့တာဖြစ်ပြီး အဖွင့်သီတင်းပတ်မှာတော့ တစ်ပတ်အတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈ သန်းခန့် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

''Pacific Rim Uprising'' ဟာ အဖွင့်သီတင်းပတ်မှာ ဝင်ငွေအကောင်းဆုံးသော ရုပ်ရှင်အဖြစ် ရပ်တည်နိုင်ခဲ့ပေမယ့် ဝင်ငွေအရ အလွန်ကိုအောင်မြင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။ ''Pacific Rim''ဇာတ်လမ်းတွဲတွေအနက် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇူလိုင်လအတွင်း ရုံတင်ခဲ့တဲ့ ရုပ်ရှင်ကတော့ အဖွင့်သီတင်းပတ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၃ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီလိုမြောက်အမေရိကမှာ ဝင်ငွေမကောင်းခဲ့ပေမယ့် ''Pacific Rim Uprising'' ဟာ ကမ္ဘာတစ်ဝန်းမှာ ရုံတင်ခဲ့ရာမှာတော့ ဝင်ငွေကောင်းခဲ့ပါတယ်။ တရုတ်ဈေးကွက်မှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၅ သန်း ရရှိခဲ့ပြီး တောင်ကိုရီးယားမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကြည့်ရှုသူအများဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။

 

အေးပြည့်