ညောင်ရွှေမြို့နယ်၌ အိမ်ခြံဝင်းတွင် စားပင်သီးပင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးခြင်း (HomeGarden) အစီအစဉ်ဖြင့် ကျေးရွာပြည်သူများထံ မျိုးစေ့များ အခမဲ့ဖြန့်ဝေ

ညောင်ရွှေ ၆ မေ

 

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ အိမ်ခြံဝင်းတွင် စားပင်သီးပင် တစ်ပိုင်တစ်နိုင်ရန်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက မေ ၆ ရက်တွင် ကျေးရွာများ၌ မျိုးစေ့များအခမဲ့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

မိမိနေအိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်နှင့် စားပင်သီးပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန်၊ လူစုလူဝေး​ရှောင်ရှားရမည့် ကာလအတွင်း လူထူထပ်သည့် စျေးများသို့ ဟင်းသီးဟင်းရွက်များ သွားရောက်ဝယ်ယူမှုကို လျှော့ချ‌ရန်၊ သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ဟင်းသီးဟင်းရွက်များ ရရှိနိုင်ရန်အတွက် အိမ်ခြံဝင်းအတွင်း Home Garden အဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ရန် ရည်ရွယ်ချက်ဖြင့် မျိုးစေ့များကို အခမဲ့ဖြန့်ဝေခြင်းဖြစ်‌ကြောင်း စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးပက်ထရစ်ဗြူးက ပြောသည်။

 

ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြောင်းရိုးကြီး၊ တောင်ပို့ကြီး၊ ရွှေရန်ပြေ၊ ကျော့မောင်ငယ်၊ ဖောင်းဖိတ်နှင့် ကြေးကိုင်ကျေးရွာတို့တွင် ငရုတ်၊ ခရမ်း၊ သခွား၊ ဗူးဝိုင်း၊ မုန်ညင်းဖြူ၊ ရုံးပတီ၊ ချဉ်ပေါင်၊ ပဲတောင့်ရှည်၊ ဟင်းနုနွယ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲ၊ ခရမ်းကသော့(ခရမ်းဖြူ) မျိုးစေ့များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

နေမျိုးသူရိန်