ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာတွင် လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ညောင်ဦး ၈ ဇွန်     

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက  လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲရာမှ တစ်ဆင့် ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း စဉ့်ကူနယ်မြေရဲစခန်းမှ သိရသည်။ 

 

ဖြစ်စဉ်မှာ ယနေ့နံနက်အစောပိုင်းက ညောင်ဦးမြို့နယ် ကျောက်ပြင်ကန်ကျေးရွာနေ ဦးဝင်းဇော် ဦးစီးတည်ထောင်ထားသော လမ်းပြကြယ် ဘော်ဒါဆောင် ထန်းရွက်မိုး၊ ထန်းရွက်ကာ၊ ဝါးကြမ်းခင်း မြေစိုက်တဲ အတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးမှ အပူလွန်ကဲမှုဖြစ်ပြီး ဝါယာရှော့ဖြစ်ကာ မြေစိုက်တဲအား မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။ 

 

အဆိုပါ မီးလောင်ကျွမ်းမှုအား ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေရဲစခန်းမှ ခေတ္တစခန်းမှူး ဒုရဲအုပ် လွင်မောင်နှင့် တပ်ဖွဲ့ဝင်များ၊ စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး အောင်ကိုမင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများနှင့် ပူးပေါင်း၍ မီးငြိမ်းသတ်ယာဉ် နှစ်စီးနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သည်။ 

 

မီးလောင်မှုနှင့် ပတ်သက်၍ မီးလောင်စေနိုင်သည့် လျှပ်စစ်ဝါယာကြိုးများအား စစ်ဆေးခြင်းမရှိပဲ ပေါ့ဆစွာ အသုံးပြုသူ ကျောက်ပြင်ကန်ကျေးရွာနေ လမ်းပြကြယ် ဘော်ဒါအုပ် ဦးဇော်ဝင်းအား စဉ့်ကူနယ်မြေမီးသတ်စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။  

 

ရဲဝင်းနိုင် (ညောင်ဦး)

 

CB2.jp